စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အစားထိုးခြင်း

 

တစ်နေ့သ၌ ကျွန်ုပ်လည်း တနင်္ဂနွေနေ့ ဖြစ်သဖြင့် အိမ်သို့ ငယ်သူ ငယ်ချင်းတစ်စု လာရောက် လည်ပတ်ကြမည်ဖြစ်ရာ သူငယ်ချင်း တစ်ဦးက ကျွန်ုပ်ကိုယ်တိုင် ချက်ပြုတ်ကြွေးသော နံရိုးပေါင်း ခေါက်ဆွဲကို စားချင်ပါသည်ဟု အမှာရှိသည်ဖြစ်ရာ ကျွန်ုပ်လည်း ဈေးသို့ပြေး၍ ဝက်နံရိုးနု ခေါက်ဆွဲ ကန်စွန်းရွက် စသည်တို့ကို ဝယ်ယူလျက် အိမ်တွင် စီမံချက်ပြုတ်ရလေ၏။ ချက်ပြုနေစဉ် အိမ်ရှေ့မှ ခေါင်းလောင်းသံကြားရာ သူတို့ ရောက်လာကြပြီ ဖြစ်၍ ခရီးဦးပြုရလေသည်။

ခေါက်ဆွဲအတွက် ပြင်ဆင်နေချိန်တွင် ရေနွေးကြမ်းဖြင့် ဧည့်ခံလိုက်ရာ သူငယ်ချင်းများလည်း စကားကိုယ်စီ ပြောပြီး အေးချမ်းနေလေ၏။ ကျွန်ုပ်၏ နံရိုးပေါင်း ခေါက်ဆွဲကား သူငယ်ချင်းများအတွက် အဆင်သင့် ဖြစ်လေရာ အားလုံးလည်း မြိုင်မြိုင်ဆိုင်ဆိုင် စားသောက်ကြလေ၏။ သူငယ်ချင်းများလည်း ကြေနပ်လျက် စကားများ စတင်ပြော ဆိုကြလေရာ လောကအကြောင်း စီးပွားရေး စစ်ရေး နိုင်ငံရေး စုံလှပေသည်။

သူငယ်ချင်း တစ်ဦးမှ လောကတွင် အရာရာတို့သည် ထာဝရ တည်မြဲသည် ဟု၍ မရှိပေ ပျက်စီးရသည်သာဖြစ်သည် မည်သည့် အရာမှ မမြဲပေ၊ အချို့အရာတို့သည့် မတည်မြဲသော်လည်း ပျက်စီးသွားသည့် နေရာတွင် ပို၍ကောင်းသောအရာဖြင့် အစားထိုးကြ သည်ပင်ဖြစ်ရာ ပို၍ ကောင်းလာသည်လည်း ရှိသကဲ့သို့ ပို၍ ဆိုသွားသည်လည်း ရှိတတ်ပေသည်။

ထို့ကြောင့် အစားထိုးသည့် အရာပေါ်တွင်သာ မူတည်ပေသည်။ ဥပမာပြရလျင် လူလောကတွင် ကျောက်ခေတ်မှစ၍ ယနေ့ လူသားများ အထိ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရာ ယနေ့ လူသားများသည် ကျောက်ခေတ် လူသား များ၏ အဆင့်အတန်း မဟုတ်တော့ပေ၊ ကျောက်ခေတ်က လူများလည်း မဟုတ်တော့ပေ သို့သော် လူသားမျိုးနွယ်ကဖြင့် အဆက်မပြတ်ခဲ့ ပို၍ကောင်းသော ပို၍ အဆင့်အတန်းရှိသော လူသားများဖြင့် အစားထိုးခဲ့သည်ပင် မဟုတ်ပါလား။ သို့ပါသော်လည်း ထို အစားထိုးခြင်းသည် များစွာ သိမ့်မွေ့လေ၏။

မန္တလေး နေပြည်တော် မင်းတုံးမင်း လက်ထက်ကလည်း လူများစွာ နေ့စဉ်မပြတ် ရောင်းကြ ဝယ်ကြဖြင့် အချိန်ကုန်ခဲ့ရာ အစားထိုးရင်းဖြင့် ယနေ့လည်း လူများစွာတို့ အလုပ် လုပ်နေကြပြီး လူမရှိသောနေ့ ဟု၍ နန်းတည်နေ့မှ ယနေ့တိုင် မရှိခဲ့ပေ။ သို့သော် ယနေ့လူများသည် ထို့အချိန်က လူများတော့ မဟုတ်ပေ တစ်ဦးတစ်ယောက်ပင် မပါတော့ သို့သော် အဆင့်မြင့်သော လူ့ အသိုင်းအဝိုင်း တစ်ခုက အချိန်ယူ၍ သိမ်မွေ့စွာ အစားထိုးသွားခြင်း ဖြစ်သည်ဟူ ပြောပြလေ၏။

ထို့အတူ သိပ္ပံဆိုင်ရာ ခေတ်စနစ်၏ အင်တာနက် လက်ကိုင်ဖုန်းများမှအစ ခေတ်ပေါ် ပစ္စည်း မျိုးစုံ စသည့် အစစ အရာရာတို့သည် အသစ်အသစ် များဖြင့် အဟောင်များ နေရာတွင် အစားထိုးခဲ့ကြသည်ပင် ဖြစ်ကြောင်း ထိုခေတ်ပေါ်တို့ကြောင့် ကောင်းသည်လည်း ရှိသကဲ့သို့ အဆိုများလည်း များစွာရှိကြောင်း ပြောပြလေ၏။

သူငယ်ချင်း တစ်ဦးမှလည်း လောကတွင် အချိန်ယူ အစားထိုးရသော အရာများရှိသကဲ့သို့ အချိန်ဆွဲထား၍ မရဘဲ ချက်ချင်း အစားထိုးသင့် သည့် အရာများလည်း ရှိသေးကြောင့် ဥပမာ ပြရလျင် လူနာတစ်ဦး သည် ခွဲစိတ်ကုသခြင်း အတွက် သွေးအစားထိုးရန် သွေး လိုအပ်ရာ အချိန် မစောင့်ဘဲ ချက်ချင်း အစားထိုးရမည့် သဘောပင်ဖြစ်သည်။

ထို့အတူ လောကတွင် လူတစ်ဦး ဖြစ်လာပါက သီလ သိက္ခာ ဆိုင်ရာ ကိစ္စများ မူးယစ်ဆေးဆိုင်ရာများ လောင်းကစား စသည့် မကောင်း သည့်အရာများအား ဘာသာရေး အားကစား လူမှု့ရေး ပရဟိတ စသည့်တို့ဖြင့် အမြန် အစားထိုးသင့်ကြောင်း၊ လူတစ်ဦးချင်း မဟုတ်ဘဲ အဖွဲ့အစည်း အသင်းအဖွဲ့ငယ်များမှအစ ပါတီကြီးများ တပ်မတော် လွတ်တော် နှင့် အစိုးရအဖွဲ့ကဲ့သို့ အဖွဲ့စည်းကြီးများထိတိုင် မကောင်းသည်ကို သိလျင် ကောင်းသည့်အရာဖြင့် အမြန်အစားထိုး နိုင်ပါမှ အရာရာ အကောင်းဘက်သို့ ဦးတည်နိုင်ကြောင်း မည်သည့် အရာမှ မတည်မြဲသော်လည်း တည်မြဲနေသည့် အချိန်တို အတိုင်း အတာလေးတွင် အကောင်းဆုံး မဖြစ်သော်လည်း အဆိုများ မဖြစ်ရန် မကောင်းသည်ကို ကောင်းသည်နှင့် အစားထိုရမည်ဖြစ်ကြောင်း ပြောပြလေ၏။

လောကတွင် အရာရာတို့သည် မတည်မြဲသော်လည်း တည်မြဲသည်ဟု ထင်နေစေရန် အစစ အရာရာတို့သည် အစားထိုးကြသည်ပင် ဖြစ်သည်။ ကျွန်ုပ်တို့ ကိုယ်တွင်းရှိ ဆဲလ်(Cell) များသည်လည်း သက်တမ်း တိုလှပြီး အချိန်တိုင်း ပျက်စီးနေရာ အချိန်တိုင်း အသစ်တို့ အစားထိုးနေကြသည်ပင် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ သတိမထားမိပေ။

အမှန်တွင် ကျွန်ုပ်တို့ မည်သည့်အရာမျှ မတည်မြဲရာ အစားထိုးထားသည်ကိုပင် အမှန်ထင်ပြီး ထိုအရာများ အပေါ်တွင် လောဘ ဒေါသ မောဟ မာန်မာန များဖြင့် လုပ်ရှားနေကြသူများပင်ဖြစ်ကြောင်း ပြောဆိုလျက်ရှိရာ ရေနွေးကြမ်း များလည်း ကုန်သည် ဖြစ်သဖြင့် အစားထိုးရလေ၏။ သူငယ်ချင်း တစ်ယောက်က အိမ်က မိန်းမမှာလည်း အိမ်ထောင်ကျခါစ ကဲ့သို့ မဟုတ်တော့ဘဲ အလှများသည်လည်း မတည်မြဲသည့် သဘောဖြင့် ပျောက်ကုန်သည်ဖြစ်ရာ အသက် ငယ်ငယ် ချောချောလှလှဖြင့် အစားထိုးလျင် ရနိုင်ပါမလားဟု ဟာသပြောရာ စကားဝိုင်းလည်း ပွဲကျ၍ သွားလေတော့သည်။

နံနက်ဟုသော အချိန်အား အချိန်ဖြင့် အစားထိုးခဲ့ပြီဖြစ်ရာ သူငယ်ချင်းများလည်း အလုပ်ကိုယ်စီ ရှိကြသည်ဖြစ်သဖြင့် နုတ်ဆက်ကာ ပြန်သွားကြလေတော့သည် ကျွန်ုပ်လည်း အစားထိုးမရသည့် မိဘ ကဲ့သို့သော အရာများမှအစ အစားထိုးမရသည့်အရာများ အစားထိုးရသည့်အရာများ အစားထိုးခြင်း၏ အကျိုးနှင့် အပြစ်များအား စိတ်မှန်းဖြင့် တွေးရင်း. . .တွေးရင်းးးး။ ။
-
Lazy Cat (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477662

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...