စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပုံတော် နှင့် ဂုဏ်တော်

     
ဂုဏ်တော်ပွားတဲ့နေရာမှာ ပုံတော်ထက် ဂုဏ်တော်က အဓိကလို့ ပြောတတ်ကြပါတယ်။ ကျေးဇူးရှင်ဆရာတော် အရှင်ဇနကာဘိဝံသကတော့ ဘုရားရှင်ရဲ့ ပုံတော်သပ္ပာယ်ပုံဟာ ဘဂ၀ါဂုဏ်တော်မှာပါတဲ့ “သီရိ” ဘုန်းတော်ပါပဲတဲ့။

ရုပ်ပွားတော်တွေကတော့ မြန်မာပြည်သူတွေ အတွက် တစ်ကယ့်ကို အားကိုးအားထားရာပါ။ ဘာဖြစ်လို့ လဲဆိုတော့ ရုပ်ပွားတော်ကို ဦးချလိုက်ရရင်ပဲ စိတ်ထဲက ကျေနပ်မှုတစ်ခုခုကို ရသွားကြတာပါ။ ရုပ်ပွားတော်တွေကလည်း အရွယ်အစားမျိုးစုံပါ။ စပါးစေ့အရွယ်သေးသေးလေးကနေပြီး အတောင် ၅၀ ကျော်အရွယ် ကြီးကြီးမားမားအထိရှိကြပါတယ်။
အဲဒီလို ရုပ်ပွားတော်အသေးအကြီးတွေကို ဖူးတွေ့ ရတဲ့အခါ ဘဂ၀ါဂုဏ်တော်မှာပါတဲ့ အဏိမာဘုန်းတော်နဲ့ မဟိမာ ဘုန်းတော်ကို အာရုံပြုထားရပါမယ်။

အဏိမာဘုန်းတော်ဆိုတာက မြတ်စွာဘုရားရှင်ဟာ အနုမြူမှုန်မျှ အလွန်သေးငယ်အောင် ဖန်ဆင်းပြီး ပရိက္ခရာရှစ်ပါးလွယ် မုံညင်းစေ့အတွင်းမှာ စင်္ကြကြွတော်မူနိုင်ပါတယ်။

မြတ်စွာဘုရားလက်ထက်တော်က ဗကဗြဟ္မာကြီးကို ကိုယ်ရောင်ဖျောက်ပြတဲ့ ဘုန်းတော်မျိုးပါ။
တစ်ကယ်လို့ ရုပ်ပွားတော်သေးသေးလေးတွေကို ဖူးတွေ့ ရတဲ့အခါ မြတ်စွာဘုရားရှင်ရဲ့ အဏိမာဘုန်းတော်ကို အာရုံပြုပြီး “သြော်……မြတ်စွာဘုရားရှင်ဟာ အနုမြူလောက်ဖန်ဆင်းပြီး မုံညင်းစေ့ထဲမှာတောင် စင်္ကြကြွနိုင်တယ်” လို့ ဆင်ခြင်ပြီး ပူဇော်ရပါမယ်။ အဲဒီလိုမှ မဟုတ်ပဲ “ဟယ်….ဘုရားလေးက သေးသေးလေးပဲ” ဆိုပြီး လက်အုပ်ချီရုံလောက်ပဲ မလုပ်ရပါဘူး။ အဏိမာဘုန်းတော်ကို အာရုံပြုပြီး ပူဇော်ရမှာပါ။

မဟိမာဘုန်းတော်ဆိုတာက ကိုယ်တော်ကို ပကတိအနေအထားထက် ကြီးမားအောင်ဖန်ဆင်းနိုင်တာပါ။

မြတ်စွာဘုရားလက်ထက်တော်က ရာဟုလို့ ခေါ်တဲ့အသူရိန်နတ်မင်းကြီးဟာ ခန္ဓာကိုယ်အလွန်ကြီးမားပါသတဲ့။ အသူရိန်နတ်မင်းကြီးက မြတ်စွာဘုရားဂုဏ်သတင်းကို ကြားပြီး သိပ်ဖူးချင်နေပါတယ်။ ဒါပေမယ့် သူက ဘယ်လိုအတွေးရှိသလဲဆိုတော့ “လူသားဖြစ်တဲ့ဘုရားကို ငါသွားဖူးရင် ငါကငုံ့ ပြီး ကြည့်နေရလိမ့်မယ်” လို့ တွေးထင်ထားတဲ့အတွက် မသွားဖြစ်ပါဘူး။
မြတ်စွာဘုရားဂုဏ်သတင်းကြီးမားသထက် ကြီးမာလာတော့ “အင်း…..အဆင်ပြေသလို ဖူးတာပေါ့လေ” ဆိုပြီး မြတ်စွာဘုရားဆီရောက်လာပါတယ်။ မြတ်စွာဘုရားရှင်က မဟိမာဘုန်းတော်နဲ့ ခန္ဓာကိုယ်ကြီးမားအောင်ဖန်ဆင်းပြီးလဲလျောင်းအဖူးခံတာတောင် အသူရိန်နတ်မင်းကြီးက ဖော်ဖူးပေမယ့် မြတ်စွာဘုရားရှင်ရဲ့ အထက်ပိုင်းကို မမြင်နိုင်ပါဘူးတဲ့။

ဒါကြောင့် အတောင် ၅၀ ကျော်ရုပ်ပွားတော်ကြီးတွေကို ဖူးတွေ့ ရတဲ့အခါ မြတ်စွာဘုရားရှင်ရဲ့ မဟိမာဘုန်းတော်ကို အာရုံပြုပြီး “သြော်…..မြတ်စွာဘုရားရှင်ဟာ အသူရိန်နတ်မင်းကြီးကို သူ့ ခန္ဓာကိုယ်ထက်ကြီးမားအောင် ဖန်ဆင်းပြီး အဖူးခံခဲ့တာပဲလေ” လို့ ဆင်ခြင်ပြီး ဖူးမြော်ရပါမယ်။

တစ်ကယ်လို့ ကိုယ့်အိမ်မှာရှိတဲ့ ရုပ်ပွားတော်ဟာ ၁၀ လက်မလောက်ပဲရှိတယ်ဆိုရင်လည်း “သြော်….မြတ်စွာဘုရားရှင်ဟာ ငါ့အိမ်နဲ့ သပ္ပာယသင့်အောင် ဖန်ဆင်းပြီး သတင်းသုံးနေတယ်” လို့ ဆင်ခြင်ပြီးပူဇော်ရပါမယ်။

လူတွေရဲ့ စိတ်က ခက်တော့ခက်သားပါ။ စပါးစေ့လောက် ရုပ်ပွားတော်လေး ဖူးတွေ့ ရတဲ့အခါ လက်အုပ်ချီရုံ ၊ ဦးချရုံလောက်ပဲ ဖူးကြပါတယ်။ ဘုရားရုပ်ပွားတော်အကြီးကြီးတွေ တွေ့ တဲ့အခါမှာတော့ ပုတီးစိပ် ၊ ပရိတ်ရွတ် ၊ အဓိဋ္ဌာန်ဝင်စသဖြင့် အကြာကြီးဖူးလေ့ရှိကြပါတယ်။

တစ်ကယ်တော့ ရုပ်ပွားတော်တွေ ဖူးတွေ့ ရတဲ့အခါ ကြီးကြီး ငယ်ငယ် သက်တော်ထင်ရှား မြတ်စွာဘုရားနဲ့ တစ်စိတ်တည်းထားနိုင်အောင် ကြိုးစားရမှာပါ။

*ပုံတော်သေးလျှင် အဏိမာပင် တွေးလျှင် ပူဇော်ပါ။
* ပုံတော်ကြီးလျှင် မဟိမာပင် တွေးလျှင် ပူဇော်ပါ။

Credit: ဆရာတော် ရဝေနွယ် (အင်းမ)

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...