စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ကိုယ်ပိုင် သာသနာ”



 မြတ်စွာဘုရားဟောကြားတော်မူသော ဓမ္မဒေသနာများမှာ -
●ဓမ္မဝိနယအားဖြင့် နှစ်ပါး၊
●ပိဋကအားဖြင့် သုံးပုံ၊
●နိကာယ်အားဖြင့် ငါးရပ်၊
●အင်္ဂါအားဖြင့် ကိုးတန်၊
●ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင်ရှိပါသည်
ဤမျှများမြောင်လှသော ပရိယတ္တိသာသနာတော်တွင်ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ လိုက်နာကျင့်ကြံအားထုတ်ရမည်မှာ “သီလ၊ သမာဓိ၊ ပညာ”ဟူသော
သိက္ခာ သုံးပါးသာ ဖြစ်ပါ၏။

■ပရိယတ္တိသာသနာတော်သည် “ဝိနည်း၊ သုတ္တန်၊အဘိဓမ္မာ”တို့ဖြစ်ပါ၏
■ပဋိပတ္တိသာသနာတော်ဟူသည်“ပညာသာသနာ၊ သမာဓိသာသနာ၊ သီလသာသနာ”ဖြစ်ပါ၏။
■ပဋိဝေဓသာသနာတော်သည် “မဂ်ဉာဏ်၊ဖိုလ်ဉာဏ်”တို့ ဖြစ်ပါသည်။

ပရိယတ္တိသာသနာတော်မှ လာသောနည်းများအတိုင်း သီလ၊ သမာဓိ၊ ပညာကျင့်စဉ်များကို
ကျင့်ကြံအားထုတ်လျှင် ထိုသူ၏သန္တာန်၌ သာသနာတည်ကိန်းလာမည် ဖြစ်ပါသည်။
သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်ကြီး သုံးရပ်သည်ဘုရားရှင်ညွှန်ပြတော်မူသော ကျင့်စဉ်ကြီးများ
ဖြစ်သောကြောင့်၊ ကျင့်သုံးနိုင်လျှင် ကျင့်သုံးနိုင်သလောက်၊ကျင့်သုံးသူထံသို့ ကောင်းကျိုးအဖြာဖြာကို သယ်ဆောင်လာပါလိမ့်မည်။

သီလ၊ သမာဓိ၊ ပညာကျင့်စဉ်များကိုအကြင်ပမာဏမျှ ကျင့်ကြံအားထုတ်ပါအံ့။
ထိုသူ၏ အတွင်းသန္တာန်၌ သာသနာသည် အကြင်ပမာဏမျှပင် တည်ရှိပေလိမ့်မည်။
ထိုပမာဏမျှ ကျင့်ကြံအားထုတ်ပါအံ့။

ထိုသူ၏အတွင်းသန္တာန်၌ သာသနာသည် ထိုပမာဏမျှပင်တည်ပေလိမ့်မည်။ ဘုရားရှင်၏အဆုံးအမ (သာသနာ)ကိုသိက္ခာသုံးပါး အကျင့်မြတ်တရားများ ဖြည့်ဆည်းလိုက်ခြင်းအားဖြင့်၊ ထိုသာသနာသည် မိမိ၏အတွင်းသန္တာန်၌တည်ကိန်းလာပါသည်။“ကိုယ်ပိုင်သာသနာ” အဖြစ်ရောက်ရှိလာပါသည်။
တစ်နည်းအားဖြင့် မိမိ၏အတွင်း သန္တာန်၌ သာသနာပွင့်လန်းလာခြင်း ဖြစ်ပါ၏။
မိမိ၏အတွင်း သန္တာန် ၌ သီလ၊သမာဓိ၊ပညာ သာသနာများ တည်ကိန်းလာမှသာလျှင် သာသနာတော်ကို ကိုးကွယ်ဆည်းကပ်ရကျိုး နပ်ပါလိမ့်မည်။

ဗုဒ္ဓဘာသာဝင် ဖြစ်ရကျိုး နပ်ပါလိမ့်မည်။အချို့သော ပုဂ္ဂိုလ်တို့သည် သူတို့ကိုယ်သူတို့၊
“သာသနာပြုပုဂ္ဂိုလ်”ဟု ခံယူကြွေးကြော်၏။ ကြေညာ၏။ယင်းသို့ သာသနာပြုပုဂ္ဂိုလ်ဟာ အမည်ခံယူထားလင့်ကစား၊ထိုသူတို့၏ အတွင်းသန္တာန်၌ သီလ၊ သမာဓိ၊ပညာ
မည်သော သိက္ခာသုံးပါး မတည်ကိန်းပါ။ သူတို့ ဆောင်ရွက်သော လုပ်ငန်းကလည်း၊ ဂန္ထဓုရဟူသော
ပရိယတ္တိသာသနာပြန့်ပွားရေးနှင့် ဝိပဿနာဓုရဟူသောဝိပဿနာဘာဝနာပြန့်ပွားရေး လုပ်ငန်းဆောင်တာများ
မဟုတ်ပါ။ အတွင်းသန္တာန် ၌လည်း “ကိုယ်ပိုင်သာသနာ”မတည်ကိန်း၊ ဆောင်ရွက်သော လုပ်ငန်းကလည်း
ဂန္ထဓုရ၊ ဝိပဿနာဓုရ မဟုတ်မူလျက်၊ သိဒ္ဓိတင်၊ ချဲဂဏန်းပေး၊ ဗေဒင်ဟော၊ ဓာတ်ဆင်ဓာတ်ရိုက် လုပ်ငန်းများဖြစ်ရကား၊ ထိုသူများသည် အဘယ်သို့လျှင် “သာသနာပြုပုဂ္ဂိုလ်များ” ဖြစ်နိုင်ပါအံ့နည်း။

ဤသည်နှင့်စပ်လျဉ်း၍ “တန့်ဆည်အရှင်ဣန္ဒဝံသာ စာရဆရာတော်”
က ဤသို့ မိန့်တော်မူခဲ့ပါ၏။

“သိက္ခာသုံးပါးကို ကျင့်သုံးနေရင် သိက္ခာတွေပိုင်ဆိုင်နေတာပဲ၊ သာသနာတွေ ပိုင်ဆိုင်နေတာပဲ၊
သာသနာပိုင်တယ်ဆိုတာ အဲဒါပြောတာပေါ့။ ကိုယ်ပိုင်သာသနာပဲ။ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကျင့်ရင်
ကျင့်နိုင်သလောက် သာသနာပိုင်နေတာပဲ။ ဒါကြောင့်ရှေးဆရာတော်ကြီးတွေက “သာသနာပိုင်ဖြစ်အောင် ကြိုးစားကြ”လို့ ဆုံးမလေ့ရှိကြတယ်။ ဂိုဏ်းတစ်ဂိုဏ်းရဲ့
သက်တော်ရှည်ဆရာတော်ကြီးတွေရဲ့ “သာသနာပိုင်” ဆိုတဲ့ ဘွဲ့ထူးကို ရည်ရွယ်ပြောတာ
မဟုတ်ဘူး။ မြတ်စွာဘုရားရဲ့ အဆုံးအမ(သာသနာ)ကို ပိုင်အောင် သိက္ခာသုံးပါးကို ဖြည့်ကျင့်ဖို့
ရည်ရွယ်ချက်နဲ့ အမိန့်ရှိတော်မူ ကြတာ”သိပ်မှတ်သားဖို့ကောင်းတဲ့စကားပေါ့။
သာသနာပိုင်ပါမှ သာသနာပြုဟူသော စကားလုံးနှင့် ထိုက်တန်မည်ဖြစ်ပါ၏။ မြတ်စွာဘုရား၏ အဆုံး
အမ ထေရဝါဒသာသနာနှင့် သွေဖည်သော သိဒ္ဓိတင်ပေး၊ ချဲဂဏန်းပေး၊ ဗေဒင်ဟော၊ ဓာတ်ဆင် စသည်တို့ကိုပြုလုပ်နေသူပုဂ္ဂိုလ်များနှင့် “သာသနာပြု”ဟူသော ဘွဲ့ထူးမည်သို့လျှင် ထိုက်တန်ပါမည်နည်း။
-【မင်းနန်(မော်ကျွန်း)】


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.936

1 comment:

  1. this is a very good post for all buddhist and future buddhists.
    all buddhist should study and practice buddhism step by step in
    their daily life so that gaining knowledge and wisdom.
    other people cannot cheat them and misleading them.
    they can resist all kinds of false promises by using money,
    materials,power and benefits.
    therefore suggest to become a real buddhist so that
    he/she will never convert to other faiths.

    ReplyDelete

Related Posts Plugin for WordPress, Blogger...