စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တိုင်းတစ်ပါးသို့သွားကာ ပညာရှာရတယ်ဆိုသည်မှာ

ဓမ္မလည်းမယွင်းအောင် လောကလည်းမဖျင်းအောင် ခေတ်နှင့်အညီ စာပေပညာတွေ ကို လေ့လာလိုက်စား
 ကြိုးစားပါ။ ခေတ်ပညာတွေကို တိုးတက်အောင် ၊ တတ်မြောက်အောင်လေ့ကျင့်ပါလို့ ...မိန့်တော်မူဖူးသော ဆရာ
တော်တစ်ပါးရဲ့သြ၀ါဒကို နာခံမှတ်သားဖူးပါ၏။


ဓမ္မ=အကျင့်တရားဘက်ကလည်း မယွင်းအောင် ၊ လောက =လူ့ပတ်ဝန်းကျင်မှာလည်း မဖျင်းအောင် ခေတ်
စာပေတွေ ၊ ခေတ်ပညာတွေသင်ယူနေကြတဲ့ ဦးဇင်းတို့ ရဟန်းတော်များဘ၀သည် ဓားသွားပေါ်လမ်းလျှောက်
နေရသလိုပါပဲ။ သို့သော် ခေတ်ကို သိအောင်တော့ ကြိုးစားနေကြရပါတယ်။ ခေတ်ကတော့ ခက်နေလေပြန်ပြီ။

ထိုသို့ ခက်လှသော ခေတ်ကို မီနိုင်ဖို့ လိုက်ရသည်မှာလည်း မလွယ်ခြင်းများစွာနှင့် မောရပါသည်။ အမောလော
ကကြီးရေဟုသာ တစ်ခါတစ်ခါ အော်မိသည်။ အဲဒီလောကကြီးထဲ ဖြစ်လာတဲ့ လူသားတစ်ယောက် ၊ ရဟန်း
တစ်ပါးအနေနဲ့ မောကြောများ ဆိုက်နေသည်မှာ မသက်သာလှ။


လောကက တောင်းဆိုလာတော့လည်း ဘာတတ်နိုင်မှာ လဲ။ ယခု မောကြောကြီးရဲ့တွန်းကန်မှုကြောင့် အိန္ဒယ
နိုင်ငံသို့ရောက်ပြီး ပညာသင်နေရပါသည်။ ကိုယ်တစ်ဦးတည်းမဟုတ်ပါ။ လူတွေ လူတွေ အများကြီးပါ။
တစ်ခါတစ်ခါ ကိုယ့်ဘာသာ ပြန်ပြန်မေးကြည့်သည်။ ဘာကြောင့်များ နိုင်ငံခြားမှာ ပညာသင်လာရတာလည်း
လို့။ ဂုဏ်ကြောင့်လား၊ ငွေကြောင့်လား၊ လူတွေအထင်ကြီးစေဖို့လား ...လားပေါင်းများစွာ
မေးကြည့်သည်။အတူလာခဲ့တဲ့သူငယ်ချင်းတစ်ပါးကတော့ ရာသီဥတုကကြမ်း ၊ မြန်မာပြည်ကိုလည်း လွမ်း
ဆိုတော့ စိတ်ပျက်နေပါပြီတဲ့။ ဒါကြောင့် နိုင်ငံခြား တိုင်းတစ်ပါးမှာ ပညာသင်ရတဲ့ အဓိက ရည်ရွယ်ချက
်(3)မျိုးကို ပြောပြလိုက်ပါတယ်။


ဇာတက အဋ္ဌကထာတစ်ခုမှာ တိုင်းတစ်ပါးသွားကာ ပညာရှာရခြင်းအကျိုး (3)မျိုးပြထားပါတယ်။


(1) နိဂတမာနဒဗ်ဗ = မာန်မာန ကျိုးစေခြင်း အကျိုး၊
(2) သီတုံနက္ခမာ = ရာသီဥတုဒဏ်ကို ခံနိုင်စေခြင်းအကျိုး၊
(3) လောကစာရိတ္တညူ = လူတွေရဲ့ အကျင့်စရိုက်မျိုးစုံကို သိရခြင်းအကျိုး။

အဲဒီလို (3)မျိုးပြထားပါတယ်။


ဒါဆို ဂုဏ်ကြောင့်လည်းမဟုတ်ဘူး၊ ငွေကြောင့်လည်းမဟုတ်ဘူး၊ လူအများ အထင်ကြီးအောင်လို့လည်းမဟုတ်
ဘူးဆိုတာ သဘောပေါက်လောက်ပါပြီနော်။

နိုင်ငံခြားတိုင်းပြည်မှာ ကိုယ့်မြန်မာပြည်မှာလိုတော့ ဘာမှ မရဘူး။ စကား ၊ အစား၊ အနေအထိုင် ။ ဆက်ဆံရေး။
အားလုံးဟာ အသစ်တွေချည်းပါ။ ဒါကြောင့် အရာရာမှာ သည်းခံကြရတယ်။ မာန်မာနတွေ ထောင်ပြနေလို့ မရ
တော့ဘူးလေ။ ဒါကြောင့် မာန်ကျိုးပြီးသားဖြစ်နေတော့တာပါ။


ကိုယ့်နိုင်ငံ ရာသီဥတုက ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားပါ။ ခု အိန္ဒိယမှာဆို ခုအချိန် သိပ်ပူတာပဲ။ အပူချိန်
 44 -45 ဒိဂရီထိရှိတယ်။ လေပူကတိုက်သေးတာ။ ပြီးတော့ အပြင်မထွက်ရဲဘူး။ အပြင်ထွက်တာနဲ့ အသား
တွေလောင်ပြီး အနာတွေဖြစ်တော့တာပဲ။တော်သေးတာက လျှပ်စစ်မီးက ကောင်းနေလို့ပေါ့။အဲဒီလို ရာသီ
ဥတုကို သည်းခံရပါတယ်။


အိန္ဒိယနိုင်ငံဆိုတာက ဘာသာရေးပေါင်းစုံ လွတ်လပ်စွာ ရှိနေ ကိုးကွယ်နေတဲ့ နိုင်ငံ။ လူမျိုးပေါင်းစုံ ရောက်
နေတဲ့နိုင်ငံပါ။ ဒီနိုင်ငံမှာ လူ့ယဉ်ကျေးမှုနဲ့ အကျင့်စရိုက်တွေ မျိုးစုံရှိတယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလိုပါပဲ။
 အားလုံးဟာ ကိုယ့်နိုင်ငံက အကျင့်စရိုက်တွေနဲ့ တခြားစီပါပဲ။ အဲဒီလို လူနေမှုစရိုက်တွေကို များများသိမှ
လူတွေအကြောင်းကို နားလည်မှာပါ။ လူတွေအကြောင်းသာ ကောင်းကောင်းသိလို့ကတော့ လောကဆိုတာ
ဘာမှမဆန်းတော့ဘူးလေ။ ဘာမှမဆန်းတဲ့ လောကထဲ ဘာလုပ်တော့မှာလဲ။ အဆန်းကြိုက်တဲ့လူဟာ ဆန်း
တဲ့ လောကုတ္တရာနယ်ကို ပိုကြိုက်လာတော့မှာပါ။ ဒါဆို လောကမှ ထွက်မြောက်ဖို့ ကြိုးစားကြတော့မှာပါ။

 နိုင်ငံခြား တိုင်းတစ်ပါးမှာ ပညာသင်ရတာ အဲဒီလို မြင့်မြတ်တဲ့ အကျိုးကျေးဇူးတွေထိအောင် ရောက်နိုင်
ရနိုင်ပါလားလို့ နှလုံးသွင်းမိတဲ့အခါမှာ တော့ .....

သူငယ်ချင်းရေ....တိုင်းတစ်ပါးမှာ ပညာရှာရတယ်ဆိုတာ ကို အဲဒီလိုနှလုံးသွင်းပြီး ကြိုးစားကြပါစို့လား.

.....(ရွှေတြိဂံ မောင်စံ) အရှင်စန္ဒကုမာရ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...