ကျောင်းသား လီကွမ်ယု
ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားတဲ့အခါမှာ လီကွမ်ယုက သူမူလရည်ရွယ်ထားသလို အင်္ဂလန်မှာ ပညာဆက်သင်ပါတယ်။ ကမ္ဘာကျော် ကိမ်းဘရစ်ခ်ျ တက္ကသိုလ်နဲ့ London School of Economics တက္ကသိုလ်ကြီးတွေမှာ ပညာသင်ကြားခဲ့ပါတယ်။ ကိမ်းဘရစ်ခ်ျမှာ ပညာသင်နေတုံးမှာ ဥာဏ်ပညာထက်မြက်တဲ့ ကျောင်းသူ Kwa Geok Cho( နောင်မှာ ရှေ့နေကြီးဖြစ်လာ) နဲ့ တိတ်တဆိတ် လက်ထပ်ခဲ့ပါတယ်.
၁၉၄၉ခုနှစ်မှာ သူနေရပ်ကို ပြန်လာပြီး ရှေ့နေလုပ်ရင်း အလုပ်သမား သမဂ္ဂလှုပ်ရှားမူတွေမှာ ပါဝင်လာပါတယ်။
နိင်ငံရေးသမားလီကွမ်ယု
၁၉၅၄မှာ ဗြိတိသျှ အုပ်ချုပ်ရေး ချုပ်ငြိမ်းရေး ပြည်သူ့လှုပ်ရှားမှုပါတီ People's Action Party (PAP)ကို ထူထောင်လိုက်ပါတယ်။
၁၉၅၉ခုနှစ်မှာ ဗြိတိန်က နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးကလွဲပြီး စင်္ကာပူကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးလိုက်ပါတယ်။ အသက်၃၆နှစ်အရွယ်မှာ လီကွမ်ယုက စင်္ကာပူရဲ့ ပထမဦးဆုံး ဝန်ကြီးချုပ်ဖြစ်လာပါတယ်။
ဝန်ကြီးချုပ်လီကွမ်ယု
ဝန်ကြီးချုပ်သစ်လီကွမ်ယုက ဆင်းရဲသားရပ်ကွက်ပပျောက်ရေး၊ အဖိုးနည်းအိမ်ယာများ အကောင်အထည်ဖော်ဆောင်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ စက်မှုလက်မှုနိုင်ငံထူထောင်ရေး ဆိုပြီး အင်မတန် ရည်မှန်းချက်ကြီးတဲ့ ငါးနှစ်စီမံကိန်းကို ချမှတ်လိုက်ပါတယ်။
စင်္ကာပူနိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်ရာ နိုင်ငံဖြစ်ရမယ်လို့ လီကွမ်ယုကတစိုက်မတ်မတ်ပြောခဲ့ပါတယ်။
သယံဇာတ အရင်းအမြစ် မရှိတဲ့ သေးငယ်လှတဲ့ စင်္ကပူနိုင်ငံဟာ နိုင်ငံတစ်ခုအနေနဲ့ ရပ်တည်ဖို့ ခက်ခဲမယ်လို့ ယူဆပြီး PAPပါတီက စင်္ကပူကို ဗြိတိန်ကနေလုံးဝခွဲထွက်ပြီး မာလာယုဖယ်ဒရေးရှင်းနဲ့ပူးပေါင်းဖို့ စတင်လှုပ်ရှားပါတယ်။
၁၉၆၃ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့မှာ လီကွမ်ယုကစင်္ကပူဟာ မာလာယုဖယ်ဒရေးရှင်းထဲဝင်ရောက်ကြောင်း မြို့တော်ခမ်းမရှေ့မှာ ကြေညာ
ပြီးနှစ်ပေါင်း၁၄၄နှစ် ဗြိတိသျှအုပ်ချုပ်ရေး ကို အဆုံးသတ်လိုက်ပါတယ်။
ဒါပေမယ့် ဖက်ဒရေးရှင်းမှာ လူမျိုးစု များပါဝင်ရေးနဲ့ပတ်သက်ပြီး စင်္ကာပူက လူများစု တရုပ်လူမျိုးတွေနဲ့ မလေးတွေအကြားမှာ တင်းမာမှုတွေ အရှိန်အဟုန်မြင့်မားလာပြီး ၁၉၆၄မှာ လူမျိုးရေး ပဋိက္ခတွေဖြစ်ပွားခဲ့ရာ လူ၂၀ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ ရှိပါတယ်။
မာလာယုဖက်ဒရေးရှင်းကိုစွန့်ခွါပြီ
သြဂုတ်လ၉ရက်၊ ၁၉၆၅ခုနှစ်မှာ လီကွမ်ယုက လတ်တလောဖြစ်နေတဲ့ လူမျိုးရေးပဋိက္ခ သွေးထွက်သံယိုမှုတွေ ရပ်တန့်သွားအောင်နဲ့မလေးဖက်ဒရေးရှင်း တည်ငြိမ်မှုကို မထိခိုက်အောင် မလေးရှားရဲ့ မေတ္တာရပ်ခံချက်အတိုင်း စင်္ကာပူကို မလေးဖက်ဒရေးရှင်းက နှုတ်ထွက်ဖို သူသဘောတူလိုက်ပြီလို့ မျက်ရည်စက်လက်နဲ့ကြေညာပါတယ်။
နှစ်ရက်အကြာမှာတော့ သေးငယ်လှတဲ့ စင်္ကာပူကျွန်းကို လွတ်လပ်တဲ့ အချုပ်အခြာအာဏာနိုင်ငံ အဖြစ် လီကွမ်ယုက ကြေညာလိုက်ပါတယ်။
နောက် ၃၁နှစ် အကြာမှာတော့ လီကွမ်ယု ရည်မှန်းခဲ့သလို မတိုးတက် မဖွံ့ဖြိုးတဲ့ ကိုလိုနီကျွန်းကလေးဟာကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာပါတော့တယ်။
လီကွမ်ယုက သဘာဝ သယံဇာတမရှိတဲ့သူ့နိုင်ငံမှာ နိုင်ငံ့အရင်းအမြစ်က လူတွေပဲဆိုပြီး အဆင့်မြင့်ပညာရေးကို အားပေးခဲ့ပါတယ်။ ပညာတတ်တွေကို အိမ်ထောင်ပြု ကြဖို့နဲ့ သားသမီးယူဖို့ တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးပြီး နိုင်ငံခြားကကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။
၂၀၁၀မှာ နယူးယောက်တိုင်းမ်စ် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ
လီကွမ်ယုက "ကျွန်တော်လုပ်ခဲ့တာမှန်သမျှ မှန်ကန်တယ်လို့ မဆိုလိုပါဘူး၊ ကျွန်တော်လုပ်သမျှက မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာပါ။ ဒါပေမယ့် တခါတရံ အမူမစစ်ပဲ ဖမ်းစီးထောင်ချတာမျိုးလို ဆိုးဆိုးဝါးဝါး လုပ်ရပ်တွေလည်းလုပ်ခဲ့ရပါတယ်."လို့ ပြောဆိုပါတယ်။

https://www.facebook.com/bbcburmese/posts/812299608825926

No comments:
Post a Comment