စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







CT scan အကြောင်း သိကောင်းစရာ

 


• CTscan ဆိုတာ သင်ကြားဖူးပါသလား။ CTscanဆိုတာ ဘာလဲ။
• ဘယ်လိုနေရာတွေမှာ အသုံးဝင်လဲ။
• CTscan ရိုက်ခြင်းက သင့်ကို ဘယ်လိုအချက်အလက်တွေ ပေးနေပါသလဲ။

CT scan အကြောင်းမပြောခင် လူတော်တော်များများသိထားတဲ့ ယေဘုယျ အချက် ကို အရင်ပြောပါရစေ။ CTရိုက်ခြင်းဟာ ဈေးကြီးတယ်။ တခါရိုက်ရင် ဈေးအားဖြင့် သိန်းဂဏန်းလောက်ကုန်ကျတယ်။ မြန်မာနိုင်ငံမှာ ဦးခေါင်း ထိခိုက် ဒဏ်ရာရသူ၊ လေဖြတ်သူအများစုအတွက် ရောဂါရှာဖွေဖို့ CT scan ရိုက်ကြတယ်။ အမှန်က ရောဂါ ရှာဖွေဖို့သာမက ကုသဖို့လည်း CT scan ရိုက်နိုင်ပါတယ်။

CT scanဆိုတာ ဘာလဲ

CT scan (စီတီစကင်န်) ဆိုတာ computerised tomography ရဲ့အတိုကောက် ဖြစ်ပါတယ်။ CT scanကို CAT(computed axial tomography) scanလို့ လည်း ခေါ်ပါတယ်။ အမှန်က X rayဓာတ်ရောင်ခြည်ကို အသုံးချပြီး ခန္ဓာကိုယ် အစိတ် အပိုင်း တွေကို ပုံဖော်တာ ဖြစ်ပါတယ်။ သမားရိုးကျ X ray ဓာတ်ရောင်ခြည် ထက် အားသာချက်က soft tissue တွေကိုပါ သိရှိနိုင်တယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ် အပိုင်းကိုမဆို CT scanရိုက်နိုင်တယ်။ ရောဂါရှာဖွေဖို့၊ကုသဖို့အပြင် ရောဂါ အနေ အထားကိုသိရှိနိုင်ဖို့ ရိုက်ကြတယ်။ သွေးကြော ပိတ်တာ၊ သွေးယိုတာ အပြင် ပုံမမှန် တဲ့ အလုံးအကျိတ်တွေကို ဖော်ပြနိုင်တယ်။ ဖြစ်တဲ့နေရာ ၊ အရွယ် အစား၊ ပုံသဏ္ဍာန်က အစ အတိအကျကို ပုံဖော်ပေးနိုင်တယ်။

ထိခိုက်ဒဏ်ရာရတဲ့လူနာတွေမှာ ဖြစ်တဲ့ အစိတ်အပိုင်းကိုပါ ရှာဖွေ ဖော်ထုတ် နိုင်တယ်။ CT scan ရိုက်ခြင်းကြောင့် ရောဂါရှာဖွေရာမှာ မြန်ဆန်လာသလို ကုသခြင်း အတွက် ပိုမိုကောင်းမွန်လာတယ်။

CT scanရိုက်တဲ့အခါ

CT ရိုက်ဖို့ လူနာကလှဲနေရပြီး ဥမင်ပုံအခေါင်းရှိတဲ့ စက်ထဲကို ဝင်ရတယ်။ အထဲ ရောက်ရင် X ray စက်က ပုံစံအမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးနဲ့ရိုက်ပြီး ကွန်ပျူတာက ပုံဖော်ပြသတယ်။ CT ရိုက်တဲ့စက်ရဲ့ အထဲမှာ X ray source ရှိပြီး တဖက်မှာ လက်ခံပုံ ဖော်တဲ့ X ray detector ကို ထားတယ်။ CTရိုက်တဲ့အခါ အိပ်စ်ရေး ရောင်ခြည် ဟာ ဓာတ်မီး အလင်းရောင်လို ဖြာထွက်လာတယ်။ အတွင်းမှာရှိတဲ့ X ray စက်က လှည့်နေစဉ်အတွင်း ပုံရိပ်ပေါင်း ရာနဲ့ချီပြီး ရိုက်ကူးထားတယ်။ ပြီးရင် အခြား တဖက်မှာရှိတဲ့ X ray detector လက်ခံပစ္စည်းကတဆင့် ရလာတဲ့  ပုံရိပ်တွေကို ကွန်ပျူတာထံ ပို့ဆောင်ပေးတယ်။ဒီပုံရိပ်တွေကို စုပေါင်းပြီး ကွန်ပျူတာ က ပြည့်စုံတဲ့ ပုံတွေကို ထုတ်ပေးတယ်။

CT ရိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သိပ်သည်းဆ အနည်း၊အများပေါ်မူတည်ပြီး အဖြူ၊ အမဲ၊ မီးခိုးရောင် စသည်ဖြင့် အမျိုးမျိုးပုံပေါ်လာတယ်။ မာတဲ့၊ကျစ်လစ်တဲ့အပိုင်းကို X-ray မဖောက်နိုင်ဘူး။ ဒါ့ကြောင့် ပုံထွက်လာတဲ့အခါ ဖြူနေတယ်။

အရိုး၊ အရည်ပျစ်၊ ခဲတဲ့ အပိုင်းတွေက density သိပ်သည်းဆများလို့ ဖြူနေ လိမ့်မယ်။ အရည်ကြည်ရှိတဲ့ ဦးနှောက် အတွင်းဆုံးပိုင်းတွေမှာ သိပ်သည်းဆ (density) နည်းလို့ မဲနေလိမ့်မယ်။ ဦးနှောက်နေရာက သိပ်သည်းမှု အသင့် အတင့်ရှိ လို့ မီးခိုးရောင် သန်းနေတယ်။ ဒါ့ပြင် သွေးမရတဲ့ အပိုင်းက သိပ်သည်းဆ နည်းလို့ မဲနေပြီး သွေးယိုတဲ့အပိုင်းက သိပ်သည်းဆပိုများလို့ ဖြူနေတတ်တယ်။

CT ရိုက်မယ်ဆိုရင် သတိပြုစရာတွေ ရှိသေးတယ်။

၁။ မရိုက်ခင် လူနာဝတ်စုံ လဲလှယ်ဝတ်ဆင်ပြီးမှ ရိုက်ရတယ်။
၂။ ဝတ်ဆင်ထားတဲ့ သတ္တုပစ္စည်းမှန်သမျှ ချွတ်ထား ရတယ်။ (မျက်မှန်၊ လက်ဝတ် လက်စား၊ ကလစ်၊ သွားတု စသည်ဖြင့် ချွတ်ထားရတယ်)
၃။ CT ရိုက်မယ့်ကုတင်မှာ အိပ်စက်အနားယူပြီး လှုပ်ရှားမှုမရှိစေရဘူး။
၎။ လူနာက ကလေးဖြစ်ရင် စိတ်ငြိမ်ဆေး(ဒိုင်ယာဇီပန်)လို တခါတည်း ယူထားရတယ်။ ကလေးဆိုတာမျိုးက ငယ်လွန်းရင် အငြိမ်မနေတတ်ဘူး။ ဒီလို ကလေးတွေမှာ ဒိုင်ယာဇီပန်ကို စအိုကတဆင့် ပိုက်သေးလေးနဲ့ သွင်းပေးရတယ်။ လူကြီး တွေအတွက် ထိုးဆေးထိုးပေးနိုင်တယ်။
၅။ တချို့လူနာတွေအတွက် သွေးကြောထဲထိုးထည့်ရတဲ့ dye (ဆိုးဆေး) တမျိုးကို မရိုက်ခင် အကြောဆေး အရင်ထည့်ပေးရတယ်။ သတိပြုရမှာက အိုင်အိုဒင်း မတဲ့သူ၊ ပင်လည်စာ မတဲ့သူတွေမှာ ဆေးတည့်၊မတည့် ဂရုစိုက်ရတယ်။ dye က ကျောက်ကပ်ကို ပျက်ဆီးနိုင်တယ်။
၆။ ရိုက်နေချိန်တွင်း ငြိမ်ငြိမ်လေးပဲ နေပေးသင့်တယ်။ ရိုက်တဲ့အပိုင်းကို လှုပ်ရှားမှု မလုပ်သင့်ဘူး။
၇။ ဓာတ်မှန်ရိုက်တဲ့စဉ် လူနာလှဲနေတဲ့ကုတင်က နည်းနည်းချင်း လှုပ်နေတာ ခံစားရ မယ်။
၈။ စက်ရိုက်နေစဉ် စကင်ဖတ်တဲ့အသံတွေ ကြားနေရမယ်။
၉။ ဓာတ်မှန် ရိုက်တဲ့အခန်းမှာ လူနာတယောက်ထဲရှိတာကြောင့် ပြင်ပနဲ့ ဆက်သွယ်ချင် တဲ့အခါ intercom ကတဆင့် ဆက်သွယ်နိုင်တယ်။
၁၀။ CT ရိုက်ပြီး စစ်ဆေးမှု တခုလုံးက မိနစ်၂၀နဲ့ တနာရီအတွင်းပဲ ကြာတတ်တယ်။ ရိုက်တဲ့ အစိတ်အပိုင်း ပေါ်မူတည်ပြီး အချိန်ကြာနိုင်တယ်။

အားသာချက်

CT scanရဲ့ အားသာချက်က စစ်ဆေးနေစဉ် နာကျင်မှုမရှိဘူး။ ဘေးထွက် ဆိုးကျိုး နည်းတယ်။ X-ray ပုံရိပ်အမျိုးမျိုးကို စက်က အလျားလိုက်(သို့) ဒေါင်လိုက် ပါးပါးလှီး ဖြတ်ထားသလို ပြသနိုင်တယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်တွင်း အစိတ် အပိုင်းတွေ (အရိုး၊ တစ်ရှူး၊ သွေးကြောာ၊ ကိုယ်တွင်းအင်္ဂါ) ရဲ့ အခြေအနေကို အတွင်းပိုင်းထိ ကန့်လန့်ဖြတ် ပုံဖော် သိရှိနိုင်တယ်။ ဒါ့ပြင် ကျူမာကျိတ်၊ ကင်ဆာ ကျိတ်၊ ပြည်တည်နာ၊ အဆီကျိတ်အပြင် သွေးကြောပိတ်တာ၊ သွေးယိုတာ စတဲ့ ပုံမမှန်တဲ့ အနေအထားတွေကို မြင်တွေ့ရတယ်။ နောက်ပိုင်းစက်တွေမှာ ကာလာစုံ အရောင်တွေနဲ့ ပုံဖော်လာနိုင်သလို 3D(3 dimension) ပုံရိပ်တွေထိ ပြသ ပုံဖော် လာ နိုင်တယ်။ ဒီအချက်တွေကြောင့် ကုသတဲ့ နေရာမှာ လွယ်ကူမြန်ဆန်ပြီး ထိထိ ရောက်ရောက် ကုသပေးနိုင်တယ်။

အားနည်းချက်

CT scan ရိုက်ခြင်းဟာ ပုံမှန် X rayထက် ဓာတ်ရောင်ခြည်ပို သုံးရတယ်။ ရိုက်တဲ့ အစိတ်အပိုင်း ပိုများလေ ဓာတ်ရောင်ခြည် ပိုသင့်လေ ဖြစ်ပါတယ်။ သို့သော် တကြိမ် တခါ ရိုက်ခြင်းဟာ ဘေးထွက် ဆိုးကျိုးဖြစ်နိုင် လောက်တဲ့ထိ ဓာတ် ရောင်ခြည် မများဘူး။ အသက်ငယ်ရွယ်စဉ် စီတီရိုက်ခြင်းဟာ အချိန်ကြာ လာတာနဲ့ အမျှ သွေးကင်ဆာ၊ဦးနှောက်ကျူမာကျိတ် ဖြစ်လာနိုင်ချေရှိတယ်လို့ ယူဆကြ တယ်။ လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း CT head ရိုက်သူတွေကို လေ့လာကြည့်တဲ့အခါ ဦးနှောက် ကင်ဆာ ဖြစ်နိုင်ချေဟာ ၁:၁၀၀၀၀ လောက်သာရှိတာ တွေ့ရတယ်။ အလွန် ရှားရှားပါးပါး ဆိုပေမယ့် riskရှိတာကြောင့် မလိုအပ်ဘဲ CT scan ရိုက်ခြင်း မျိုး ရှောင်ရှားသင့်တယ်။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ မလိုအပ်ဘဲ CT မရိုက်သင့်ဘူး။ dye ထိုးထည့်ပြီး ရိုက်ရတဲ့ angiogramမှာ ဆေးမတည့် တာ ရှိနိုင်တယ်။

သတိပြုစရာ

သတိထားသင့်တဲ့အချက်က CT ရိုက်တိုင်း ရောဂါဖြစ်တဲ့နေရာတွေကို အခါခပ်သိမ်း ရှာတွေ့ နိုင်မယ်မဟုတ်ဘူး။ ဥပမာ လေဖြတ်စ လူနာတွေမှာ lesion ပြောင်းလဲမှု ရှိချင်မှ ရှိတယ်။ ဖြစ်တဲ့ အစိတ်အပိုင်း သေးလွန်းရင် တွေ့ချင်မှတွေ့တယ်။ ဒါ့ပြင် ဦးနှောက် အခြေမှာရှိတဲ့ brain stem ၊cerebellum လို နေရာတွေ မှာဖြစ်ရင် ကောင်းကောင်းပုံမဖော်နိုင်ဘူး။ လိုအပ်ရင် ပိုကောင်းတဲ့ MRIလိုစက်မျိုးသုံးပြီး စစ်ဆေးတယ်။

တခြား နိုင်ငံတွေမှာ အလွယ်တကူရိုက်နိုင်တဲ့ CT scan ဟာ မြန်မာနိုင်ငံ မှာတော့ အထူးကု ဆေးရုံ၊ ဆေးခန်းတွေမှာသာ ရရှိနိုင်ပါတယ်။ နယ်မြို့တွေမှာ ရိုက်ဖို့ မလွယ်ကူဘူး။ နည်းပညာနဲ့ ပညာရှင်ဆိုသူတွေ လိုအပ်တယ်။ ဘယ်လို ဆိုဆို မြန်မာ နိုင်ငံမှာ CT scanလို ဓာတ်မှန်အကြီးစားမျိုး ရိုက်လာနိုင်တာ ဟာ တိုးတက်မှု လို့ သတ်မှတ်နိုင်ပါတယ်။ စက်ပစ္စည်းတွေ တိုးတက်လာတာနဲ့အမျှ ရောဂါရှာဖွေမှု အပိုင်းမှာလည်း ပိုမိုလွယ်ကူလာပါတယ်။ နောက်ပိုင်းမှာ ပိုမို ကောင်းမွန် တဲ့ စက်အသစ် တွေ၊ နည်းပညာ အသစ်တွေနဲ့ ဆေးပညာ အဆင့် အတန်းလည်း တိုးတက် ကောင်းမွန်လာလိမ့်မယ်လို့ ယူဆရပါတယ်။

Credit to ဒေါက်တာ အေးမင်းထူး, Health Care Journal (21.2.14) တွင်ရေးသား ခဲ့ပြီး ဆေးပညာဘလော့ အောက်ပါ URL မှ ကူးယူ ဖေါ်ပြ ထားပါသည်။ http://drayeminhtoo.blogspot.jp/2014/02/ct-scan.html
--------------
နောက်ဆက်တွဲ
MOMO Pharmacy Myanmar
CT Scan အကြောင်းရှင်းပြ ထားသော ပညာပေး ဗီဒီယို (၁) - https://www.facebook.com/video.php?v=1536300459962414&set=vb.1490571114535349&type=2&theater

MOMO Pharmacy Myanmar
http://www.emedicinehealth.com/script/main/mobileart-emh.asp?articlekey=58707
CT Scan (CAT Scan): Get Facts About Preparation and Procedure
emedicinehealth.com

MOMO Pharmacy Myanmar
http://www.medicinenet.com/script/main/mobileart.asp?articlekey=315
CT Scan (Computerized Tomography): Read About the Procedure
medicinenet.com

MOMO Pharmacy Myanmar
http://www.radiologyinfo.org/en/info.cfm?pg=pet
PET/CT (Positron Emission Tomography - Computed Tomography )
radiologyinfo.org

MOMO Pharmacy Myanmar
http://www.mayoclinic.org/tests-procedures/ct-scan/basics/how-you-prepare/prc-20014610
CT scan How you prepare - Tests and Procedures - Mayo Clinic
mayoclinic.org

Credit to >>MOMO Pharmacy Myanmar,

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...