တစ်နေ့ ကျောင်းကိုအသွား လမ်းမှာ အပင်ပေါ်တက်ပြီး မာလကာသီးတွေ ခူးတုန်း
ဆရာကြီးကို ပိုသတိထားမိလိုက်တာပဲ မေမေ…..
``အာ…ဒီကောင် ဘယ်ပေါ်တက်နေတာလဲ ဆင်းစမ်း…´´ ကြိမ်လုံးကြီးနဲ့ သူက အောက်က
အော်လို့ သားပြန် ဆင်းလာရတယ်။ သားကိုသူက ငေါက်တယ်။
``သွား…ကိုယ်ကျောင်းကိုယ် ဖြောင့်ဖြောင့်သွား၊ ဘာကိစ္စ သူများအပင်ကိုသွားခူးနေတာလဲ´´
``သား..မာလကာသီး စားမလို့´´
``ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ´´
``ဒါဆို အောက်ကနေပဲ ခူးတော့မယ်´´
အဲ့ဒီလိုပြောပြီး တုတ်နဲ့ ရိုက်ပြီးတော့ဖြစ်ဖြစ်၊ ခဲနဲ့ ပေါက်ပြီးတော့ဖြစ်ဖြစ် ခူးမယ် လုပ်တော့လည်း
သူက လက်မခံဘူး။
``မင်းမှာ အိမ်ကထည့်ပေးလိုက်တဲ့ မုန့်ဘူးပါတယ် မဟုတ်လား။
သွား..သွား ကိုယ့်ကျောင်းကိုယ် ဖြောင့်ဖြောင့်သွား´´ခက်တော့တာပါပဲ။
သားလည်းဘာမှမပြောချင်တာနဲ့ လှည့်ထွက်ခဲ့တယ်။
အမှန်ဆို မာလကာပင်ကြီးကို သား တက်ခူးစားလို့ရသလိုသူလည်း တက်ခူးစားလို့ ရတာပဲ။
ဒါမှမဟုတ်ရင်လည်း သားခူးလာတဲ့မာလကာသီးတွေထဲက သူ့ကို နည်းနည်း ခွဲပေးလို့ရတာပဲ။
ခုတော့နှစ်ယောက် လုံးငတ်ကြရတယ်။
တကယ်ဆို သားက သူများအပင်ကို ခိုးခူးတာမဟုတ်ပါဘူး။
အပင်ပိုင်ရှင် အဒေါ်ကြီးကကို `ခူးစားလေ´ လို့ခွင့်ပြုပြီးသားပါ။ ဒါပေမယ့်
သားကလည်း မတီးဘဲ မမြည်ချင်ဘူးလေ။ ဆရာကြီးက မမေးတော့သားလည်း ပြောမပြဖြစ်တော့ဘူးပေါ့။
အဲ့ဒီနေ့ကစပြီး သားလည်းဆရာကြီးကို သတိထားပြီး စောင့်ကြည့်နေမိ တော့တယ်။
သူက သားတို့ရဲ့ ကျောင်းအုပ်ဆရာကြီး ဆိုပေမယ့် သားတို့တွေကိုပြန်ကြောက် နေပုံရတယ်မေမေ။
ဘာဖြစ်လို့လည်းဆိုတော့ သူ့ကိုယ်သူကာကွယ်ဖို့အတွက် ကြိမ်လုံးကြီးတစ်လုံးကို အမြဲကိုင်ထားတက်တယ်။
လိုအပ်ရင် အချက်ပေးဖို့အတွက် အသံထွက် ခေါင်းလောင်းကြီး တစ်လုံးကလည်း
အနားမှာ အမြဲရှိပြန်ရော။သူ့ဘ၀က သနားဖို့ ကောင်းပါတယ် မေမေ။
ကျောင်းကိုလာရင် ဖေဖေသားကို စက်ဘီးကလေးနင်းပြီးလိုက်ပို့ပေး တာမျိုး မဟုတ်ဘူး။
သူဖာသာ နင်းလာရတယ်။
သားကိုမေမေ ခေါင်းဖြီးပေးသလိုမျိုးလည်း သူ့ကို ဘယ်သူကမှလုပ်မပေးဘူး။
သူ့ခေါင်းကို သူ့ဖာသာဖြီးရတယ်။
သားတို့လို ပေါ့ပေါ့ပါးပါးဘောင်းဘီတိုလေး ၀တ်ပြီး ကျောင်းလာလို့လဲ မရဘူး။
အမြဲတမ်း ပုဆိုးကြီးစည်းထားရတယ်။
သားတို့လို သနပ်ခါး ပါးကွက်ကျားလေးလူးပြီး ကျောင်းကိုလာဖို့ဆိုတာကတော့ ဝေလာဝေးပေါ့။
သူက သားတို့လို မုန့်ဖိုးလေး ဘာလေး မရရှာဘူး။
ကျောင်းကနေသူကို တစ်လတစ်ခါ ထောက်ပံ့ကြေး ပေးထားရတယ်။
အဲ့ဒီ ပိုက်ဆံကိုပဲသူ့ခမျာ တစ်လစာ ချွေတာသုံးးနေရတယ်။
ဆိုင်မှာလဲ ထမင်းကို လပေးစားတယ်တဲ့။ ခွံ့ကျွေးမယ့်သူလည်း မရှိဘူး။
သူ့ဖာသာ ဇွန်းနဲ့ခပ်စားရတယ်။
သူက ကဗျာတွေ ဘာတွေလည်း ရေးသတဲ့ မေမေရယ်။
သားတို့ဆိုဖတ်စာအုပ် ထဲက ကဗျာကို ရွတ်လိုက်တာပါပဲ။
သူ့လို အပင်ပန်းခံပြီးရေးစပ်မနေပါဘူး။ ဘယ်နှယ် မဟုတ်တာကြီး။
တစ်ခါတစ်ခါ သူ့ဆီကိုသူ့မိတ်ဆွေကဗျာဆရာဆိုတဲ့လူကြီးတွေလာလည်ကြတယ်။
လက်ဖက်ရည် ဆိုင်မှာထိုင်ပြီးငြင်းကြခုန်ကြနဲ့။
သားတို့လို`ဖိုက်´ စရာရှိရင်ကျောင်းဘေး လယ်ကွင်းပြင်ကို သွားပြီး
အပြတ် `ဖိုက်´ လိုက်တာမျိုးလည်းမဟုတ်ဘူး။
ဘယ်လိုမှန်း မပြောတက်တော့ပါဘူး။
သားတို့ကိုစာပြန်သင်ဖို့အတွက်သူအိမ်မှာစာတွေ အများကြီးကျက်ရမှာပဲနော်မေမေ။
သားတို့တောင် ဒီလောက်ကျက်ရတာ သူဆိုရင်နည်းမှာ မဟုတ်ဘူး။
သူကျက်တဲ့စာတွေကို ရသွားခဲ့ပြီးရင်လည်းသားတို့လို ပါးကိုနမ်းပြီး ဂုဏ်ပြုမယ့်သူ ရှိတာမဟုတ်ဘူး။
နောက်ပြီး သူ သင်ပေးလိုက်တဲ့ ကျောင်းသားလေးတွေက မူလတန်း အောင်ပြီး
အလယ်တန်း၊အထက်တန်းတွေကိုရောက်ကုန်ပေမယ့် သူကတော့အတန်းမတက်ရဘူး။
မူလတန်းမှာပဲ ကျန်ခဲ့တယ်။ သူ့ဒုက္ခ ကြီးပါတယ် မေမေရယ်။
ဘယ်လိုကြီးလည်းမသိဘူးနော်။
သူက အသည်းလည်း ကွဲခဲ့ဘူးတယ်လို့ ကြားရတယ်။
ကွဲနေတဲ့အသည်းကြီးနဲ့ အသက်ရှင် လူလုပ်နေရတယ်တဲ့။
ဆင်းရဲတဲ့ကျောင်းဆရာမို့လို့ သူ့ချစ်သူနဲ့ ကွဲခဲ့ ရတယ်ဆိုပဲ။
သူ့ကြိမ်လုံးကြီးနဲ့ လိုက်ရိုက်လိုက်တာမဟုတ်ဘူး။ သူက ခွင့်ပြုခဲ့ ပါတယ်တဲ့။
တစ်ခါတစ်ခါကျရုံးခန်းထဲမှာထိုင်ပြီး နံရံကို ရီရီဝေေ၀ ငေးနေတက်တယ်။
ဒါနဲ့များတောင် မေမေကပြောသေးတယ်။
``သား…ကျောင်းစာကို ကြိုးစားသင်နော်´´
``ဘာဖြစ်လို့လဲ´´
``အဲ့ဒါမှ ပညာတွေ အများကြီး တက်မှာပေါ့´´
``ပညာတွေ အများကြီးတက်တော့ ဘာလုပ်မှာလဲ´´
``သားတို့ကျောင်းမှာကျောင်းအုပ်ဆရာကြီးပြန်လုပ် လို့ရတာပေါ့´´
သားက ကပျာကရာ ခေါင်းခါငြင်းမိတယ်။
``ဟာ…မလုပ်ချင်ပါဘူး´´
``ဘာဖြစ်လို့လဲ သားရဲ့´´
``ဟာ…ဟင့်အင်း…မလုပ်ချင်ပါဘူး´´
ဘာဖြစ်လို့လဲဆိုတော့ မေမေ့ကို သားမပြောပြဘူး။
ဘယ်တော့မှမပြောပြဘူး။
တာရာမင်းဝေ
No comments:
Post a Comment