စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ အမျိုးသမီး ငယ်များရဲ့ အတုယူဖွယ် ကဆုန် ညောင်ရေ သွန်း မြင်ကွင်းဝယ်

http://www.yoyarlay.com/images/yyl/2012/4/30/kasone.jpg
မြန်မာ့ ရိုးရာ ယဉ်ကျေးမှု ၁၂ လရာသီ ပွဲတော်များထဲမှ မြန်မာတို့၏ ကိုယ်ပိုင် ယဉ်ကျေး မှု တစ်ခုအဖြစ် တည်ရှိခဲ့သော ကဆုန်ညောင်ရေသွန်း ပွဲတော်ကြီး သည် မေလ ၅ ရက်နေ့(စနေနေ့)တွင် ရောက်ရှိလာပေတော့မည်။ ကဆုန် လပြည့် နေ့သည် ‘ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန်နန်း’ ဟူသော စကားရပ်နှင့် အညီ ထူးခြားသည့် ဝိသေသ လက္ခဏာရပ်များဖြင့် ပြည့်စုံပြီး ကျက်သရေမင်္ဂလာရှိလှပေသည်။

ဘုရား လောင်း သုမေဓာ ရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာ ဘုရားထံတော်မှ ဘုရား စင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်တော် ခံယူတော်မူခဲ့သည့် ကဆုန် လပြည့်နေ့ သည် ဘုရားလောင်း သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူခဲ့ပြီး ဖွားဖက်တော် တစ်ပါးဖြစ်သော မဟာ ဗောဓိ ပင်လည်းပေါ် ပေါက်ခဲ့သည့်နေ့ပင်ဖြစ်သလိုမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ရာနေ့ဖြစ်သောကြောင့် ‘ဗုဒ္ဓနေ့’ ဟုပင် ဗုဒ္ဓဘာသာ ဝင်များက ခေါ်ဝေါ် သတ် မှတ်ခဲ့ကြ သည်။

မြန်မာတို့၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဟန်ပွဲတော် တစ်ခုဖြစ်သည့် ကဆုန် လပြည့်နေ့ ညောင်ရေသွန်း ပွဲတော်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံး ပြည်သူ ပရိသတ်အပေါင်း ပါဝင်ဆင်နွှဲကြ သလို ပြည်သူချစ် အနုပညာရှင်များလည်း ပါ ဝင်ကြသည်။ ရာသီအလိုက် ပွဲတော်များကို လစဉ်ဖော်ပြနေကျ ပေါ်ပြူလာ ၏ အစဉ် အလာအတိုင်း ပြီးခဲ့သည့်နှစ် ကဆုန်ညောင်ရေ သွန်းပွဲတွင်လည်း လူငယ်အနုပညာရှင် ၃ ဦး၏ ကဆုန်လပြည့် ခံစားမှုနှင့် ညောင်ရေ သွန်း လောင်းပုံ များ ဖော်ပြခဲ့သလို ယခုနှစ် ကဆုန် ညောင်ရေသွန်း ပွဲတော် အတွက် လူငယ် အမျိုးသမီး အနုပညာရှင် ၃ ဦးတို့၏ ကဆုန် လပြည့် နေ့မှာ ရိုးရာအစဉ်အလာမပျက် ညောင်ရေ သွန်းလောင်းခဲ့ပုံ များကို ပုံဖော် ရိုက် ကူးပြီး စာဖတ်ပရိသတ်များ ဆင့်ပွား သဒ္ဓါစိတ် ပွားနိုင်စေရန် ပေါ်ပြူလာ ဂျာနယ်မှ စီစဉ် တက်ဆက် လိုက်ရပါသည်။

http://www.yoyarlay.com/images/yyl/2012/4/30/didi.jpg
စန္ဒီမြင့်လွင်

didi“ကဆုန်လပြည့်မှာ ညောင်ရေ သွန်းတာက ဘာသာရေး အထိမ်းအမှတ် တစ်ခုပါ။ ဒီနေ့ လေးမှာ ညောင်ရေ သွန်းတာကို လုပ်သင့်တယ် လို့ထင်မိ တယ်။ ဘာလို့လဲ ဆိုတော့ “ကဆုန် လပြည့်နေ့”ကို “ဗုဒ္ဓနေ့” လို့ ခေါ်ဆိုကြ တယ် လေ။ ဒီးဒီတို့ရဲ့ မြတ်စွာ ဘုရားက ဒီနေ့လေးမှာ သဗ္ဗညုတ ဥာဏ်တော် ကိုစရပြီး လောက သုံးပါးရဲ့ မြတ်ဘုရား အဖြစ်ကို ရရှိခဲ့လို့ပါ။

ခေတ်လူငယ် တစ်ယောက် အမြင်နဲ့ ပြောရမယ် ဆိုရင် ညောင်ရေ သွန်းတယ်ဆိုတာ အထိမ်း အမှတ် ရိုးရာ ဓလေ့ တစ်ခုလိုဖြစ်တဲ့ အတွက် ဒီးဒီတို့ ခေတ် အဆက်ဆက် အပြင် နောင်နှစ်ရှည် စွာမှာလည်း ဒီးဒီ တို့လို လူငယ်တွေက ထိန်းသိမ်းပြီးလုပ် သွားစေချင်ပါတယ်။ ဒါက ကုသိုလ်ရေး အပြင် ဘာသာ ရေးတစ်ခုပါ။ ညောင်ရေ သွန်းတဲ့ အခါ မြတ် စွာဘုရားကို ပူဇော်ရသလိုပဲ ဖြစ်တဲ့အတွက် ကံတွေလည်း ကောင်းသွားမှာပါ။

ဒီးဒီက စွယ်တော်မှာသွား ပြီးတော့ ညောင်ရေသွန်း ဖြစ်တယ်။ ပြီးရင် ညောင်ရေသွန်း ရင်းနဲ့ ငါးလွှတ်တာ တွေပါလုပ်ဖြစ်တယ်။ ငယ်စဉ်တုန်း က ညောင်ရေသွန်း တာထက်စာရင် အခု ကျတော့လည်း ညောင် ရေသွန်း ရတဲ့ အဓိပ္ပာယ်ကို ပိုပြီး တော့ သိလာတဲ့ အတွက် ပို အဆင်ပြေ လာတာပေါ့။ မိဘ တွေပြော ပြ တာတွေကို ကျင့်သားရ နားရည်ဝလာတဲ့ အချိန် ကျတော့ ဒီနေ့လေးက ဗုဒ္ဓပွင့်တော်မူခဲ့တဲ့နေ့ ဖြစ်သလို မြန်မာတို့ရဲ့ အထွတ်အမြတ်ထားရ မယ့်နေ့တစ်နေ့ဆိုတာကို ပိုသိလာခဲ့တယ်။

ဒီးဒီ ညောင်ရေသွန်းတိုင်း ၇ ရက် သားသမီးတွေအတွက် ဆု တောင်းပေးသလို ညောင်ရေ မသွန်းလိုက်ရတဲ့ သူတွေအတွက် ရော၊ သွန်းခွင့် မကြုံသေးတဲ့သူ တွေအတွက်ပါ ဒီးဒီညောင် ရေသွန်းသလိုပဲ ရရှိတဲ့ အကျိုးနည်းတူထပ် တူရ ရှိကြပါစေဆိုတဲ့ စိတ်နဲ့ ပဲ ကိုယ်စားသဘောမျိုး သွန်းဖြစ်ပါတယ်။ နေ့ တိုင်း ဘုရားရှိခိုး၊ ပုတီး စိပ်တာပုံမှန် လုပ်ဖြစ်နေကြပေ မယ့်လည်း အခုလိုမျိုး နေ့ထူးနေ့ မြတ်မျိုးမှာ ပိုပြီးတော့ ကုသိုလ်ကောင်း မှုတွေ လုပ်၊အကျိုးပြုတွေလုပ် နိုင်ရင်တော့ပိုကောင်းမှာပါ။

ဒီလိုနေ့လေး တွေမှာတော့ ဘာသာရေးကို ပိုပြီး အားစိုက်လုပ်သင့် တယ်လို့တော့ မြင်ပါ တယ်။ ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည် တဲ့သူတိုင်း ကဆုန်လပြည့်နေ့ မှာ ညောင်ရေ သွန်းလောင်း သင့်တယ်လို့ ထင်ပါတယ်”

http://www.yoyarlay.com/images/yyl/2012/4/30/bobby.jpg

ထက်ထက် (Bobby Soxer)

bobby

“ညီမအနေနဲ့ ကဆုန်ညောင်ရေသွန်းပွဲ အတွက်ဆိုပြီး မြန်မာအင်္ကျီနဲ့ ဓာတ်ပုံ ရိုက်တာ ပထမဆုံးပဲ။ အဲဒီအတွက် ပျော်တယ်။ ညီမက မြန်မာအင်္ကျီ ဝတ်ရ တာလည်း ကြိုက်တယ်။ ပြီးတော့ ဒီအင်္ကျီလေးက ပေါ်ပြူလာအတွက် ဆိုပြီး သီးသန့်ချုပ်ထားတာ။ သဘောကျတယ်။ ပြီးတော့ ညီမတို့၊ မဒီးဒီတို့က ဟစ်ဟော့ပ်တွေဆိုတဲ့ မိန်းကလေးတွေ အနေနဲ့ မြန်မာအင်္ကျီလေးတွေနဲ့ ပရိသတ်တွေ တွေ့ရ တာအမြင်ဆန်းပြီး ပျော်ဖို့ ကောင်းမယ်ထင်တယ်။

ငယ်ငယ်တုန်းကတော့ ညီမညောင် ရေတွေ အမြဲသွားသွန်းတယ်။ ငယ်သေးတော့ တအားကြီးတော့ မသိသေးဘူးပေါ့။ ညီမက ရေနဲ့ထိတွေ့ရတဲ့ အလေ့အထလေးတွေကို သဘောကျတယ်။ ခုအရွယ်ရောက်လာတဲ့ အခါ ကျတော့ ညောင်ရေသွန်းခြင်းကို ဘာ သာရေးအလုပ်တစ်ခုအနေနဲ့ လုပ်ဖြစ် တယ်။ ဆုတောင်းတာမျိုးတို့ ဘာတို့တော့ မလုပ်ဖြစ်ပါဘူး။ ဘာသာရေး ပွဲလေးတစ်ခု အနေနဲ့ ဆင်နွှဲဖြစ်တယ်။

ညောင်ရေသွန်းပွဲဆိုတာ သင်္ကြန် ပြီးတော့ နှစ်သစ်မှာဆင်နွှဲရတဲ့ပွဲပေါ့။ သင်္ကြန်မှာက လူငယ်တွေက ပျော်ပါး ကြတာ ပေါ့။ အခုညောင်ရေသွန်း ပွဲလေးကိုလည်း သတိရစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပျော်ဖို့ လည်းကောင်းတဲ့အတွက် လူငယ်တွေအား လုံးလည်း ပါဝင်ဆင်နွှဲစေချင်ပါတယ်”

http://www.yoyarlay.com/images/yyl/2012/4/30/phyuphyu.jpg
မေဖြူဖြူ

phyuphyu

“ငယ်ငယ်တုန်းကတော့ တစ်ခါ ညောင်ရေသွန်းဖူးတယ်။ သူငယ်ချင်းတွေ နဲ့ပေါ့။ ငါးလွှတ်တာ၊ ညောင်ထောက်တာတို့လည်း လူကြီးတွေပြော သလို လုပ်တာပဲ။ ပျော်ဖို့လည်း ကောင်းတယ်။ ကြည်နူးဖို့လည်းကောင်းတယ်။ ဒီလို ကိုယ့်မြန်မာ့ရိုးရာ ချစ်စရာဓလေ့လေး ရှိတဲ့အတွက် ဂုဏ်ယူမိတယ်။

သင်္ကြန်ပွဲ လိုပဲ ဒီကဆုန် ညောင်ရေသွန်းပွဲ ကလည်း မြန်မာတို့ ရဲ့ အထွတ်အမြတ် ထားရာပွဲတစ်ပွဲလို့ ပြောလို့ ရတယ်။ ရေသွန်းတယ်ဆိုတာ အေးချမ်းတဲ့ နိမိတ်ဆိုတော့ ရင်ထဲမှာလည်း အေးချမ်းတယ်။ ပွဲတော် တိုင်း လူငယ်တွေ ပါဝင်ဆင်နွှဲသင့် တယ်။

ဗုဒ္ဓနဲ့ပတ်သက်တဲ့ပွဲဖြစ်တဲ့အတွက် ပိုပြီး အလေး အနက်ထားသင့်တယ်။ ဗုဒ္ဓဘာ သာဝင်တိုင်းကတော့ ကဆုန်ညောင်ရေသွန်း ပွဲဆိုတာကို ပါဝင်ဆင်နွှဲလေ့ရှိပါတယ်။ ဒါ ပေမဲ့ လူအနည်းစုလောက် ပဲ လုပ်ဖြစ်ပြီး သင်္ကြန်ပွဲလောက် မများဘူး။ အဲဒါကြောင့် လူငယ်တွေ ကို ဒီထက်ပိုပြီး ပါဝင်စေချင် တယ်။

ဘာသာရေးပွဲဖြစ်တဲ့အတွက် ပိုအထွတ် အမြတ် ထားစေချင်တယ်။ အပျော်ဘက်ကိုပဲ အာရုံ မစိုက်ဘဲ ဘာသာရေး ကိုလည်း မမေ့ဖို့ ပြောချင်ပါတယ်။ ဒီလို ကဆုန် ညောင်ရေသွန်း ဓာတ်ပုံ ရိုက်ရတဲ့အတွက်လည်း ဂုဏ်ယူမိ တယ်”

Source by :http://www.yoyarlay.com/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...