စိန်လှိုင်ဗိုလ်
ယနေ့ကာလတွင် သတင်း မီဒီယာလွတ်လပ်ခွင့် ယခင်ထက် ပိုမိုရရှိလာပြီးနောက် နေ့စဉ်ထုတ် သတင်းစာများ အများ အပြား ပေါ်ထွက်လာခဲ့သည်။
ဂျာနယ်နှင့် မဂ္ဂဇင်းများ မှာလည်း အပြိုင်အဆိုင် ပေါ်ထွက် လာရာ ကလောင် သွေးလိုသူ၊ စာရေးလိုသူများ အတွက် ကျယ်ပြန့်သော ဈေးကွက်ကြီး ပေါ်ပေါက်လာခဲ့ ပါသည်။ သို့ဖြစ်ရာ သတင်းစာနှင့် ဂျာနယ်များ၏ စာမျက်နှာများ ပေါ်တွင် ကလောင်သစ်များ၏ ကလောင် သွေးလက်ရာများ များပြားစွာ တွေ့မြင်နေရပါသည်။
နိုင်ငံပိုင် သတင်းစာ တစ်စောင်၏ စာမျက်နှာပေါ်တွင် သတင်းဆောင်းပါး တစ်ပုဒ် ဖတ်ရှုလိုက်ရ ပါသည်။ ရေးသူ အမည်နေရာတွင် ''သော်တာဆွေ'' ဟု တွေ့မြင်လိုက်ရ ပါသည်။ စာရေးသူ၏ အသက်အရွယ် အပိုင်း အခြားကိုတော့ အတိအကျ မသိပါ။ လူငယ်၊ လူရွယ်ပိုင်းက ဖြစ်ဟန် တူပါသည်။ သူသည် အမည်ရင်းဖြင့် စာရေးခြင်းလည်း ဖြစ်နိုင် ပါသည်။ ကလောင်အမည်လည်း ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာအထိပင် အောင်မြင် ထင်ရှား ကျော်ကြားသော စာရေးဆရာကြီး တစ်ဦး ရှိခဲ့ဖူးပါသည်။ နိုင်ငံတော်က ချီးမြှင့်သည့် စာပေဆိုင်ရာ ဆုများအပြင် ဆရာကြီး၏ ဝတ္ထုများကို နိုင်ငံခြား ဘာသာ အသီးသီး ပြန်ဆို ရေးသားထုတ်ဝေခြင်း ပြုခဲ့ရသည် ထိ အောင်မြင်ကျော်ကြား ထင်ရှားသော ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်
     ဆရာကြီး၏ အမည်မှာ ဦးကြင်ဆွေ၊ 
ကလောင်အမည်မှာ သော်တာဆွေ ဖြစ်ပါသည်။ ကွယ်လွန်သွားပြီ ဖြစ်ပါ သည်။ သော်တာဆွေ
 အမည်ဖြင့် ရေးသားထားသော သတင်းမှတ်စု အချို့ကို သတင်းစာတွင် ဖတ်ရှု လိုက်ရရာ
 ကွယ်လွန်သူ ဆရာ သော်တာဆွေကို လွမ်းဆွတ်အောက်မေ့ တမ်းတ သတိရ မိပါသည်။ 
ဆရာသည် လူ့ပြည်၊ လူ့ဘဝတွင် မရှိတော့ သော်ငြားလည်း ဆရာ ရေးသား ထုတ်ဝေခဲ့သော 
စာအုပ်များ သည် မြန်မာ တည်သရွေ့ တည်တံ့ အောင်မြင်နေမည်မှာ သေချာပါသည်။ 
ထိုကဲ့သို့သော စာရေးဆရာကြီး၏ ကလောင် အမည်ကို မိမိအနေဖြင့် ရယူသုံးစွဲရန် 
သင့်၊ မသင့် ကာယကံရှင် အနေဖြင့် ဆင်ခြင်သုံးသပ် သင့်ပါသည်။ ဒုတိယ ဖိုးစိန် 
ဖြစ်မည့်အစား ကလောင်အမည်သစ် တစ်ခု ရွေးချယ်ရေးသား သင့်ကြောင်း အပြု 
သဘောဖြင့် တင်ပြလိုပါသည်။
ဤစာကို ရေးသားနေသည့် အချိန်တွင် 
ရှေ့တွင်ရှိနေသော နေ့စဉ်ထုတ် သတင်းစာ တစ်စောင်ကို အမှတ်မ ထင် ဆွဲယူ 
ဖတ်ရှုမိရာ ကလောင်အမည် တစ်ခုကို အမှတ်မထင် တွေ့မြင်ရ ပြန်ပါသည်။ သူရဇော် 
ဖြစ်ပါ သည်။ စာရေးသူ သိသော သူရဇော်မှာ ဦးစိန်လှိုင် (မဟာဝိဇ္ဇာ) ဖြစ်ပြီး 
ကလေးစာပေနှင့် လူငယ်စာပေများ ရေးသားရာတွင် ထူးချွန် ပြောင်မြောက်သူ 
ပညာရှင်တစ်ဦး ဖြစ်ပါသည်။ နိုင်ငံတော်က ချီးမြှင့်သည့် စာပေဗိမာန် စာပေဆု၊ 
အမျိုးသား စာပေဆု အပါအဝင် အခြားဆုပေါင်း များစွာ ချီးမြှင့်ခြင်း ခံထားရသူ 
တစ်ဦး ဖြစ်ပါသည်။ 
သတင်းစာတွင် တွေ့မြင် ဖတ်ရှုလိုက် ရသော တွေ့ဆုံ 
မေးမြန်းခြင်းမျိုးကို ဆရာသူရဇော် တစ်ကြိမ် တစ်ခါမျှ ရေးသားခဲ့ဖူးခြင်း 
မရှိပါ။ ကျွန်တော် သိသော နိုင်ငံကျော် စာရေးဆရာကြီး သူရဇော် မဟုတ်လျှင် 
အခြားတစ်ယောက် ဖြစ်ပါလိမ့်မည်။ စာနယ်ဇင်း လောကသို့ စတင် ခြေလှမ်း ဝင်ရောက် 
လာကြမည့် ကလောင်သစ်များအား အနူးအညွှတ် မေတ္တာရပ်ခံ လိုပါသည်။ 
အရှိန်အဝါအားဖြင့်၊ သြဇာအား ဖြင့် ကြီးမားသော မိမိရှေ့က ဆရာကြီးများ၏ 
ကလောင်အမည်ကို ရှောင်သင့်ပါသည်။ ကိုယ်ပိုင် အမည်ဖြင့် အောင်မြင်အောင် 
ကြိုးစား ရေးသားလျှင် ကိုယ်ပိုင် အောင်မြင်မှု အစစ်အမှန် ဖြစ်ပါမည် ဟု 
မေတ္တာရှေ့ ထားကာ ရေးသား တင်ပြလိုက်ရပါသည်။      ။
No comments:
Post a Comment