စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက် ကြီးသည်အထိ ကျန်းမာနေရသည့် အဓိက သော့ချက် ငါးရပ်

တချို့ အသက်ကြီးသူတွေအနေနဲ့ ကျန်းမာသန်စွမ်းပြီး လူငယ်လူရွယ် တစ်ယောက်လို စွမ်းအင် ရှိနေတာက အောက်ပါ သော့ချက် ငါးရပ်ကြောင့် ဖြစ်ပါတယ်။
သော့ချက် (၁)
ကယ်လိုရီ နည်းသော အစာများကို များစွာ စားပါ
အာဟာရ သုတေသနပညာရှင်တွေက ဂရိနဲ့ဂျပန်က အသက် ၆၀ ကျော်သူတွေကို ဘူဖေးညစာစားဖို့ ဖိတ်ကြားခဲ့ရာ သူတို့ရဲ့ ဝမ်းဗိုက် ဖြည့်တင်းတဲ့ လျှို့ဝှက်ချက်က ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ အကြောင်းကတော့ သူတို့က ပန်းကန်ထဲကို ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ များများထည့်ပြီး ပဲတွေနဲ့ ကောက်နှံစာတွေကို အသင့်အတင့်စားကာ ကယ်လိုရီများတဲ့ ချိစ်ဘာဂါ၊ အဆီများတဲ့ အသား စတာတွေကိုတော့ ရှောင်ရှားကြလို့ပါ။
ရလဒ်
ကယ်လိုရီ နည်းပါးပြီး ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အင်တီအောက်ဆီးဒင့်တွေ များများ ရရှိတဲ့အတွက် ဘဝမှာ အသက်ရှည်ရှည်၊ တက်တက်ကြွကြွ၊ ပျော်ပျော်ရွှင်ရွှင်နေနိုင်တာ ဖြစ်ပါတယ်။
ဘာကြောင့်လဲ
အသက်ရှည်တဲ့ အိုကီနာဝါလူမျိုးတွေက အနောက်တိုင်းစတိုင် အစားအသောက်စားသူတွေထက် အာဟာရတန်ဖိုး ပိုရှိတဲ့ အစားအသောက်တွေကို စားကြပါတယ်။ သူတို့က သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံစာတွေကို များများ စားကြပြီး အဆီနဲ့ ကယ်လိုရီများတဲ့ အစာတွေကို နည်းနည်းပဲစားတာကြောင့်ပါ။ အစားအသောက် ရွေးချယ်မှု မှန်ကန်တာကြောင့် သူတို့ဟာ ကမ္ဘာပေါ်မှာ နှလုံးရောဂါထတာ၊ လေဖြတ်တာ၊ သူငယ်ပြန်တာနဲ့ ကင်ဆာရောဂါတွေ အဖြစ်အနည်းဆုံး ဖြစ်နေကြတာပါ။
သော့ချက်(၂)
အိုမင်းမှု တားဆီးပေးသော ကာကွယ်ဆေးအဖြစ် လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေ သန်မာပြီး ကယ်လိုရီလောင်ကျွမ်းကာ ကျန်းမာပျော်ရွှင်မှုကို ရရှိစေပါတယ်။ လတ်တလောအနေနဲ့ လေ့လာသူတွေက တွေ့ရှိချက် အသစ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ လေ့ကျင့်ခန်း လုပ်တာက အိုမင်းတဲ့ ဖြစ်စဉ်ကို တားဆီးပေးတဲ့ အစွမ်းထက် ကာကွယ်ဆေးတစ်ရပ်လို အသုံးဝင်ပါတယ်။ ဖလော်ရီဒါတက္ကသိုလ်ရှိ လေ့ကျင့်ခန်းဆိုင်ရာ အကြံပေးသူတွေက အသက် ၆၀-၈၅ နှစ်အရွယ်ရှိ ကျန်းမာနေသူတွေကို အလေးမတဲ့ လေ့ကျင့်ခန်းအား ခြောက်လခန့် ပြုလုပ်စေခဲ့ပြီး ဖရီးရယ်ဒီကယ် ထိခိုက်စေတဲ့ လက္ခဏာတွေကို စစ်ဆေးခဲ့ပါတယ်။ တွေ့ရှိချက်အရ လေ့ကျင့်ခန်းကို အသင့်အတင့် လုပ်သူတွေက ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု လျော့နည်းတာကို တွေ့ရှိခဲ့ရပြီး လေ့ကျင့်ခန်း မလုပ်သူတွေကတော့ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု ၁၃ ရာခိုင်နှုန်းခန့် မြင့်တက်နေတာကို တွေ့ရှိခဲ့ရပါတယ်။
မှတ်သားရန်
ပြင်းအားနည်းတဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်တာက နှလုံးနဲ့ သွေးလွှတ်ကြောတွေကို ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်းကို လုံးဝ မလုပ်ဘဲ လှုပ်ရှားမှု နည်းတာက နှလုံးရောဂါ ထနိုင်ခြေ နှစ်ဆ မြင့်တက်နေပါတယ်။
သော့ချက်(၃)
စိတ်ပါဝင်စားသော ဝါသနာကို ရှာဖွေ လုပ်ဆောင်ပါ
ဘယ်အသက်အရွယ်ပဲ ရောက်နေ၊ ရောက်နေ ဘဝက အမြဲ အလုပ်များနေတတ်ပါတယ်။ ကလေးတွေ အရွယ်ရောက်လာချိန်၊ အိမ်တွင်းစီးပွားရေး အဆင်ပြေချိန်နဲ့ အလုပ်ကနေ ပင်စင်ယူပြီးချိန်တွေမှာ ဘာဝါသနာပါသလဲဆိုတာကို လေ့လာဆန်းစစ်ပြီး လုပ်ဆောင်သင့်ပါတယ်။ အပန်းပြေစေမယ့် လွယ်ကူတဲ့ နည်းလမ်းကတော့ တီဗီကြည့်တာ၊ အပြင်ထွက်ပြီး အစာစားတာ၊ ဖုန်းပြောတာ၊ ဂေါက်ရိုက်တာ၊ ပန်းချီဆွဲတာ စတာတွေကို လုပ်သင့်ပါတယ်။
ပိုကောင်းမွန်သော ရွေးချယ်မှု
သင့်အတွက် တန်ဖိုးရှိပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဝါသနာပါရာ အလုပ်ကို လုပ်ဆောင်ပါ။ လေ့လာမှုအရ စိတ်ဝင်စားပြီး ဝါသနာပါတဲ့ အရာတစ်ခုခုကို လုပ်ဆောင်တာက အသက် ၅၀၊ ၆၀၊ ၇၀ ကျော်တဲ့အထိ ကြီးမားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေကြောင်း သိရပါတယ်။
ရလဒ်
ကယ်လီဖိုးနီးယား တက္ကသိုလ်မှ စိတ်ကျန်းမာရေး ဆရာဝန်တွေက အသက် ၆၀-၉၀ ကြားရှိ အသက်ကြီးသူ ၅၀၀ ဦးရေကို လေ့လာခဲ့ရာ သူတို့ရဲ့ အောင်မြင်တဲ့ သက်ရှည်ကျန်းမာမှု လျှို့ဝှက်ချက်ကို တွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ ဝါသနာပါတဲ့ အလုပ်တွေ၊ စိန်ခေါ်မှု အသစ်တွေကို အာရုံစိုက် လုပ်ဆောင်တာကြောင့် ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ စိတ်ရောဂါတွေ ဖြစ်ပွားနှုန်း နည်းပါးတာကို တွေ့ရှိခဲ့ရပါတယ်။ သက်ရှည် ကျန်းမာသူအများစုဟာ ဘဝမှာ အလွန် ပျော်ရွှင်ကျေနပ်ကြတာကိုလည်း တွေ့ရှိရပါတယ်။ ဒါက သူတို့ဝါသနာပါတဲ့ အရာတွေကို အကောင်အထည်ဖော်ခွင့် ရနေလို့ပါ။
သော့ချက်(၄)
သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် ဆက်သွယ်ပါ
သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ရင်းရင်းနှီးနှီး ဆက်သွယ်နေထိုင်တာက ဘဝ ပျော်ရွှင်ချမ်းမြေ့မှုရဲ့ အရင်းအမြစ်တစ်ရပ် ဖြစ်ပြီး စိတ်ဖိစီးမှုကို ဖယ်ရှားနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တာကြောင့် ဦးနှောက်ရဲ့ ဇီဝဓာတု အပြောင်းအလဲတွေကို ဖြစ်စေပြီး ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။
မှတ်သားရန်
အကြာကြီး အထီးကျန်စွာ မနေထိုင်ပါနဲ့။ အထီးကျန်တာက စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအဆင့် မြင့်တက်ပြီး နှလုံးရောဂါ ဖြစ်နှုန်းတိုးကာ သွေးပေါင်တက်တာ၊ စိတ်ဓာတ်ကျတာ၊ အိပ်ရေးပျက်တာစတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လူအများနဲ့ စုရုံး နေထိုင်သင့်ပါတယ်။
သော့ချက်(၅)
အကောင်းမြင်စိတ်ထားပါ
အပြုသဘောနဲ့ မြင်တာ၊ တွေးတောတာတွေက စိတ်ဓာတ်ကျနိုင်ခြေ လျော့နည်းတတ်ပါတယ်။ စိတ်တက်ကြွမှုရှိဖို့နဲ့ ဦးနှောက် အားကောင်းစေဖို့ ရှုပ်ထွေးတဲ့ ဂိမ်းတွေ၊ ကွန်ပျူတာပရိုဂရမ်တွေကို အသုံးပြုနေစရာ မလိုပါဘူး။ နေ့စဉ် ပုံမှန်နဲ့ မတူတဲ့ လုပ်ငန်းဆောင်တာ အသစ်တစ်ရပ်ကို ထည့်သွင်း လုပ်ဆောင်ပေးရုံနဲ့ အဆင်ပြေပါတယ်။ အရာရာကို အကောင်းမြင်စိတ် ထားတာကလည်း ဦးနှောက်ကျန်းမာရေးကို ကောင်းစေပါတယ်။
မှတ်သားရန်
ဦးနှောက်ကို မကြာခဏ သုံးတဲ့သူတွေနဲ့ အကောင်းမြင်စိတ် ထားရှိသူတွေက အသက်ကြီးတဲ့အထိ မှတ်ဉာဏ်ကောင်းစေပါတယ်။ ဦးနှောက်ကို နည်းလမ်းမျိုးစုံနဲ့ အသုံးပြုပေးတာဟာ ဦးနှောက်ကို ပိုမို သန်မာ ကြံ့ခိုင်သန်စွမ်းစေပါတယ်။
ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
Shared from Good Health

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...