စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရိုးစုကမ္မဋ္ဌာန်းရူနည်း

    အရိုးစုကမ္မဋ္ဌာန်းဟူသည် သုံးဆယ့်နှစ်ကောဋ္ဌာသအစုအဝေးတွင် ပါဝင်သော အရိုး(အဋ္ဌိ)ကို စက်ဆုပ်ဖွယ်ထင်မြင်လာအောင် နှလုံးသွင်းဆင်ခြင်၍ စီးဖြန်းရသော ကမ္မဋ္ဌာန်းဖြစ်သည်။ ထိုကမ္မဋ္ဌာန်းကို အသုဘဆယ်ပါးတွင် မတင့်မတယ် စက်ဆုပ်ရွံရှာဖွယ်အရိုးစု၊ အလောင်းကောင်(အဋ္ဌိကအသုဘ)ဟု ခေါ်ဆိုထားပေသည်။ ဤ၌ အရိုးစုဟူသော စကားရပ်တွင် သုံးဆယ့်နှစ်ချောင်းသော သွားတို့မှအပ အရိုးတစ်ချောင်းကိုဖြစ်စေ၊ အရိုးစုကိုဖြစ်စေ ပွားများစီးဖြန်းနိုင်သည်။

   ဤအရိုးစုကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်လိုသူသည် ရှေးဦးစွာ သုံးဆယ့်နှစ်ကောဋ္ဌာသကို အာဂုံနူတ်တက် အရကျက်ခြင်း၊ စိတ်ဖြင့် အကြိမ်များစွာ ရွတ်ဆို နှလုံးသွင်းခြင်းတို့ကို ပြုလုပ်ပြီးမှသာ ဤအရိုးစုကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်သင့်ပါသည်။ အကြောင်းမူ ဤအရိုးစုကမ္မဋ္ဌာန်းသည် သုံးဆယ့်နှစ်ကောဋ္ဌာသ အစုအဝေးတွင် ပါဝင်သည့် ကမ္မဋ္ဌာန်းဖြစ်သောကြောင့်ဖြစ်သည်။

ကမ္မဋ္ဌာန်း စီးဖြန်းရန် အစီအစဉ်
ဤကမ္မဋ္ဌာန်းကို စီးဖြန်းမည့်သူသည် -
(ပထမ) အရိုးစုများကို ကျေညက်စွာ နှလုံးသွင်းဆင်ခြင်ခြင်း၊
(ဒုတိယ) အဆင်း စသည်ဖြင့် မှတ်သား၍ နှလုံးသွင်းဆင်ခြင်ခြင်း၊
(တတိယ) အဆင်း စသည်ကို စက်ဆုပ်ဖွယ် ထင်မြင်လာအောင် နှလုံးသွင်း ဆင်ခြင်ခြင်း -
ဟူသော အစီအစဉ်များအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် အားထုတ်သင့်သည်။

အရိုးစုကို နှလုံးသွင်းစီးဖြန်းခြင်း
အရိုးစုကမ္မဋ္ဌာန်း စီးဖြန်းပုံမှာ အောက်ပါအတိုင်းဖြစ်သည် -
- ငါ၏ ခန္ဓာကိုယ်၌ နှစ်သက်မြတ်နိုးဖွယ် အရာဝတ္ထုဟူ၍ အနည်းငယ်မျှပင်မရှိ၊
- စက်ဆုပ်ဖွယ် အရိုးစုတို့သာ ရှိချေ၏။ ဤကား အကျဉ်းစီးဖြန်းပုံတည်း။
အကျယ်စီဖြန်းပုံမှာ ဤသို့ဖြစ်သည်။
ငါ၏ ခန္ဓာကိုယ်တွင် နှစ်သက်မြတ်နိုး တန်ဖိုးထားစရာဟူ၍ အနည်းငယ်မျှပင်မရှိ၊ အမှန်စင်စစ် ခြေဖမိုး၏ အတွင်းဖက်၌ တည်ရှိနေသော ခြေမရိုး၊ ခြေညိုးရိုး၊ ခြေသူကြွယ်ရိုး၊ ခြေသန်းရိုး အားဖြင့် လက်ဝဲခြေရိုး၊ လက်ယာခြေရိုး၊ ဤအတူ ၀ဲ ယာ လက်ရိုး၊ ခန္ဓာကိုယ် အတွင်းသား၌ရှိသော အရိုးနုများ၊ ၀ံ ယာ နံရိုး၊ ကျောက်ဆစ်ရိုး၊ ၀ဲ ယာ ရင်ရိုး၊ ဦးခေါင်းခွံရိုး၊ လည်ပင်းရိုး၊ ၀ဲ ယာ ဖမျက်ရိုး၊ ၀ဲ ယာ ဒူးခေါင်းရိုး၊ ၀ဲယာ ပုဆစ်ရိုး၊ ၀ဲယာ ပေါင်ရင်းရိုး၊ ၀ဲယာ မောင်းဖျားရိုး၊ နဖူးရိုး၊ ထိပ်ရိုး စသော အရိုးစတို့သာ ရှိကြကုန်၏ဟု အဖန်ဖန် စီးဖြန်းပွားများရမည်။

အဆင်းစသည်ဖြင့် မှတ်သား၍ စီးဖြန်းခြင်း
ဆက်လက်၍ အောက်ပါအတိုင်း စီးဖြန်းရပါမည် -
ဤအရိုးတို့သည် အလွန်ဖြူသော အဆင်းရှိကုန်၏။ ပုံသဏ္ဌာန်အမျိုးမျိုးရှိကုန်၏။ ခြေချောင်းများ၏ အဖျားပိုင်း(အဆစ်)ရိုးတို့သည် အရင်းနှင့်အဖျားကြီး၍ အလယ်သိမ်၏။ ခြေချောင်းများ၏ ဒုတိယအဆစ်ရိုးတို့သည် ပိန္နဲစေ့ ပုံသဏ္ဌာန်ရှိ၍ တတိယအဆစ်ရိုးတို့သည် ထက်စည် ပုံသဏ္ဌာန်ရှိကုန်၏။ စတုတ္ထအဆစ်ရိုးတို့သည် အဖျား၌ ဖြတ်ထားသော ပဒိုင်း ခတ္တာငုံ သဏ္ဌာန်ရှိကုန်၏။ ပဉ္စမအဆစ်ရိုးတို့သည် အရင်းနှင့်အဖျား၌ ဖြတ်ထားသော ပဒိုင်း ခတ္တာငုံ သဏ္ဌာန်ရှိကုန်၏။ ဆဋ္ဌနှင့် သတ္တမအဆစ်ရိုးတို့သည် အညှာရင်း၌ ဖြတ်ထားသော ပဒိုင်း ခတ္တာငုံ သဏ္ဌာန်ရှိကုန်၏။
ဖနောင့်ရိုးသည် အနည်းငယ်ကောက်သော ထန်းသီးမူတ် ပုံသဏ္ဌာန်ရှိကုန်၏။ ဖမျက်ရိုးတို့ကား ကလေးသူငယ်တို့ကစားသော ဂေါ်လီနှစ်လုံးကို ပူးထားသည့် ပုံသဏ္ဌာန်ရှိကုန်၏၊ မြင်းခေါင်း(ဒူးခေါင်း)တို့တည်ရာ အရပ်သည် အလယ်ခွက်၍ အဖျားရှည်သော သင်ပေါင်းညှောက်ကို အခွံခွာထားသည့် ပုံသဏ္ဌာန်ရှိ၏။ ငယ်သော မြင်းခေါင်းတို့သည် လေးကိုင်း ပုံသဏ္ဌာန်ရှိ၍ ကြီးသော မြင်းခေါင်းတို့သည် ပိန်သော မြွေ၏ ကျောကုန်း ပုံသဏ္ဌာန်ရှိကုန်၏။ ပုဆစ်ရိုးတို့သည် အပေါ်မောက် အောက်ခွက်၍ အပေါ်ပေါက်ဖြစ်နေသော ရေမြှုပ် ပုံသဏ္ဌာန်ရှိကုန်၏။
ပေါင်ရိုးတို့သည် ခပ်စောင်းစောင်းလိမ်၍ထားသော ပုဆိန်ရိုး ပုံသဏ္ဌာန်ရှိကုန်၏။ ထိုပေါင်ရိုးတို့၏ ခါးရိုး၌ တည်ရာသည် ကလေးသူငယ်တို့ ကစားသည့် ခုံညင်းကဲ့သို့ လုံးလုံးဝန်းဝန်း ပုံသဏ္ဌာန်ရှိ၏။ ထိုခါးရိုးတို့၏ ပေါင်ရိုးတို့၏ တည်ရာအရပ်သည် မျက်နှာဝဖြတ်ထားသော ပုန်းညက်သီး ပုံသဏ္ဌာန်ရှိ၏။ တစ်ခုချင်း ဖြစ်မူ ပန်းဘဲသမားတို့၏ တူကို ဖွဲ့ချည်ထားသော သားရေကြိုး ပုံသဏ္ဌာန်ရှိ၏။ ဤသို့ စသည်ဖြင့် အထက်ဖော်ပြပါ အရိုးများ၏ ပုံသဏ္ဌာန်ကိုလည်း ဆက်လက် ရူပွားရမည်။
အရိုးများ စုပေါင်းထားသော ဤအရိုးကောင်သည် ကြိမ်နွယ်တို့ဖြင့် ရစ်သိုင်းကာ နွားချေးစိုတို့ဖြင့် သုတ်လိမ်းထားသော ကောက်ရိုးရုပ် သစ်သားရုပ် ပုံသဏ္ဌာန် ရှိ၏၊ (သဏ္ဌာန)
အရိုးတို့သည် ကိုယ်ခန္ဓာ၏ အထက်ပိုင်းနှင့် အောက်ပိုင်း အရပ်အားလုံး ဖြစ်ကုန်၏(ဒိသ)၊ သာမန်အားဖြင့် တစ်ကိုယ်လုံး၌ တည်ကုန်၏၊ အထူးသဖြင့် ဦးခေါင်းရိုးတို့သည် လည်ပင်းရိုးတို့၌ တည်၍ လည်ပင်းရိုးတို့သည် ကျောက်ကုန်းရိုးတို့၌ တည်ကုန်၏။ ကျောက်ကုန်းရိုးတို့သည် မြင်းခေါင်း(ဒူးခေါင်း)ရိုးတို့၌ တည်၍ မြင်းခေါင်း(ဒူးခေါင်း) ရိုးတို့သည် ဖမျက်ရိုးတို့၌ တည်ကုန်၏။ ဖမျက်ရိုးတို့သည် ခြေဖမိုးရိုးတို့၌ တည်ကုန်၏။ ကြွင်းကျန်သော အရိုးတို့သည် အချင်းချင်း သဘောတူရာ အရိုးအသားတို့ကို မှီ၍ တည်ကုန်၏။ (သြဘာသ)။
ဦးနှောက်၊ အသား၊ အသွေး၊ ခြင်ဆီ၊ အစေးတို့ဖြင့် ဆက်စပ် ဖွဲ့စည်းထားသော ဦးခေါင်းရိုးတို့သည် ဦးနှောက်အစရှိသော ကောဠာသ(အစိတ်အပိုင်း)တို့နှင့် ရောနှောခြင်းမရှိ၊ ဦးခေါင်းရိုးအချင်းချင်းလည်း ရောနှောခြင်းမရှိ၊ တစ်ခုစီတစ်ခုစီ သီးခြားတည်ကြကုန်၏။
ဤသို့စသည်ဖြင့် အရိုးတို့သည် ဆံပင်၊ အမွေ အစရှိသော အခြားကောဋ္ဌာသတို့၏ အတွင်း၌ တည်လျက် ထိုဆံပင်အစရှိသော ကောဋ္ဌာသတို့နှင့် မရောမနှော၊ သီးခြားကောဋ္ဌာသ တစ်ခုအဖြစ် တည်ကြကုန်၏။ (ပရိစ္ဆေဒ)ဟု အဖန်ဖန်နှလုံးသွင်း စီးဖြန်းရမည်။

ဥဂ္ဂဟနိမိတ်ထင်လာခြင်း
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း နူတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ၊ အကြိမ်ကြိမ် အထပ်ထပ် စီးဖြန်းပွားများရပါမည်။ ဤသို့ စီးဖြန်းပွားများဖန် များလာသောအခါ အရိုးစု၏ အဆင်း၊ ပုံသဏ္ဌာန်၊ ဖြစ်ရာအရပ်၊ တည်ရှိရာဌာန(သြကာသ) ခွဲခြားမှတ်သားချက်(ပရိစ္ဆေဒ)တို့သည် မျက်စိဖြင့် မြင်ရသကဲ့သို့ သဘာဝအရှိတရားအတိုင်း စိတ်တွင် တရေးရေးထင်မြင်လာမည်ဖြစ်သည်။ ထင်မြင်လာလျှင် ဥဂ္ဂဟနိမိတ်ထင်ပြီး ဖြစ်သည်။ ဤ၌ ဥဂ္ဂဟနိမိတ်ဟူသည် စိတ်ဖြင့် မှန်းဆ၍ ယူအပ်သော အာရုံဖြစ်ပါသည်။ မျက်စိဖြင့် ကွက်ကွက်ကွင်းကွင်း ထင်ထင်လင်းလင်း ပြတ်ပြတ်ရှင်းရှင်း မြင်ရသကဲ့သို့ စိတ်ထဲ၌ ရှင်းလင်းပြတ်သားစွာ မြင်လာ ထင်လာသော အာရုံဟု ဆိုလိုသည်။

စက်ဆုပ်ဖွယ် ထင်မြင်လာအောင် စီးဖြန်းခြင်း
ထို့နောက် ဆက်လက်၍ ဆက်ဆုပ်ရွံရှားဖွယ် အမှတ်သညာ(ပဋိကူလသညာ) ထင်လာစေရန် အောက်ပါအတိုင်း စီးဖြန်းရမည် -
ငါ၏ ခန္ဓာကိုယ်ရှိ အရိုးစုတို့သည် ခရုသင်းရောဂါ စွဲကပ်နေသူပမာလွန်စွာ ဖြူခြင်း၊ သုသာန်တစပြင်ရှိ အသားအကြော မရှိတော့သည့် လူသေကောင်၏ အရိုးနှင့် မခြားနားခြင်းတို့ကြောင့် အလွန်စက်ဆုပ်ရွံရှာဖွယ် အဆင်း ရှိကုန်၏ (၀ဏ္ဏ)။
အလွန်နံစော်သော အမိဝမ်းတွင်းဝယ် ကိုးလ၊ ဆယ်လပတ်လုံး အပုပ်နံ့၊ အသားအသွေး၊ ကျင်ကြီးကျင်ငယ် စသည်တို့ဖြင့် အမြဲရောထွေးနေခဲ့ရခြင်း မွေးဖွားပြီးနောက်ပိုင်းတွင်လည်း ယနေ့အထိ လုံးဝ ဆေးကြော သန့်စင်မူ မရှိခြင်း၊ တို့ကြောင့် လွန်စွာ နံစော်၍ ညှီသော အနံ့ရှိကုန်၏(ဂန္ဓ)။
ကျီး၊ ဠင်းတ၊ ခွေးတို့ ကိုက်ခဲစားသောက်ထားကြသဖြင့် အသား၊ အကြော၊ လုံးဝ မရှိတော့သည့် သွေးပုပ်၊ ကျင်ကြီး ကျင်ငယ်တို့ဖြင့် လိမ်းကျံ ညစ်ပေနေသော လူသေကောင်၏ အရိုးနှင့် မခြားနားလေသောကြောင့် အလွန်စက်ဆုပ်ဖွယ် ပုံသဏ္ဌာန်ရှိကုန်၏(သဏ္ဌာန)။
စက်ဆုပ်ရွံရှာဖွယ် အသား၊ အသွေး၊ အစာဟောင်း၊ အစာသစ် အစရှိသော ကောဠာသတို့သည် အတွင်းစားသောက်ဖွယ်၊ ပြင်ပစားသောက်ဖွယ်တို့ကို စွဲမှီ၍ ဖြစ်ကြလေသောကြောင့် မစင်တွင်း၌ ပေါက်သော နွယ်ပင်တို့ကဲ့သို့ ရွံရှာဖွယ်အတိ ဖြစ်ကုန်၏(အာသယ)။
ဆံပင် အစရှိသော အခြားကောဠာသတို့ စုဝေးရာအရပ်၌ ထက်အောက်တွင်းပြင် အားလုံးတို့ ဆံပင်အစရှိသော (၃၂)ကောဋ္ဌာသတို့နှင့် ထိကပ်နေခြင်းကြောင့် ဒွန်းစဏ္ဍားရွာတံခါးဝအနီးရှိ မစင်တွင်း၌ စိုက်နှစ်ထားသော လှံ၊ တံ(တုတ်ချောင်း)ကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် ဖြစ်တည်ရာရှိကုန်၏(သြကာသ)။
ဤသို့ အရိုးစုတို့သည် အဆင်း၊ အနံ့၊ ပုံသဏ္ဌာန်၊ ဖြစ်ကြောင်း (အကြောင်းခံ) ဖြစ်တည်ရာအားလုံးပင် အလွန်စက်ဆုပ်ရွံရှာဖွယ် ရှိကုန်၏။
ဤအရိုးစုသည်ကား ပုဂ္ဂိုလ် သတ္တ၀ါမဟုတ်၊ အသေကောင်၏အရိုး၊ သစ်သားရုပ်အရိုးတို့နှင့် လုံးဝမခြားနားချေ။ အမှန်စင်စစ် အရိုးစုဟူ၍ပင် ပရမတ္တအားဖြင့် အထင်အရှားမရှိ၊ သုံးဆယ့်နှစ်ကောဋ္ဌာသအဖွဲ့အစည်းတွင် ပါဝင်သော သတ္တ၀ါလည်းမဟုတ် အသက်ဇီဝလည်း မဟုတ်သော သီးခြား စက်ဆုပ်ဖွယ် ကောဋ္ဌာသတစ်ခုပင် ဖြစ်ပေ၏ဟု အဖန်ဖန်နှလုံးသွင်း စီးဖြန်းရမည်။

ပဋိဘာဂနိမိတ်ထင်လာခြင်း
ဤအတိုင်း အဖန်ဖန်နှလုံးသွင်းဆင်ခြင်သွားလျှင် မိမိခန္ဓာကိုယ်ရှိ အရိုးစုနှင့် သူသေကောင်၏ အရိုစုတို့ကို ထပ်တူထပ်မျှ စက်ဆုပ်ရွံရှာဖွယ်အဖြစ် ထင်မြင်လာမည်ဖြစ်သည်။ ထိုသို့ ထင်လာမြင်လာလျှင် ပဋိဘာဂနိမိတ် ထင်လာပြီဖြစ်သည်။
ဤ၌ ပဋိဘာဂနိမိတ်ဟူသည် ယခင်နှလုံးသွင်းစီးဖြန်းခဲ့သော အာရုံနှင့် တူသည့် အာရုံမျိုး ဖြစ်သည်။ အမှန်စင်စစ် ရှေ့က ထင်ခဲ့သော ဥဂ္ဂဟနိမိတ်နှင့် ပုံသဏ္ဌာန်တူ ပမာဏတူ အာရုံပင်ဖြစ်သည်။ ထိုအာရုံသည် စိတ်ထဲ၌ ထည့်သွင်းထားသကဲ့သို့ မပျောက်မပျက် ကွက်ကွက်ကွင်းကွင်း ထင်လာမြင်လာခြင်းကိုပင် ပဋိဘာဂနိမိတ် ထင်လာခြင်းဟု ဆိုသည်။
ထို့ပြင် ဤအရိုးစုကမ္မဋ္ဌာန်းစီးဖြန်းသူ၏ စိတ်၌ လူသေကောင်၏ အရိုးများကို မိမိခန္ဓာကိုယ်တွင် သွတ်သွင်းထားရသကဲ့သို့ လည်းကောင်း၊ လူသေ၏ ဦးခေါင်းရိုးကို မိမိ၏ ဦးခေါင်းရေအတွင်း သွင်းထားရသကဲ့သို့ လည်းကောင်း ထင်မြင်လာပြီး တခြားပုဂ္ဂိုလ်များကို ကြည့်ရူ၍ ဦးခေါင်းရိုးမှ ခြေရိုး၊ ခြေရိုးမှ ဦးခေါင်းရိုးတိုင်အောင် နှလုံးသွင်း ဆင်ခြင်သည့်အခါ မိမိအပါအ၀င် ပုဂ္ဂိုလ်၊ သတ္တ၀ါအားလုံးကို `အရိုးစု´အဖြစ်သာ ထင်မြင်လာလျှင် ထင်မြဲ ပဋိဘာဂနိမိတ်သည် ယခင်ကထက် ပိုမိုထင်ရှားလာပြီ ဖြစ်သည်။ ဥပမာ - တိမ်ညိုတိမ်မဲများအတွင်း ဆွတ်ဆွတ်ဖြူသော ဗျိုင်းတစ်ကောင် ပျံသန်းနေသည့် အခါ မြင်ကွင်းသည် လွန်စွာထင်ရှား ပြတ်သားလှသကဲ့သို့ ဤပဋိဘာဂနိမိတ်သည် အလွန်သန့်ရှင်း စင်ကြယ်နေပြီ ဖြစ်သည်။

လောကီဈာန် ရရှိနိုင်ခြင်း
ထိုထင်မြင်လာသည့် အာရုံ(ပဋိဘာဂနိမိတ်)ကိုပင် အာရုံပြု၍ အဋ္ဌိ၊ အဋ္ဌိ၊ အရိုး၊ အရိုးဟု ဆက်လက်ကာ အဖန်ဖန် နှလုံးသွင်းဆင်ခြင်သွားလျှင် ပထမဈာန် အစရှိသော တရားထူးများကို ရရှိမည်ဖြစ်သည်။
ဤ ကမ္မဋ္ဌာန်း စီးဖြန်းသူသည် ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်၊ ထင်လာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းခြင်းကို ရပ်တန့်မထားပဲ ပထမဈာန်အစရှိသော တရားထူးများသို့ မရောက်မချင်း ကြိုးစား၍ နှလုံးသွင်း ဆင်ခြင်ရပါသည်။ ထိုသို့ နှလုံးသွင်း စီးဖြန်းလျှင် ပထမဈာန် အစရှိသော တရားထူးများကို ဧကန်မုချ ရရှိမည်ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...