စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"တစ်ပါးသီလ အကြောင်း"




“ဗုဒ္ဓဘာသာမှာ တစ်ပါးသီလ ရှိသလား” ဟုမေးကြ၏။ ဗုဒ္ဓဘာသာမှာ “တစ်ပါးသီလ၊ နှစ်ပါးသီလ၊ သုံးပါးသီလ၊ လေးပါးသီလဟု” ဘုရားဟောပါဠိတော်များမှာ မတွေ့ရပါ။ သို့ရာတွင် “တစ်ပါးတတ်နိုင်လျှင် တစ်ပါး၊ နှစ်ပါးတတ်နိုင်ရင်နှစ်ပါး၊ စသည်ဖြင့် စောင့်သုံးနိုင်ကြောင်း အဋ္ဌကထာကျမ်းများမှာ ဖွင့်ဆိုထားသည့်အတွက် တစ်ပါးသီလ၊ နှစ်ပါးသီလ အဖြစ်ဖြစ်ဖြင့် စောင့်ကောင်းပါသည်။”

တစ်ပါးသီလစောင့်ကောင်းခြင်း

တစ်ပါးသီလ၊ နှစ်ပါးသီလ စသည်ဖြင့် မြတ်စွာဘုရားရှင် မဟောကြားခဲ့သော်လည်း သမ္မောဟဝိနောဒနီ အဋ္ဌကထာ၊ သိက္ခာပဒဝိဘင်းအဖွင့်၌”လူဝတ်ကြောင်များမှာ သီလခံယူပြီးနောက် ကျူးလွန်သည့် သိက္ခာပုဒ် သာ ပျက်၏။ ကျန်သိက္ခာပုဒ်များမပျက်။ အကြောင်းမှာ လူများသည် သီလမမြဲကြ၊ အမြဲစောင့်နိုင်မှ စောင့်ရမည့် သီလမရှိသည့်အတွက်ကြောင့် ဖြစ်သည်။ စောင့်နိုင်သမျှ သိက္ခာပုဒ်ကိုသာ စောင့်ထိန်းကြသည်”ဟု မိန့်ဆိုထား ၏။ အဓိပ္ပာယ်မှာ ရှင်သာမဏေတို့မှာ ဆယ်ပါးသီလကို အမြဲစောင့်ထိန်းကြရ၏။ သိက္ခာပုဒ် တစ်ပါးပျက်လျှင် ဆယ်ပါးလုံးပျက်သွားကာရှင်သာမဏေ မဟုတ်တော့သည့်အတွက် ရှင်သာမဏေများ၌ ဆယ်ပါးသီလ အမြဲရှိရသကဲ့သို့ လူဝတ်ကြောင်များမှာ “သီလရှိမှ လူဖြစ်မယ်။ သီလမရှိရင် လူမဖြစ်” ဟု အမြဲစောင့်ထိန်းရမည့် သီလမရှိဟု ဆိုလိုပေသည်။

ဤအဋ္ဌကထာ အဆိုအမိန့်အရ လူဝတ်ကြောင်များသည် ဆယ်ပါးသီလကို မဆိုထားနှင့် ငါးပါးသီလကိုပင် တတ်နိုင်သမျှ စောင့်ရမည်။ ငါးပါးလုံးကို မစောင့်နိုင်ဘဲ တစ်ပါး၊ နှစ်ပါးသာ စောင့်ထိန်းလျှင်လည်း ငါးပါးလုံး မပြည့်၍ မစောင့်ကောင်း၊ စောင့်သော်လည်း ကုသိုလ်မရ၊ သီလမဖြစ်ဟု မဆိုနိုင်ပါချေ။ ငါးပါးမပြည့်ဘဲ စောင့်နိုင်သမျှ စောင့်ရာမှာ ကုသိုလ်လည်းရ၏။ သီလအစစ်လည်းဖြစ်၏ ဟု မှတ်ယူရမည်။ ဆက်၍ဆိုပါဦးမည်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်လာ “ ပရိယန္တပါရိသုဒ္ဓိသီလ”(ပိုင်းခြားဆောက်တည်၍ စင်ကြယ်သောသီလ) ဟူသောပုဒ် ကို အဋ္ဌကထာဖွင့်ဆိုရာ၌ ပိုင်းခြားဆောက်တည်၍ စင်ကြယ်သောသီလသည်
(၁)။ သိက္ခာပုဒ်အပိုင်းအခြား( သိက္ခာပဒ ပရိယန္တ)
(၂)။ ကာလအပိုင်းအခြား (ကာလပရိယန္တ) ဟု နှစ်မျိုးရှိ၏။
ထို့တွင် သိက္ခာပုဒ်အပိုင်းအခြားဆိုသည်မှာ ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည် အလိုရှိရာ ဆောက်တည်ရိုး အစဉ်အတိုင်း သိက္ခာပုဒ်တစ်ပါးသော်လည်းကောင်း၊ နှစ်ပါးသော်လည်းကောင်း၊ သုံးပါးသော် လည်းကောင်း၊ လေးပါးသော်လည်းကောင်း၊ ငါးပါးသော်လည်းကောင်း၊ ရှစ်ပါးသော်လည်းကောင်း၊ ဆယ်ပါးသော်လည်းကောင်း၊ စောင့်ထိန်းကြကုန်၏။ သိက္ခမာန်၊ သာမဏေယောက်ျား သာမဏေမိန်းမတို့မှာမူ ဆယ်ပါးသော သိက္ခာပုဒ်တို့ကို ဆောက်တည်ကျင့်သုံးကြ၏ဟု ဖွင့်ဆိုထားသည်။

ဤအဋ္ဌကထာဖွင့်ဆိုချက်အရလည်း လူဝတ်ကြောင်တို့သည် သိက္ခာပုဒ်တစ်ပါးကိုပဲဖြစ်ဖြစ်၊ နှစ်ပါး၊ သုံးပါး၊ လေးပါး၊ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးကိုပဲဖြစ်ဖြစ်ဆောက်တည်ပြီး လုံလုံခြုံခြုံစောင့်ထိန်းနိုင်လျှင် သိက္ခာပဒပရိယန္တ ပါရိသုဒ္ဓိသီလ( သိက္ခာပုဒ် အပိုင်းအခြားရှိ၍ စင်ကြယ်သောသီလ) အမှန်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာမှာ တစ်ပါးသီလ၊ နှစ်ပါးသီလ၊ သုံးပါးသီလ၊ လေးပါးသီလဟူ၍မရှိ။ ငါးပါးသီလသာ ထင်ရှားရှိစေကာမူ ငါးပါးလုံး ဆောက်တည်နိုင်မှ ဆောက်တည်ကောင်း၊ စောင့်ထိန်းကောင်းသည်မဟုတ်၊ တစ်ပါးတတ်နိုင်လျှင်တစ်ပါး၊ နှစ်ပါးတတ်နိုင်လျှင် နှစ်ပါး၊ သုံးပါးတတ်နိုင်လျှင် သုံးပါး၊ လေးပါးတတ်နိုင်လျှင် လေးပါး ဆောက်တည်ကျင့်သုံး ကောင်းကြောင်း မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးဆုံးဖြတ်တော်မူထား၏။ ထို့ကြောင့် ဗုဒ္ဓဘာသာမှာ တစ်ပါးသီလဟူ၍ကားမရှိ။ သို့သော် စောင့်ထိန်းလိုလျှင် စောင့်ကောင်း၏။ ကုသိုလ်လည်းရ၏ သီလလည်း ဖြစ်၏။

တစ်ထိုင်သီလ၊ ကျောင်းနေသီလ
ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၊ သီလမယဥာဏနိဒ္ဒေသ အဖွင့်မှာလည်း ကာလအပိုင်းအခြားရှိသည့် သီလ (ကာလပရိယန္တ)သီလဆိုသည်မှာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်လေ့ရှိကြသော ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည် အလှူလှူဒါန်းကြသည့်အခါ မိမိကျွေးမွေးလှူဒါန်းသည့်အချိန်တွင်း ပိုင်းခြား၍ သီလကို ဆောက်တည်ကြကုန်၏။ (ယခုခေတ်၊ တစ်ထိုင်သီလဟု ပြောဆိုနေကြသည့် သီလမျိုးဖြစ်၏။)

ဘုန်းတော်ကြီးများကျောင်းသို့ သွားရောက်ကြသောအခါ ကျောင်းမှ မပြန်မီ အတောအတွင်း သီလကို ဆောက်တည်ကြကုန်၏။( ကျောင်းမှာနေသည့် ကာလအပိုင်းအခြား ဆောက်တည်သော သီလမျိုးဖြစ်၏။) တစ်ရက်၊နှစ်ရက်၊ သုံးရက်၊ ထိုထက်များသောရက်တို့ကို ညဥ့်နေ့ပိုင်းခြားပြီး ဆောက်တည်ကြ၏။ ဤသို့စွမ်းနိုင် သမျှ အချိန်ကာလကို ပိုင်းခြားသတ်မှတ်၍ ဆောက်တည်သော သီလမျိုးဖြစ်သည်။)

ဤအဋ္ဌကထာကျမ်း၏ အဆိုအမိန့်အရ တစ်နေ့လုံး မဟုတ်ဘဲ သံဃာတော်များကို အိမ်သို့ပင့်ပြီး လှူဒါန်းနေ သည့် အချိန်ပိုင်း၌ဖြစ်စေ၊ ကျောင်းသို့သွားသည့်အခါ ကျောင်းမှနေသရွေ့အချန်ပိုင်း၌ဖြစ်စေ၊ သီလစောင့်သုံး နိုင်ကြောင်း၊ ကာလပရိယန္တသီလမျိုးဖြစ်ကြောင်း သိသာထင်ရှားသည့်အတွက် ညဘက်မှာ ပိုင်းခြားသတ်မှတ်ပြီး ဆောက်တည်လိုကလည်း ဆောက်တည်နိုင်၏။

ထို့ကြောင့် “ဥပုသ်နေ့မှာ ညစာမစားဘဲ မနေနိုင်သေးသည့် ကလေးသူငယ်များကို နံနက်ပိုင်းအတွက် ကာလသတ်မှတ်ကာ ဥပုသ်သီလဆောက်တည်စေကောင်းသည်” ဟု ဆရာတော်ကြီးများမိန့်ဆိုတော်မူခြင်း ဖြစ်သည်။ မြတ်သည့်အကျင့်ကို တစ်နေ့လုံးကျင့်မှ ကုသိုလ်ရမည်။ အချိန်တစ်စိတ်တစ်ပိုင်းကျင့်လျှင် ကုသိုလ်မရဟု မဆိုနိုင်။ ကျင့်နိုင်သမျှ ကုသိုလ်ရသည့်အတွက် ဆရာတော်ကြီးများ၏ မိန့်ဆိုချက်အတိုင်း စွမ်းနိုင်သမျှ အချိန်ပိုင်းဖြင့် သီလဆောက်တည် ကျင့်သုံးကောင်းသည်ဟု အသိပေးရေးသားလိုက်ရပါသည်။

မှတ်ချက်။ ။ ဓမ္မာစရိယဦးအေးနိုင်(ဘီအေ)၏ ဗုဒ္ဓဘာသာဂုဏ်ရည်စာအုပ်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...