စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓရုပ်ပွါးတော်များကို ဘာကြောင့် အရှေ့ရပ်သို့ မျက်နှာမူထားရပါသလဲ။”



==========================================
ရှေးဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် သုံးလောကထွဋ်တင် သဗ္ဗညုဘုရားရှင်၏ ထူးခြားသော တကယ့်ဖြစ်စဉ်ယဉ်ကျေးမှုကို အတုယူပြီး အမြော်အမြင်ကြီးစွာဖြင့် ကျမ်းဂန်များနှင့်အညီ အရှေ့ရပ်သို့မျက်နှာမူပြီး ဗုဒ္ဓရုပ်ပွားတော်များကိုတည်ဆောက်ခဲ့ကြခြင်းဖြစ်ပါသည်။

" ပုရတ္တာဘိမုခေါ နိသီဒ ပါစိနဒိသာဘိမုခေါ နိသီဒိတွာ" လို့ကျမ်းဂန်များတွင် ဖွင့်ဆိုသည့်အတိုင်း ...ဘုရားရှင်တိုင်း၊ဘုရားရှင်တိုင်းသည် အရှေ့ရပ်ကို မျက်နှာမူပြီးသာလျှင် ကိလေသာ
အားလုံးကို ဖြိုဖျက်ကာ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရလျှက်သုံးလောကထွဋ်တား ဘုရားရှင်အဖြစ်သို့ရောက်ရမြဲ ထုံးစံဖြစ်ပါသည်။ မြတ်စွာဘုရားရှင် လက်ထက်တော်အခါက သူတော်ကောင်းများသည် မြတ်စွာဘုရား၏ ဓမ္မာသနပလ္လင်နေရာကို အဆောက်အအုံဟောခန်း၊ မဏ္ဍပ် စသည်တို့၏ အလယ်ဗဟိုတိုင်ကို အမှီပြုပြီး အရှေ့ဘက် မျက်နှာမူကာ တည်ဆောက်ထားကြမြဲ ထုံးစံဖြစ်၏။မြတ်စွာဘုရားရှင်သည် အရှေ့ရပ်ကိုမျက်နှာမူကာ တရားဟောကြား
တော်မူမြဲ ထုံးစံပင်ဖြစ်သည်။ ထိုကျမ်းဂန်လာထုံးစံ သဘာဝတို့ကိုအတုယူပြီးလျှင် ဗုဒ္ဓရုပ်ပွားတော်များကို အရှေ့ဘက်သို့မျက်နှာမူလျက်ထည်ထား ကိုးကွယ်ကြခြင်းဖြစ်ပါသည်။

ကမ္ဘာဦးအခါ နေနှင့်လ တို့သည်လည်းကောင်း၊စကြ၀တေးမင်းအား
ထိုက်တန်သော စတြာရတနာသည်လည်းကောင်း၊လူသားများ၏
အလိုဆန္ဒ၊ သတ္တ၀ါတို့၏ကံအားလျော်စွာ အရှေ့လောကဓာတ်မှ ထွက်ပေါ်လာမြဲထုံးစံ ဖြစ်ကြကုန်၏။ အရှေ့ရပ်သည် ကျေးဇူးများပြီး မိဘနှင့် တင်စားခေါ်ဝေါ်အပ်သော မိဘရှိရာအရပ်တည်း။ ထိုသို့တန်ဖိုးထားအပ် မြင့်မြတ်သောအရပ် ဖြစ်သောကြောင့် ရှေးရှေး ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို တန်ဖိုးထားနိမိတ် ယူပြီးလျှင် ..ဗုဒ္ဓရုပ်ပွားတော်များကို အရှေ့ဘက်သို့မျက်နှာမူ တည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။

ဒီပါအေးဆရာတော် ဦးနန္ဒမာလာ ၏ "လောကဓမ္မအမေးအဖြေများ" စာအုပ်မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...