စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"လောင်စာ" (မင်းလူ)





ကမ္ဘာဦးက ကျောက်ခေတ်လူသားများ မီးကို စတင်တွေ့ရှိရခြင်းသည် ပထမ စက်မှုတော်လှန်ရေး၏ အစပင်
ဖြစ်သည်ဟု ဆိုကြသည်။ ထို့အတူ လောင်စာစွမ်းအင် အကျပ်အတည်း၏ အစလည်း ဖြစ်ကြောင်းကိုတော့
သတိမထားမိခဲ့ကြချေ။

သစ်ကိုင်းခြောက် အချင်းချင်း ပွတ်တိုက်မိရာမှ မီးပွင့်ပြီး တောမီးလောင်ခြင်း၊ ကျောက်လက်နက်ချင်း
ထိခိုက်မိရာမှ မီးပွားလွင့်စင်ခြင်း တို့ကို အတုယူပြီး မီးခတ်သည့် အတတ်ပညာ စတင်ပေါ်ပေါက်လာသည်။

မူလက မီးကို အလင်းရောင်ရရန်၊ အနွေးဓာတ်ရရန်၊ သားရဲတိရစ္ဆာန်များကို ခြောက်လှန့်ရန်အတွက်သာ
အသုံးပြုခဲ့ကြခြင်း ဖြစ်၏။ သားစိမ်းငါးစိမ်းတွေ စားကြရင်း အသားစတစ်ဖဲ့ မီးပုံထဲ မတော်တဆ ပြုတ်ကျဟန်
တူသည်။ သို့မဟုတ် မီးဖိုထားရင်း ထင်းကုန်သွားသဖြင့် အဆင်သင့်ရှိနေသော တိရစ္ဆာန်အရိုးတစ်ချောင်းကို
ထင်းအဖြစ် အစားထိုးလိုက်ဟန် တူသည်။ အသားစကို မီးလောင်ရာမှ မွှေးကြိုင်သောအနံ့ ထွက်လာသည်။
ယူစားကြည့်လိုက်တော့ အစိမ်းစားတာထက် ပိုပြီး အရသာရှိကြောင်း သိရ၏။ ထိုအခါမှစ၍ သားငါးများကို
မီးကင်၍ စားကြသည်။

ထိုစဉ်က လူတို့သည် ခုချိန်မှာလို မြို့ရွာတိုင်းပြည်များ ထူထောင်၍ တစ်စုတစ်စည်းထဲ နေကြခြင်းမျိုး
မရှိသေး။ သီးခြား အုပ်စုငယ်လေးများ ဖွဲ့၍ လှည့်လည်သွားလာနေကြခြင်း ဖြစ်၏။ ဒီထဲမှာ တချို့အုပ်စုတွေက
မီးကို ကိုယ်တိုင် ဖန်တီးတတ်သည်။ တချို့က မတတ်မြောက်သေး။ ထိုအခါ မီးမလုပ်တတ်သူများက တခြားအုပ်စု
စွန့်ပစ်ထားခဲ့သော မီးဖိုကို ဆက်ခံအသုံးပြုရသည်။ ထိုမှတစ်ဆင့် အလစ်မှာ မီးခဲမီးစတွေ ဝင်ခိုးတာမျိုး ဖြစ်လာသည်။
အုပ်စုတောင့်သောသူများကတော့ မီးရှိသော အုပ်စုကို ဝင်ရောက်တိုက်ခိုက်ပြီး မီးကို သိမ်းပိုက်ကြသည်။ အစပိုင်းတွင်
အနိုင်ရရှိသူက ရှုံးသူများကို တစ်ယောက်မကျန် သတ်ပစ်ကြသည်။ နောက်ပိုင်းကျတော့ မီးခတ်သည့်
ပညာတတ်သူများကို မသတ်တော့ဘဲ အုပ်စုဝင်အဖြစ် လက်ခံပြီး မီးမွှေးသည့်တာဝန်ယူခိုင်းတာမျိုး ဖြစ်လာသည်။
(ထိုစဉ်ကတည်းက တက်ကနစ်ရှင်များမှာ ဦးစားပေးခံခဲ့ရခြင်း ဖြစ်၏။)

* * * * *

လူတို့ မီးကို စတင် အသုံးပြုတတ်ချိန်မှစ၍ လောင်စာစွမ်းအင်ကို အကြောင်းပြုပြီး ဖြစ်ပွားခဲ့ကြသော စစ်ပွဲများမှာ
နှစ်ဆယ်ရာစု ကုန်ဆုံးခါနီးအထိ ရှိနေသေးသည်။ ရေနံကြွယ်ဝသော မြေအစိတ်အပိုင်းလေးအတွက် အီရတ်က
ကူဝိတ်ကို ဝင်သိမ်းသည်။ နိုင်ငံစုံတပ်များက အီရတ်ကို ဝိုင်းတိုက်ကြသည်။ ထိုကိစ္စအတွက် ငွေတွေ၊
လူ့အသက်တွေ အများအပြား အဆုံးအရှုံးခံခဲ့ကြခြင်းမှာ ကူဝိတ်နိုင်ငံသားတွေကို ချစ်လွန်းလို့ ခင်လွန်းလို့
မဟုတ်။ ရေနံ မရမှာစိုးသောကြောင့်သာ ဖြစ်၏။ ခုချိန်ထိ ထိုကိစ္စမှာ လုံးဝ ပြီးပြတ်ပြီဟု မဆိုနိုင်သေး။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားရခြင်း၏ အကြောင်းရင်းမှာ ကိုလိုနီနယ်ပယ်နှင့် ဈေးကွက် အဝေမတည့်ခြင်းမှ
စတင်ခဲ့ခြင်းဖြစ်ကြောင်း လူတိုင်းသိကြသည်။ စစ်ကြီး ပြီးဆုံးပုံနှင့် ပတ်သက်လို့ကတော့ အယူအဆ အမျိုးမျိုး
ကွဲပြားနေကြ၏။ တချို့က ဖက်ဆစ်ဝါဒကို ကမ္ဘာ့ပြည်သူများက လက်မခံကြခြင်းကြောင့်၊ ဟစ်တလာ
ကျဆုံးရခြင်းဖြစ်သည်ဟု ဆိုကြ၏။ ဟစ်ဆလာ အတွက်အချက် မှားသောကြောင့်ဟုလည်း ပြောကြသည်။
အမေရိကန်က အင်္ဂလိပ်၊ ပြင်သစ်တို့ဘက်က ဝင်ပါလို့၊ ဆိုဗီယက်နှင့် ယာယီ မဟာမိတ်ဖွဲ့နိုင်လို့ဟု ယူဆကြသည်။

မဟာမိတ်တပ်များ ပြင်သစ်ကမ်းခြေကို တက်ရာတွင် ကာလေအရပ်က တက်မည်ဟု ဟစ်တလာက
ယူဆခဲ့သည်။ တကယ်တမ်းကျတော့ နော်မန်ဒီကမ်းခြေကို တက်လာသဖြင့် ဂျာမန်တို့ တွက်ကိန်းလွဲပြီး
အထိနာရသည်။ အင်အားတောင့်တင်းသော ဆိုဗီယက်ကို သွားစမိတာလည်း ဂျာမန်တို့၏ မဟာအမှားဟု
ဆိုကြသည်။

ဒုတိယကမ္ဘာစစ်ကြီးမှာ နာဇီဂျာမနီ ဦးဆောင်သော ဝင်ရိုးတန်းနိုင်ငံများကို နိုင်အောင် တိုက်ခိုက်လိုက်နိုင်သဖြင့်
မဟာမိတ်များမှာ သူတို့ကိုယ် သူတို့ တော်တော် အထင်ကြီးနေကြသည်။ မဟာမိတ် စစ်ဗိုလ်ချုပ်ကြီးများသည်လည်း
မြောက်ကြွမြောက်ကြွ ဖြစ်နေကြ၏။ သို့ရာတွင် ခုနောက်ပိုင်း လေ့လာသူအချို့၏ သုံးသပ်ချက်အရ ဒုတိယ
ကမ္ဘာစစ်ကြီး၌ ဟစ်တလာ စစ်ရှုံးသွားရခြင်းမှာ မဟာမိတ်တွေ တော်လွန်းလို့လည်း မဟုတ်၊ ဂျာမန်တွေ
ညံ့လွန်းလို့လည်း မဟုတ်၊ ဓာတ်ဆီပြတ်သွားသောကြောင့် ရှုံးခဲ့ရခြင်းဖြစ်သည်ဟု ဆိုကြလေ၏။

* * * * *

ရေနံမရှိလျှင် ဘာမှလုပ်လို့မရကြောင်းကို သိလာကြသောအခါ၊ တစ်နည်းအားဖြင့် ရေနံ၏ အရေးပါမှုကို
သိလာကြသောအခါ အချို့နိုင်ငံတွေက ရေနံကို လက်နက်လို အသုံးချလာကြသည်။ ထစ်ခနဲရှိ ရေနံ
ထုတ်လုပ်မှုကို လျှော့ချပြီး ထိန်းချုပ်သည်။ ရေနံဈေးကို မြှင့်ပြီး ကမ္ဘာ့စီးပွားရေး ကမောက်ကမဖြစ်အောင်
လုပ်သည်။ ထိုအခါ စီးပွားပျက်မခံနိုင်သော နိုင်ငံများ၊ လုပ်ငန်းရှင်ကြီးများက သူတို့ကို ဖားရသည်။
လက်နက်လိုချင် လက်နက်၊ လေယာဉ်ပျံလိုချင် လေယာဉ်ပျံပေးပြီး ချွေးသိပ်ကြရသည်။

ကြာလျှင် သူတို့လက်ခုပ်ထဲက ရေနံ ဖြစ်တော့မည်။ ထို့ကြောင့် ရေနံရရှိနိုင်မည့် တခြားနေရာတွေမှာ
ရှာဖွေလာရသည်။ ကုန်းပေါ်မှာသာမက ပင်လယ်ထဲမှာ ရေနံ ရှာလာရသည်။ တောတောင်ထဲမှာလည်း ရှာသည်။
ရေနံသာ ရမည်ဆိုလျှင် ဘယ်နေရာပဲ တူးရ တူးရ။ ဘနဖူး သိုက်တူးတယ်ဆိုတာ ဘာဟုတ်သေးလို့လဲ။
ကိုယ့်မိန်းမဗိုက်ထဲမှာ ရေနံရှိသည်ဆိုလျှင် ဖောက်ထုတ်ယူမည့်သဘောတောင် ရှိသည်။

အရင်က အလဟဿ မီးရှို့ထားရသော သဘာဝဓာတ်ငွေ့များကို မိုင်ပေါင်းရာချီသည့် နေရာအထိ
ပိုက်လိုင်းသွယ်တန်းပြီး အသုံးပြုကြရသည်။ ရေနံအပြင် တခြား လောင်စာစွမ်းအင်တွေကိုလည်း
အစားထိုးသုံးနိုင်ဖို့ ရှာဖွေလာရသည်။ ထို့အပြင် စွမ်းအင်ကို ချွေတာနိုင်မည့် နည်းလမ်းတွေကိုလည်း
သုတေသန ပြုကြရ၏။ စက်ရုံကြီးတစ်ရုံ၏ အိတ်ဇောပေါက်မှ ထွက်လာသည့် အပူကိုပင် ချမ်းသာမပေးဘဲ
စွန့်ပစ်အပူကိုသုံးပြီး လည်ပတ်သည့်နည်းလမ်းဖြင့် အသုံးပြုကြရသည်။

* * * * *

ကျွန်တော်တို့ ငယ်ငယ်တုန်းက အဖေ့ဆီမှာ ဖို့ဒ်ဆန်းကားကြီးတစ်စီး ရှိသည်။ ကားကစုတ်သော်လည်း
တော်တော်ဆွဲသည်။ ဆွဲမှာပေါ့၊ ပစ်စတင် ရှစ်လုံးထိုး ဗီအိတ်ကားကြီးကိုး။ ဆီကလည်း တော်တော်စားသည်။
ကျွန်တော်တို့ နေထိုင်ရာ သင်္ဃန်းကျွန်းနှင့် မြို့ထဲ အသွားအပြန် တစ်ဂါလံလောက် ကုန်သည်။ သို့ရာတွင်
ကိစ္စမရှိ။ ဆီတစ်ဂါလံမှ နှစ်ကျပ်ခွဲ။ ဆိုင်မှာ တန်းစီစရာလည်း မလို။ ဆီစာအုပ် ထပ်စရာလည်း
မလို။ ကြိုက်တဲ့အချိန် ကြိုက်သလောက်ထည့်။ စာရင်းမှတ်ထားပြီး လကုန်မှ ငွေရှင်းလို့လည်း ရသည်။

ထိုစဉ်က ကားဆိုလျှင် ကြီးမှ၊ ခန့်မှ၊ အင်ဂျင်ကောင်းမှ ကြိုက်ကြသည်။ သေးသေးကွေးကွေး၊
အင်ဂျင်အားနည်းနည်း၊ ဆီစားသက်သာသော ဂျပန်ကားလေးများကို လူရာမသွင်းချင်ကြ။
“ဟင်၊ ဂျပန်ကား မကြိုက်ဘူး၊ ပျော့တယ်” ဟု နှာခေါင်းရှုံ့ချင်ကြသည်။
နောက်ပိုင်း ဓာတ်ဆီတွေရှားပြီး တစ်ပတ် ဘယ်နှစ်ဂါလံ ဘာညာဖြစ်လာတော့ ကားဆို ပုံစံသွက်မှ၊
ဆီစားသက်သာမှ ဆိုတာမျိုး ဖြစ်လာ၏။ ဟိုအရင်က ဂျပန်ကားကြီးများမှာ ထုံထုံထိုင်းထိုင်းနှင့်
အကြည့်ရဆိုးသည့် ပုံစံများဟု ထင်လာကြ၏။ ဓာတ်ဆီ ထုတ်ရောင်းသူများကသာ စိတ်ဝင်စားတော့သည်။
တချို့လည်း နိဗ္ဗာန်ယာဉ်များအဖြစ်သာ အသုံးဝင်တော့သည်။ မော်တော်ကားများ ရောင်းဝယ်ရာမှာပင်
ဆီစားသက်သာခြင်းကို ဂုဏ်ပုဒ်တစ်ခုလို အထူးပြု ကြော်ငြာလာကြရလေသည်။

မော်တော်ကား ထုတ်လုပ်သူများကလည်း သူတို့၏ အင်ဂျင်များကို ဆီစားသက်သာမှုအတွက်
အထောက်အကူပြုနိုင်ရန် ကွန်ပျူတာနှင့် ဂရုတစိုက် တွက်ချက် ထုတ်လုပ်ကြရသည်။ ဓာတ်ဆီက
ကားကို ပြန်၍မောင်းသည့်သဘော ဖြစ်နေလေ၏။


* * * * *

ကျွန်တော့်မှာ တက္ကစီကားမောင်းသော သူငယ်ချင်းတွေ ရှိသည်။ သူတို့၏ ပြောပြချက်အရ တစ်နေ့တာ
ဆွဲလို့ရသော ဝင်ငွေ၏ သုံးပုံတစ်ပုံမှာ ဓာတ်ဆီဖိုးဖြစ်သည်ဟု သိရ၏။ ဆန် လက်လီရောင်းသူ
တစ်ယောက်ကလည်း ပြောပြသည်။ လက်ကားဆိုင်မှ သူ့အိမ်အထိ ငါးမိုင်လောက်ခရီးကို ဆန်ဆယ်အိတ်
သယ်သည့်အတွက် ကားခသုံးရာ ပေးရသည်ဟု ဆိုသည်။ ဆန်တစ်အိတ်အတွက် သုံးဆယ်ကျသည့် သဘော။
လက်ကားဆိုင်သို့ ဆန်ဂိုထောင်မှ သယ်ရသည့်စရိတ်၊ ဆန်ဂိုထောင်သို့ ဆန်စက်မှ သယ်ရသည့် စရိတ်၊
ဆန်စက်သို့ စပါးသိုလှောင်ရာမှ သယ်ရသည့် စရိတ်၊ စပါးသိုလှောင်ရုံသို့ လယ်ကွင်း သို့မဟုတ် အဝယ်ဒိုင်မှ
သယ်ရသည့် စရိတ်များကို ထည့်တွက်လျှင် ထမင်းတစ်ပန်းကန် ဝမ်းထဲရောက်ဖို့အရေး ဓာတ်ဆီ၊ ဒီဇယ်ဆီ
တစ်ခွက်ပါ ရောပြီး မျိုချရသည့်သဘော ဖြစ်နေလေတော့သည်။

တခြားကုန်ပစ္စည်းတွေလည်း ဒီအတိုင်းပင် ဖြစ်လိမ့်မည် ထင်၏။ ပစ္စည်းတစ်ခု ဝယ်တိုင်းဝယ်တိုင်း
ဓာတ်ဆီဖိုးပါ ဆောင်းပေးနေရသလိုပဲ ဖြစ်၏။ အကယ်၍ ဓာတ်ဆီတွေသာ ပေါပေါများများ ရှိနေလျှင်
ကုန်ဈေးနှုန်းတွေ သုံးပုံတစ်ပုံလောက် ကျကောင်း ကျသွားမှာပဲဟု လူပြိန်းတွက် တွက်မိလေသည်။

* * * * *

မိတ်ဆွေ စာရေးဆရာတစ်ယောက် ကွယ်လွန်သွားသဖြင့် ဈာပနကို လိုက်ပို့သည်။ သုဿာန်ရောက်တော့
မီးသင်္ဂြီုဟ်စက်ရှေ့က ကျောက်သင်ပုန်းမှာ ယနေ့ သင်္ဂြီုဟ်မည့်သူများ စာရင်းကို ရေးထား၏။ စာရင်းခေါင်းစဉ်မှာ
နှစ်မျိုးဖြစ်၏။ အက်ဖ်အိုနှင့် ဂက်စ် ဟူ၍ ခွဲခြားထားပြီး အောက်မှာ လူစာရင်းတွေ တန်းစီရေးထားသည်။
သဘောကတော့ အက်ဖ်အိုသုံးပြီး မီးသင်္ဂြီုဟ်မည့် သူများနှင့် ဂက်စ်သုံးပြီး မီးသင်္ဂြီုဟ်မည့်သူများ
ကဏ္ဍခွဲထားခြင်းဖြစ်၏။

ကျွန်တော့်မိတ်ဆွေက ဂက်စ်နှင့် အလှည့်ကျသည်။ သူသည် နာမည်ကြီး စာရေးဆရာတစ်ဦး ဖြစ်၏။
သူ့စာအုပ်တွေမှာ သူ့နာမည်ကို ထင်ထင်ရှားရှား ကြီးကြီးမားမား ရေးရသည်။ စာပေဟောပြောပွဲတွေမှာ
သူ့နာမည်ကို ထိပ်ဆုံးမှ တင်ရသည်။ ပရိသတ်ကလည်း သူ့ကိုသာ အလေးထား တောင့်တကြခြင်း ဖြစ်၏။
သူ့နာမည်သည် ဘယ်တုန်းကမှ သူများ၏အောက်မှာ မရှိခဲ့။ မီးသင်္ဂြီုဟ်မည့် နေရာမှာကျတော့ သူ့နာမည်သည်
ခေါင်းစဉ်တစ်ခုအောက်မှာ အခြား မထင်မရှား ပုဂ္ဂိုလ်များနှင့်အတူ တန်းစီဖော်ပြထားခြင်း ခံရသည်။
ထိုခေါင်းစဉ်ကလည်း ဂက်စ်ဟူသော လောင်စာဓာတ်ငွေ့တစ်မျိုးသာ ဖြစ်၏။ ဒီနေရာမျိုးကျတော့ ဂက်စ်တို့
အက်ဖ်အိုတို့က အဓိကခေါင်းစဉ်ကြီး ဖြစ်နေပြီး လူနာမည်တွေကတော့ သာမန်စာရင်းဇယားတစ်ခု အဖြစ်သာ
ရှိတော့သည်။ လောင်စာက လူထက်ပိုပြီး အရေးပါသောနေရာကို ယူထားသည်။

* * * * *

လူတို့သည် မီးကို စတင်တွေ့ရှိချိန်မှစ၍ လောင်စာစွမ်းအင် အမျိုးမျိုးကို တီထွင် အသုံးချခဲ့ကြသည်။
လောင်စာစီးပြီး ခရီးနှင်မည်။ လောင်စာထွန်းညှိပြီး အလင်းဆောင်မည်။ လောင်စာစွမ်းအားဖြင့် စကြဝဠာကြီးကို
လွှမ်းမိုးရမည်ဟု ကြံစည်ခဲ့ကြသည်။ သို့ရာတွင် ထင်သလိုမဟုတ်ဘဲ လောင်စာစွမ်းအင်က လူတို့ကို ပြန်၍
လွှမ်းမိုးလာသည်။ အရာရာကို လောင်စာက ချုပ်ကိုင်ခြယ်လှယ်လာသည်။ လူတို့အဖို့ လောင်စာစွမ်းအင်သည်
မွေးရာမှ သေသည်အထိ မရှိမဖြစ် အရေးပါသောအရာ ဖြစ်လာသည်။

ကမ္ဘာဦးက လူတို့သည် မီးကို အသားငါးကင်ခြင်း၊ အနွေးဓာတ်အတွက်၊ သားရဲတိရစ္ဆာန်တို့၏ အန္တရာယ်ကို
ကာကွယ်ဖို့အတွက် အသုံးပြုရုံမျှသာမက ကိုးကွယ်ဆည်းကပ်ရာ အဖြစ်ပါ ပူဇော်ပသခဲ့ရသည်။ ခုခေတ်
လူတို့ကား ဓာတ်ဆီကို ကိုးကွယ်ပူဇော်ခြင်း မပြုကြသေးသည့်အတွက်တော့ ကျောက်ခေတ်ထက်သာလွန်သည့်
အချက်တစ်ချက်ဟု ဂုဏ်ယူနိုင်ဖွယ် ဖြစ်လေသည်။


မင်းလူ
-------------
ဆေးပညာမဂ္ဂဇင်း၊
အမှတ်စဉ် ၃၊ ၁၉၉၇


https://www.facebook.com/photo.php?fbid=156732607829867&set=a.131750700328058.2

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...