စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဘယ်လဲ


၁၀-၅-၂၀၁၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၏ ယနေ့ဖတ်စရာ မှတ်စရာကဏ္ဍတွင် ခင်မောင်ဌေး (ပညာရေး)၏ ''ကလေးများအတွက်နေရာ''ဆိုသော ဆောင်းပါးဖတ်ရှုပြီးနောက် ကျွန်တော်၏ စိတ်များသည် မနက်အရုဏ်ကျင်းကတည်းက တစ်နေ့လုံး ဆို့နင့်သော ဝေဒနာတစ်ခု ခံ စားနေခဲ့ရပါသည်။ ဆောင်းပါးပါ အချက်အလက်အချို့ကို ဖော်ပြရလျင်ဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ ၀င်ကြေးတစ်ရာ၊ နှစ်ရာ၊ နောက်နှစ်ရာ၊ ငါးရာ။ မနေ့တစ်နေ့ကပင် ကလေးငါးရာ၊ လူကြီးတစ်ထောင်။ ပြည်သူ့တိရစ္ဆာန်ဥယျာဉ်မှ တိရစ္ဆာန်ဥယျာဉ် အမည်ပြောင်းသွားပြီထင်သည်တဲ့။ စာရေးသူက ထပ်မံဆိုပြန်ပါသေးသည်။ တိရစ္ဆာန်ဥယျဉ်သို့ အကြိမ်ကြိမ် ရောက်ဖူးသည်။ ထူးထူးခြားခြား ၀န်ဆောင်မှု၊ ထူးထူးခြားခြား တိရစ္ဆာန်မျိုးစိတ်များ မရှိ။ ၀င်၍ ထိုင်ရုံသက်သက်။ အဆင်မပြေလှသေးတဲ့။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် ထိုင်ရုံသက်သက်သာ ဖြစ်နေသောအ ခြေအနေတစ်ခုသို့ သက်ဆင်းကျ ရောက်နေခဲ့ပြီဟု ပြည်သူတစ်ဦးက နိုင်ငံတော်အစိုးရမှ ထုတ်ဝေသော သတင်းစာတစ်စောင်၌ သုံးသပ်ဖော်ပြခြင်းကို ကြားသိရသည့်အတွက် ဆို့နင့်သောဝေဒနာကို ခံစားရခြင်းပါ။
ဤနေရာတွင် တိရစ္ဆာန်ဥယျာဉ်ဆိုသည်မှာ အဘယ်နည်းဟု အနည်းငယ် ဖော်ပြလိုပါသည်။ ကမ္ဘာပေါ်တွင် တိရစ္ဆာန်ဥယျာဉ်ကို ကနဦး စတင်တည်ထောင်ခဲ့သူတို့သည် ၎င်းတို့၏ ဓနအင်အား ပေါကြွယ်မှု (Wealth) နှင့် အင်အား(Power)တို့ကို ထုတ်ဖော်ပြသရန် ရည်ရွယ်ချက်ဖြင့် တည် ဆောက်ခဲ့ကြသည်ဟု ဆိုပါသည်။
London Zoological Garden သည် တောရိုင်းတိရစ္ဆာန်များကို သိပ္ပံဆိုင်ရာ သုတေသနပြုမူသက်သက်အနေဖြင့်သာ ၁၈၂၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လူထုအားပြသခြင်း မရှိသေးဘဲ ၁၈၄၇ ခုနှစ်တွင်မှသာ လူထုသို့ ဖွင့်လှစ်ပြသခဲ့သည်။ ဤကဲ့သို့ တောရိုင်းတိရစ္ဆာန်များအား သုတေ သနပြုမူကို ဦးစားပေးလုပ်ဆောင်ခဲ့သည့် အကျိုးရလဒ်များအဖြစ် ယခုအခါ London Zoo သည် Leading Zoo Of The World အဖြစ် ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နေဆဲပါ။ ကမ္ဘာပေါ်တွင် အများစုသော တိရစ္ဆာန်ဥယျာဉ်များ၏ ဖွင့်လှစ်ပြသရခြင်း၌ တူညီသော ရည်ရွယ်ချက်များမှာ တောရိုင်း တိရစ္ဆာန်များအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း (Conservation)၊ သုတေသနပြုခြင်း (Reserach)၊ လူထုသို့ ပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်း(Education)၊ အပန်းဖြေ အနားယူခြင်း(Recreation) များ ဖြစ်ကြသော်ငြားလည်း တဖြည်းဖြည်းနှင့် တောရိုင်းတိရစ္ဆာန်တို့၏ အရေးပါသော အခန်းကဏ္ဍအား ပိုမိုသိမြင်လာသည့် နောက်ပိုင်းတွင် Conservation နှင့် Research ကို ပထမဦးစားပေးအဖြစ် သတ်မှတ်ပြီး ပညာပေးနှင့် အပန်းဖြေ အနားယူရေးကို ဒုတိယဦးစားပေးအဖြစ် သတ်မှတ်ခဲ့ကြသည်။
ကမ္ဘာပေါ်ရှိ တိရစ္ဆာန်ဥယျာဉ်များသည် မိမိတစ်ဦးတည်း ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်၍ ရပ်တည်လေ့ မရှိကြပါ။ ကမ္ဘာပေါ်ရှိ တိရစ္ဆာန်ဥယျာဉ်များနှင့် ပတ်သက်၍ ကမ္ဘာ့တိရစ္ဆာန်ဥယျာဉ်များအသင်း(World Zoo Organization -WZO) ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကာကွယ်ရေးအဖွဲ့(International Union For Conservation Of Nature-IUCN) နှင့် တောရိုင်းတိရစ္ဆာန်ကျေးငှက်များ သားဖောက်မျိုးပွားရေးကျွမ်းကျင်သူ များအဖွဲ့(Captive Breeding Specialist Group-CBSG) တို့ ပူးပေါင်းပြီး ၁၉၉၃ ခုနှစ်တွင်(The World Zoo Conservation Strategy) ဆိုသော တိရစ္ဆာန်ဥယျာဉ်များအတွက် လုပ်ဆောင်ရမည့် နည်းဗျူဟာစာတမ်းကို ထုတ်ပြန်၍ တိုက်တွန်းခဲ့ပါသည်။ ထိုစာတမ်းများ မထွက်မီက တိရစ္ဆာန် ဥယျာဉ်များသည် အထက်၌ဖော်ပြခဲ့သော (Concept) များအတိုင်း မိမိတို့ အားသန်ရာအလိုက်လျောက်လှမ်း နေခဲ့ကြပါသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၉၄ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သော ဥပဒေအ မှတ် ၆/၉၄ အရ တောရိုင်းတိရစ္ဆာန် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေအရ တိရစ္ဆာန်ဥယျာဉ်များအား တောရိုင်းတိရစ္ဆာန် ကျေးငှက်များကာကွယ်ရန်အတွက် တည်ထောင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ပါ၍ တိရစ္ဆာန်ဥယျာဉ်များသည် တောရိုင်း တိရစ္ဆာန် ကျေးငှက်များ မျိုးဆက်ထိန်းသိမ်းရေးအတွက် သုတေသနနှင့် မျိုးပွားမှုလုပ်ငန်းများ စီမံလုပ်ကိုင်ရန် အထူးတာဝန်ရှိပေသည်။
မည်သည့်အချက်ကို ညွှန်းဆိုပြသ သနည်းဟုဆိုလျှင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သည် ပြည်သူလူထုအတွက် မပျက်မကွက် ပြသသင့်သော ပြည်တွင်းပြည်ပမှ တိရစ္ဆာန်မျိုးစိတ်များကို စုဆောင်းပြသရန် ကာလကြာရှည် ပျက်ကွက်လာခဲ့ပြီးဖြစ်သည်ဟု သုံးသပ်ရပါသည် . . .
နိုင်ငံတော်အစိုးရမှ ချမှတ်ပြီးဖြစ်သော တိရစ္ဆာန်ဥယျာဉ်များနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် လမ်းညွှန်မှုများသည် အထက်၌ဖော်ပြခဲ့သော (WZO) (IUCN) နှင့် (CBSG) တို့မှ ပူးတွဲပြုစုပြီး ၁၉၉၃ ခုနှစ်တွင် ထုတ်ပြန် ခဲ့သော(The World Zoo Con-servation Strategy) စာတမ်းပါ ထောက်ခံချက်များနှင့် တစ်သဝေမတိမ်း ကိုက်ညီမှုရှိသော နိုင်ငံတကာအဆင့်မီ အကျိုးပြုလုပ်ငန်းများ ဖြစ်ပါသည်။ ထို့ပြင် ယခင်ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသားကော်မရှင်(ယခုပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန) မှ ၁၉၉၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော Myanmar Agenda 21 တွင်လည်း ဇီဝမျိုးစုံမျိုးကွဲရေး၊ ထိန်းသိမ်း ကာကွယ်ရေးအတွက် တိရစ္ဆာန်ဥယျာဉ်များ တည်ထောင်ရန် ထောက်ခံဖော်ပြထားကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ ဤနေရာတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နှင့် ပတ်သက်၍ တင်ပြလိုပါသည်။ မြန်မာနိုင်ငံသည် ဇီဝမျိုးစုံ မျိုးကွဲများ ပေါကြွယ်ဝသည့် နိုင်ငံတစ်ခုဖြစ်သည်ဆိုသည်ကို မည်သူမျှ ငြင်းချက်ထုတ်ကြလိမ့်မည် မဟုတ်ပါချေ။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာလများအတွင်း မြန်မာနိုင်ငံ၏ နို့တိုက်သတ္တ၀ါ ရှားပါးမျိုးစိတ်များဖြစ်သော တောဆိတ်၊ တောင်ဆိတ်နီ၊ တောင်ဆိတ်ပြာ၊ ပြောင်၊ သားမင်း၊ ကြံ့သူတော်၊ ကြောင်တံငါ၊ ၀ံကြောင်၊ အင်းကျား၊ မျောက်လွဲကျော်များ အပါအ၀င် အိန္ဒိယကြံ့များကိုလည်း နှစ်ပေါင်းများစွာ တစ်ဆက်တည်း လူထုသို့ ခင်းကျင်းပြသနိုင်ခဲ့ပါသည်။ သို့သော် တမြန်နေ့က ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သို့ ရောက်သွားသည့်အခါ ယခင်က တောဆိတ်၊ တောင်ဆိတ်များဖြင့် စိတ်ကြည်နူးဖွယ်မြင်ခဲ့ရသော တိရစ္ဆာန်ခြံဝင်း များသည် ယခုအခါ၌ ဟိမ၀န္တာလင်းတများ ထည့်သွင်းထားသော ခြံဝင်းတစ်ခုဖြစ်နေသည့်အပြင် ကပ်လျက်ရှိ အခြားခြံဝင်းများ မှာလည်း မည်သည့်တိရစ္ဆာန်များမှ ပြသနိုင်ခြင်းမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်ကို စိတ်မကောင်းစွာ မြင်တွေ့ရပါသည်။ ကျားလိုဏ်ဂူအနီးရှိ နွားတန်းတွင် ယခင်က အာဖရိက ကျွဲရိုင်းကြီးများ၊ သားပိုက်ကောင်များ၊ မြင်းကျားများ၊ ကုလားအုတ်ပုများ၊ အမေရိကန် Bison များ၊ Yak များ၊ Oryx Family အုပ်စုများစသည့် အများစိတ်ဝင်စားသော နိုင်ငံခြားမျိုးများစွာကို ပြသနိုင်ခဲ့ပါသည်။ ထိုခြံကြီးများသည် ငွေကြေးများပြားစွာ အကုန်အကျခံ၍ တောရိုင်းနို့တိုက်သတ္တ၀ါကြီးများ ပြသရန်အတွက် တည်ဆောက် ခဲ့ကြသော ခြံဝင်းများ ဖြစ်ပါသည်။ ယခုအခါတွင် ထိုခြံဝင်း အနေအထားဖြင့် မည်သို့မျှ အပ်စပ်သက်ဆိုင်ခြင်းမရှိသော ဒုံးစပ်ကြီး၊ ဒုံးစပ်ငယ်၊ အိမ်မွေးဘဲငန်းများ၊ ဂုဏ်သရေရှိသော တိရစ္ဆာန်ဥယျာဉ်အနေဖြင့် မည်သို့မျှ ပြသရန်မသင့်သော မြန်မာပြောင်အထီးနှင့်နွားနောက်မများ သားစပ်ခြင်းမှ မွေးဖွားလာသည့် မျိုးမစစ်သော တိရစ္ဆာန်များ ထည့်သွင်းပြသထားခြင်းကို အထိတ်တလန့် တွေ့လိုက်မိပါသည်။
ဤသည်က မည်သည့်အချက်ကို ညွှန်းဆိုပြသသနည်းဟုဆိုလျှင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် ပြည်သူလူထုအတွက် မပျက်မကွက် ပြသသင့်သော ပြည်တွင်းပြည်ပမှ တိရစ္ဆာန်မျိုးစိတ်များကို စုဆောင်းပြသရန်ကာ လကြာရှည် ပျက်ကွက်လာခဲ့ပြီးဖြစ်သည်ဟု သုံးသပ်ရပါသည်။ အထူး သဖြင့် မြန်မာနိုင်ငံရှိ တောရိုင်းတိရစ္ဆာန် မျိုးစိတ်များကို အထူးအလေးထား၍ အမြဲတစေ စုဆောင်းပြသသင့်သော်လည်း တောရိုင်းတိရစ္ဆာန်များအား စုဆောင်းခြင်း၊ ပြသခြင်းအပိုင်း၌ တဖြည်းဖြည်း အားနည်းလာသည့်အခါ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေး၊ ပညာပေးရေး၊ သုတေသနနှင့် မျိုးပွားမှုလုပ်ငန်းများကိုလည်း ဝေးကွာစပြုလာခဲ့ပြီကို သတိမူသင့်သည်ဟု အကြံပြုလိုပါသည်။
မည်သည့် တိရစ္ဆာန်ဥယျာဉ်မဆို နိုင်ငံခြားမျိုးများအနေဖြင့် လူအများ စိတ်အ၀င်စားဆုံး တိရစ္ဆာန်များဖြစ်သည့် မြင်းကျားများ၊ သစ်ကုလားအုတ်များ၊ ကုလားအုတ်အမျိုးမျိုး၊ ငှက်ကုလားအုတ်အမျိုးမျိုး၊ အာဖရိကကြံ့များ၊ ရေမြင်းများကို အကောင်အရေအတွက် အတိုင်းအတာတစ်ခု အထိ တင်သွင်းပြသင့်ပါသည်။ ယခုအခါ တိရစ္ဆာန်ဥယျာဉ်၌ မြင်းကျား ကြည့်လိုလျှင် သားရေခွာ ရုပ်လုံးသွင်းများ ထားရှိရာ သဘာဝသမိုင်းပြတိုက်သို့သာ သွားရောက်ကြည့်ရှုရပါလိမ့်မည်။
ယခင်က နှစ်ကာလကြာရှည်စွာဖြင့် ပြသနိုင်ခဲ့သည့် လူဝံများ(Highland Gorilla) ၊ အော်ရမ်အူတန်များ (Oran Utan) ၊ ချင်ပန်စီမျောက်ဝံ (Chimpanzee) များ ထားရှိရာ လူဝံကုန်းတွင် အသက် ၂၈ နှစ်သားအရွယ် မျောက်ဝံထီးလေးကီဘိုမှလွဲ၍ လူအများစိတ်ဝင်စားသည့် အခြားလူဝံ၊ မျောက်ဝံ အမျိုးအစားများ ပြသနိုင်ခြင်းမရှိတော့သည်သာမက လူဝံ၊ မျောက်ဝံခြံဝန်းများတွင် ဟိမ၀န္တာဝက်ဝံနက်များကို အစားထိုး ထည့်သွင်းပြသ ထားသည်ကိုလည်း စိတ်မကောင်းကြီးစွာ ဖြစ်ရပါသည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်အခါက အသက်နှစ်နှစ်သားအရွယ် မျောက်ဝံထီးလေး ကီးဘိုစတင်ရောက်ရှိလာသောနေ့တွင် ကျွန်တော်၏ လက်ချောင်းများကို ကလေးငယ်တစ်ဦးမှ အားကိုးကြီးစွာဖြင့် လာရောက်ဆုပ်ကိုင်သော ခံစားမှုမျိုးကို ယနေ့တိုင် ကျွန်တော်မေ့နိုင်စွမ်း မရှိပါ။ ယခုကား ကီးဘိုသည် အသက် ၂၈ နှစ်အရွယ် မျောက်ဝံသိုးကြီးဖြစ်နေပါပြီ။ သို့သော် သူ့အတွက် ဘ၀ကြင်ဖော်ကား ယခုထက်ထိ နတ္ထိ။ သူအတွက် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်စေမှုများအတွက်ပင်လျင် အနီးအနား၌ အခြား မျောက်အမျိုးအနွယ် အဖော်တစ်ကောင်တလေတောင်မှ ထားပေးမှု မရှိခြင်းကပင် ညှင်းပန်းနှိပ်စက်မှု (Torture) တစ်မျိုးပင် ဖြစ်ချေသည်။ ကီဘိုသည် ၎င်း၏ တစ်နေ့တာအချိန်ကို လူဝံကုန်းမှ အောက်သို့ လှမ်းမျှော်ကြည့်လျှင် မြင်ရသော ဆတ်ကုန်းရှိ ဆတ်များ၏ လှုပ်ရှားမှုများနှင့် အုတ်လှေကားမှတက်လာသော လူများကို လိုက်လံကြည့်ရှုခြင်းဖြင့်သာ အထီးကျန်စွာဖြင့် သနားစဖွယ် အချိန်ကုန်လွန်စေတော့သည်။
နိုင်ငံတကာတွင် လူသိများထင်ရှားသည့် မြန်မာ့သမင်မျိုးစိတ်တစ်ခုဖြစ်သည့် ရွှေသမင်များနှင့်ပတ်သက်၍ မျိုးရိုးဗီဇများ ခွဲခြမ်းလေ့လာခြင်းအား ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ အမေရိကန်နိုင်ငံမှ သုတေသနပြုလုပ်သော အဖွဲ့နှင့်ပူးပေါင်း၍ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဤ ကဲ့သို့ မြန်မာ့ရွှေသမင်များ ကျန်းမာသန်စွမ်းစွာဖြင့် ကောင်ရေ ၆၀ ကျော် အုပ်စုလိုက်မြင်တွေ့ရသဖြင့် အလွန်အံ့သြမိပါကြောင်းနှင့် ဤကဲ့သို့ ထိန်းသိမ်း ပြသထားနိုင်သည်ကို ဂုဏ်ယူပါကြောင်း ပြောကြားသွားခဲ့ပါသည်။ ယခုအခါ တိရစ္ဆာန်ဥယျာဉ်၌ တွေ့မြင်ရသော ရွှေသမင်များကား ကိုယ်လုံးကိုယ်ထည် အရပ်အမောင်းကအစ အသွင်သဏ္ဍာန်များစွာ ကျဆင်းသွားခဲ့ပြီး ဖြစ်ပါသည်။ မည်သည့် တိရစ္ဆာန်ဥယျာဉ်တွင်မဆို တိရစ္ဆာန်ဥယျာဉ်များအတွင်း မျိုးဆက်ပြန့်ပွားရေးလုပ်ငန်းများ ပြုလုပ်ရာတွင် သွေးနီးသားစပ်ခြင်းကို ရှောင်လွှဲရန်အတွက် သတိရှိရန် လိုအပ်လှပါသည်။ ထို့ပြင် တိရစ္ဆာန် များ ပြည်တွင်းရွှေ့ပြောင်းခြင်းနှင့် ပတ်သက်၍လည်း တင်ပြလိုပါသေးသည်။ တောရိုင်းတိရစ္ဆာန် ကျေးငှက်များ မိတ်လိုက်ချိန်များ၊ သားပေါက်ရာသီချိန်များ၊ အသိုက်ကိုက်ချိန်များ နီးကပ်လာသည့်အခါတွင် မိတ်တွဲများ (Compactable Pair) တွဲလာတတ်ပါသည်။ တွေ့ကြုံခဲ့ရဖူးသည်မှာ ငန်းနက်များ၊ ငန်းဖြူများ အသိုက်ကိုက်ခြင်း စတင်လုပ်ဆောင်နေဆဲကာလတွင် မင်္ဂလာဒုံရှိ ပန်းမာန်ဥယျာဉ်တစ်ခုသို့ မဖြစ်မနေ ပေးပို့ရမည့် အခြေအနေ တစ်ရပ် ဖြစ်ပေါ်လာခဲ့သဖြင့် ပေးပို့ခဲ့ရပြီး ရှားပါးငှက် မျိုးစိတ်အချို့ သားပေါက် ခြင်းများလည်း ပျက်ပြားခဲ့ရပါသည်။ ထို့အတူ ကျားအထီး၊ ကျားအမများကိုလည်း မိမိစိတ်တိုင်းကျ အကောင်ကို လက်ညှိုးထိုး ရွေးယူသွားခြင်းမှ ရှောင်ရှားပြီး လက်ရှိထိန်းကျောင်းနေသော တိရစ္ဆာန်ထိန်းများနှင့် ညှိနှိုင်းတိုင်ပင်ခြင်းသည် တိရစ္ဆာန်ဥယျာဉ်များအတွက် တာဝန်သတ်မှတ် ချက်ဖြစ်သည့် မျိုးဆက်ထိန်းသိမ်းခြင်းကို အကောင်အထည်ဖော်ရာ၌ အထောက်အပံ့ဖြစ်စေပါသည်။
အချုပ်အားဖြင့်ဆိုသော် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ အုပ်ချုပ်ရေး ယန္တရားများကို ကာလအပိုင်းအခြားအလိုက် ဦးစီးမောင်းနှင်သွားခဲ့ကြသော တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးချင်းစီအနေဖြင့် အကောင်အထည်ဖော် လုပ်ဆောင် သွားနိုင်မှု မရှိခြင်း၊ ပျက်ကွက်ခဲ့ခြင်း (သို့မဟုတ်) လုပ်ဆောင်ရန်အတွက် စွမ်းဆောင်ရည် မပြည့်မီမှု မရှိခဲ့ခြင်းက ကာလရှည်လာသောအခါ ယခုကဲ့သို့ ထိုင်ရုံသက်သက်သာရှိတော့သော တိရစ္ဆာန်ဥယျာဉ်တစ်ခုအဖြစ် ရောက်ရှိလာရခြင်းဖြစ်သည်ဟု ရိုးသားစွာ ခံယူမိပါသည်။ ဆက်လက် တာဝန်ယူကြမည့်သူများသည်လည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ ယခင်က ကြီးမားခဲ့သည့် အစဉ်အလာကို ထိန်းသိမ်းနိုင်ရန် ကြိုးစားကြမှသာလျှင် နှစ် ၁၀၀ ကျော် သက်တမ်းရှိသော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် တိရစ္ဆာန်များ ကင်းခြင်းမှ ကင်းဝေးလိမ့်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...