စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြတ်စွာဘုရား၏ အားတော်ဆယ်ပါး။


••••••••••••••••••••••••••••••
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည်၏အပြင် ဝေသာလီပြည်၏ အနောက်မျက်နှာ အရပ်တွင်ရှိသော အပရပူရတောအုပ်၌ သီတင်းသုံး နေတော်မူ၏။ အသျှင်သာရိပုတြာသည် ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းခံရာမှ ဖဲခွါလျက် ဆွမ်းစားပြီးနောက် မြတ်စွာဘုရားရှိတော်မူရာသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၏။ မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူ၏။

သာရိပုတြာ - မြတ်စွာဘုရား၏ အားတော်တို့သည် ဆယ်ပါးတို့တည်း၊
မြတ်စွာဘုရားသည်ယင်းအားတော်တို့နှင့် ပြည့်စုံသည်ဖြစ်၍ မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကိုမြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။

အားတော်ဆယ်ပါးတို့ဟူသည် အဘယ်တို့နည်း ဟူမူ-

သာရိပုတြာ - ဤလောက၌ မြတ်စွာဘုရားသည် အကြောင်းဟုတ်သည်ကိုလည်း အကြောင်းဟုတ်သောအားဖြင့်, အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သောအားဖြင့်
ဟုတ်တိုင်းမှန်စွာ ခွဲခြား၍သိ၏၊ (၁)

သာရိပုတြာ - ထို့ပြင်လည်း မြတ်စွာဘုရားသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သည့် ဆောက်တည်၍ပြုအပ်သော ကံတို့၏ အကျိုးကို အထောက်အပံ့အားဖြင့် အကြောင်းအားဖြင့် ဟုတ်တိုင်းမှန်စွာ ခွဲခြား၍သိ၏။ (၂)

သာရိပုတြာ - ထို့ပြင်လည်း မြတ်စွာဘုရားသည် အလုံးစုံသော ဂတိငါးတန်နှင့် နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ ယင်းသို့ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ (၃)

သာရိပုတြာ - ထို့ပြင်လည်း မြတ်စွာဘုရားသည် များပြားသောဓာတ် အမျိုးမျိုးသော ဓာတ်တို့ရှိသောလောကကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ (၄)

သာရိပုတြာ - ထို့ပြင်လည်း မြတ်စွာဘုရားသည် သတ္တဝါတို့၏ စိတ်ထား အမျိုးမျိုးကိုဟုတ်တိုင်း မှန်စွာခွဲခြား၍ သိ၏၊ (၅)

သာရိပုတြာ - ထို့ပြင်လည်း မြတ်စွာဘုရားသည် အယုတ် အမြတ်ဖြစ်သော ပုဂ္ဂိုလ်သတ္တဝါတို့၏ဣနြေ္ဒအနု အရင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ (၆)

သာရိပုတြာ - ထို့ပြင်လည်း မြတ်စွာဘုရားသည် ဈာန် ဝိမောက္ခ သမာဓိ သမာပတ်တို့၏ ညစ်ညူးကြောင်း ဖြူစင်ကြောင်း ထမြောက်ကြောင်းကို
ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ (၇)

သာရိပုတြာ - ထို့ပြင်လည်း မြတ်စွာဘုရားသည် များပြားသော
ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝ, သုံးဘဝ, လေးဘဝ, ငါးဘဝ, ဆယ်ဘဝ, ဘဝနှစ်ဆယ်, ဘဝသုံးဆယ်, ဘဝလေးဆယ်, ဘဝငါးဆယ်, ဘဝတစ်ရာ, ဘဝတစ်ထောင်, ဘဝတစ်သိန်းတို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်
တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း၊ ဤမည်သောဘဝ၌ ''(ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား
ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊
ထိုဘဝ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သောအနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကိုခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏'' ဟု ဤသို့သော အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကိုအောက်မေ့နိုင်၏။ (၈)

သာရိပုတြာ - ထို့ပြင်လည်း မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက်သာလွန်သော နတ်မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်နိုင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သောသတ္တဝါတို့ကို သိနိုင်၏၊ (၉)

သာရိပုတြာ - ထို့ပြင်လည်း မြတ်စွာဘုရားသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကိုယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက်
ရောက်၍ နေတော်မူ၏။ (၁ဝ)

သာရိပုတြာ - မြတ်စွာဘုရား၏ အားတို့သည် ဤဆယ်ပါးတို့တည်း။
မြတ်စွာဘုရားသည် ယင်းအားတို့နှင့် ပြည့်စုံသည်ဖြစ်၍ မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (ဟုဟောတော်မူလေ၏)

( မဇ္ဈိမနိကာယ်။ သီဟနာဒဝဂ် )

https://www.facebook.com/photo.php?fbid=422033854561118&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...