စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေရိကန် ပညာရေးစနစ်




Published on Tuesday, 21 May 2013

Written by ရဲမင်းထွန်း

ညီလေးရေ

အကိုလည်းမအားတာနှင့် စာမရေးဖြစ်ဘူး။ အခုတော့ နွေရာသီကျောင်းခဏနားလို့ အချိန်ရတာနှင့် အကိုလည်း ပြောချင်တာတွေ များနေပြီး ဖြစ်လို့ စာရေးလိုက်ပါတယ်။ အကို ဒီတခါ ပြောပြချင်တာက အမေရိကန်တွေရဲ့ ပညာသင်ကြားရေး စနစ်ကိုပါ။ သူတို့လိုမျိုး စနစ်ကောင်းတွေ နှင့် ညီလေးတို့ကိုလည်း ကိုယ့်တိုင်းပြည်မှာ ပြုစု ပျိုးထောင်ပေးချင်တဲ့ စေတနာကြောင့် ရေးလိုက်တာဖြစ်ပါတယ် ညီတော်မောင်ရေ။

တက္ကသိုလ်ပညာရေး အတန်းစနစ်

ဘွဲ့ယူဖို့အတွက် ပညာသင်ကြားရာမှာ လေးလကို Semester တခုအဖြစ် သတ်မှတ်ပြီး တနှစ်မှာ Semester, Spring, and Summer တို့ရှိပြီး။ Summer ကတော့ နှစ်လတာ ကြာတဲ့ Half Semester ဖြစ်တယ်ညီလေးရေ။ ကျောင်းသားတယောက် ဘွဲ့ယူမယ်ဆိုရင် သူရဲ့ ဒီဂရီအပေါ် မူတည်ပြီး အချိန်ကြာမြင့်မှာပါ။ ဒီဂရီတခုဖို့ အတွက် သူ သတ်မှတ်ထားတဲ့ အတန်းတွေမှာ တက်ပြီး Credit ကိုဖြည့်ရပါတယ်။ ဆိုပါစို့ Associate Degree တခုအတွက် အနည်းဆုံး 62 credits ရှိလို့ အချိန်ပြည့် ကျောင်းသားအဖြစ်နှင့် ကြိုးစားရင် နှစ်နှစ်နှင့် လေးလနီးပါး ကြာနိုင်ပါတယ်။ Bachelor Degree ဆိုရင်တော့ နှစ်ဆပေါ့ကွာ။ မိမိသက်ဆိုင်တဲ့ ဒီဂရီအတွက် လိုအပ်တဲ့ Credits ပြည့်ဖို့ ဘယ်လိုအတန်းတွေ ဘာတွေ သင်ယူရမည်ဆိုတဲ့ သင်ရိုးတန်းအညွှန်း ( Curriculum Guide) ကို ကျောင်းအင်တာနက် စာမျက်နှာမှာ အချိန်မရွေး ပုံနှိပ်လို့ရပြီး။ Academic Center တွေမှာ အသင့် ပုံနှိပ်ပြီးသားများ ရနိုင်တယ်။

ဒီနေရာမှာအတန်း Credit ဆိုလိုရင်း ကိုလည်း ရှင်းပြပါအုံးမယ်။ 1 credit ဆိုတာတပတ်မှာ အတန်းချိန် တနာရီ ဖြစ်ပြီး။ ပုံမှန်အားဖြင့် ဘာသာရပ်ဆိုင်ရာ အတန်းတွေက 3 credits 4 credits ရှိပြီးတချို့ ရှားရှားပါးပါး 6 Credits အတန်းတွေလည်း ရှိတယ်။ အချိန်ပြည့် ကျောင်းသားဆိုတာ 12 credits နှင့် အထက်ကိုပြောတာပါ။ သူတို့ အတန်းသတ်မှတ်ချက် လေ့လာသင်ကြားမှုတွေအရ ကျောင်းသား တစ်ယောက်က 12 to 16 credits ထက်ပိုပြီး ဘယ်လိုမှ ကျောင်းမတက်နိုင်ဖို့ မလွယ်ပါဘူးကွာ။ ကျောင်းစာတွေက များလွန်းလို့ပါ။

ကြီးလေးတဲ့ ပညာရေး ရာဇ၀တ်မှု


အကို ပထမဆုံး ကောလိပ်တန်းကို စတက်တဲ့နေ့မှာ ထူးထူးခြားခြား တွေ့ရတာက ကျောင်းသားနှင့် ဆရာ အကြားက သဘောတူညီချက် စာချုပ် လက်မှတ် ရေးထိုးရတာပါ။ အဲဒီစာချုပ်မှာ များသောအားဖြင့် ပါမောက္ခတွေက သူတို့လိုချင်တဲ့ စည်းကမ်းချက်တွေနှင့် ပညာရေးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ပါဝင်တယ်။ ခိုးချတာက အမေရိကား ပညာရေးလောကမှာ သိပ်ကြီးလေးတဲ့ ရာဇ၀တ်မှုပါပဲ။ The Violations of academic integrity list ထည့်သွင်းပြီး ကျောင်း အပြီးအပိုင် ထုက်ပစ်လို့ရတယ်။ အဲဒီလို လုပ်ခံရရင် ကိုယ့်ပညာရေး မှတ်တမ်းမှာ အမည်းစက် ထင်သွားမှာ ဖြစ်လို့ အခြားကျောင်းတွေမှာ မှတ်ပုံတင်ဖို့လည်း လက်မခံပါ။ ဒါကြောင့် တော်တော် ရှောင်ရှား ကြပါတယ်။ အဆိုးဆုံး အခြေနေအရ လိုအပ်ပါက ရှိထားပြီးသား ပညာအရည်ချင်း သတ်မှတ်ချက်ကိုပါ ပြန်လည် ရုတ်သိမ်းလို့ ရပါတယ်။

မရိုင်းနဲ့

ဆရာတွေက ကျောင်းသားကို ပေးတဲ့ အခွင့်ရေးတွေမှာ အတန်းထဲမှာ အချိုရည် သောက်ခွင့်လိုမျိုး အိမ်စာ တစ်ရက်နောက်ကျခွင့် စသည်ဖြင့် ဆရာတစ်ဦးနှင့် တစ်ဦး မတူညီသော်လည်း ဖုန်းသုံးခြင်းနှင့် ရိုင်းပြသော စကားလုံးများ F word သုံးခြင်းကို ခွင့်မပြုပါ။ သူအကြောင်း ကိုယ့်အကြောင်း အတိုချုပ်ပြောပြီး မိတ်ဆက်ရတယ်။ အမည်ကို ဘယ်လို ခေါ်စေချင်လည်း ချစ်စနိုးအမည် ခေါ်ပေးရမှာလား စသည်ဖြင့် သဘောတူညီချက် ရယူတယ်။ Semester တခုလုံး သင်ကြားပို့ချမည့် အချိန်ဇယား ထုက်ပေးပါတယ်။

စာမေးပွဲကို မယုံကြည်ကြဘူး

အဲဒီမှာ အမေရိကန်ပညာရေးစနစ်ရဲ့ ကျောင်းသား အရည်ချင်းစစ်ပုံ အယူဆကို ပြောပြချင်ပါတယ်။ အမေရိကန်တွေက စာမေးပွဲတွေကို အပြည့်ဝ မယုံကြည် ပါဘူး။ သူတို့အမြင်မှာ စာမေးပွဲတခုကို အမှတ် ကောင်းအောင် ဖြေနိုင်ရုံနှင့် ဒီကျောင်းသားတယောက် ပညာ အရည်ချင်း ပြည့်စုံတယ်လို့ မယူဆဘူး။ အဲဒါ ကိုယ်တို့ တိုင်းပြည်မှာ လက်ခံ စဉ်းစားသင့်တဲ့ အရေးကြီးဆုံး အချက်ပါ။

စာများများဖတ် ပြန်ဆွေးနွေးတင်ပြ၊ လိုအပ်ရင် အင်တာဗျူးတွေလုပ်၊ လက်တွေ့ဆင်း၊ စာတမ်းရေး အဲဒီအပေါ်မှာ အမှတ်ပေးတယ်။

ဒီတော့ ကျောင်းသားတယောက်ကို အတန်း တစ်တန်းပြီးမြောက် အောင်မြင်ဖို့ ဘယ်လိုမျိုးအမှတ်တွေ ပေးလဲ ဆိုတာကိုပြောပြချင်ပါတယ်။ ဘာသာရပ်အပေါ် မူတည်ပြီး အမှတ်ပေးပုံ ကွဲပြားပြီး အခြေခံအားဖြင့်တော့ တူညီကြပါတယ်။

ဥပမာအားဖြင့်

အတန်းမှန်မှန် တက်ရောက်မှု (Participation ) ၁၀%

ဘာသာရပ်ဆိုင်ရာ ကိုယ်ပိုင် အမြင်သုံးသပ်ချက် ( Analysis ) ၂၀%

လက်တွေ့လုပ်ငန်းစီမံချက် လုပ်ဆောင်မှု (Projects) ၂၀%

အပတ်စဉ်စာမေးပွဲ (Quiz) ၁၀%

လစဉ်စာမေးပွဲ (Test) ၁၅%

အတန်းတင်စာမေးပွဲ (Final) ၂၅% နှင့်

အထူးအမှတ်အတွက် ကြိုးစားပါက ၅% အထိ ရှိနိုင်ပြီး

အဲဒီ Extra credits မှာအကြောင်းကြောင်းကြောင့် တနေရာမှာ အမှတ် ပြုတ်ခဲ့သူများအတွက် ၁၀၀% ပြည့်ရအောင် ပြန်လိုက်နိုင်ရန် အခွင့်ရေးလည်း ဖြစ်ပေသည်။ သို့သော်လည်း ၅% ထက် မပိုသောကြောင့် အလွန်အမင်း အားကိုးလို့မရပါ။ ဘာသာရပ်နှင့် ပါမောက္ခအပေါ် မူတည်ပြီး Extra credits ပေးပုံလည်းကွဲပြားသေးတယ်။

စာမေးပွဲထက် ပိုခက်ခဲတယ်

အကို လေ့လာနေတဲ့ နိုင်ငံရေးသိပ္ပံကအချို့သောအတန်းတွေဆိုလို့ရှိရင် စာမေးပွဲလုံးဝ မရှိပါဘူး။ စာမေးပွဲထက် ခက်ခဲတဲ့၊ ပို အလုပ်များတဲ့ ဘာသာရပ်နှင့် တိုက်ရိုက် သက်ဆိုင်သော ပြည်နယ်လွှတ်တော် တက်ရောက် နားထောင်မှု ဝေဖန်သုံးသတ်ချက်နှင့် အကြံပေးချက်များကို စာတမ်း ရေးရပါတယ်။ လစဉ်လည်း လက်ရှိ နိုင်ငံရေးအခြေနေကို စာတမ်းတင်ရတာ အဲဒီ့စာတမ်းတွေမှာ ပါသင့်သော နိုင်ငံရေး အတွေးအခေါ်တွေ (Political Ideologies) ခြုံငုံသုံးသပ်ချက် (Analysis) နှင့် အချက်လက် စုစည်းမှုတင်ပြမှု (Research sources ) တွေနှင့် ပြဿနာကို အဓိပ္ပါယ်ဖွင့်ဆိုချက် ( Definition ) တွေဖြင့် ရေးသားတင်ပြမှုကို အမှတ်ပေးတဲ့ အတန်းမျိုးတွေ ရှိပါတယ်။ ဒီတော့ အကိုတို့တွေ ပြောနေတဲ့ စာတွေ့နှင့် လက်တွေ့ မတူဘူးဆိုတာမျိုး အမေရိကန်ပညာရေးမှာ မရှိဘူး။ လက်တွေ့ လိုအပ်တဲ့နေရာတွေမှာ လက်တွေ့ သွားလုပ်မှ အောင်မှတ်ရမယ်။ စာမေးပွဲက ကျောင်းသား တစ်ယောက်အတွက် အဓိက အောင်မှတ် မဟုတ်ပါ။

စဉ်ဆက်မပြတ် စစ်ဆေးတယ်။ နည်းလမ်းမျိုးစုံ သုံးသယ်။ ကိုယ်တိုင် အချိန်ပေး လေ့လာမှတ်သား ရေးသားစီကုံးမှုအပေါ်မှာ အမှတ်ရတယ်။

အမှတ်ပေါ်မှာ အဆင့်ခွဲတာကို ရှင်းပြချင်ပါတယ်။ Grade ကို ၁ ကနေပြီး ၄ အထိသတ်မှတ်ထားပြီး ၄ ဆိုတာ အကောင်းဆုံး စာရင်းဝင်ပါ။

၁ မှ ၆၀ အထိကို Grade 0 ( ကျရှုံး )

၆၁ မှ ၆၅ အထိGrade 1( ကျရှုံး)
၆၆ မှ ၇၀ အထိGrade 1.5 ( အလွန် အနည်းငယ်သော ဘာသာရပ်တွေမှာ အောင်မှတ်အဖြစ် ခွင့်ပြုသည။်)
၇၁ မှ ၇၇ အထိကိုGrade 2 ( အချို့ ဘာသာရပ်တွေမှာ အောင်မှတ်ဖြစ်သည်။)
၇၈ မှ ၈၁အထိGrade 2.5 ( အများစုသော ဘာသာရပ်များ အောင်မှတ် ဖြစ်သည်။)

၈၂ မှ ၈၇ အထိGrade 3 ( မည်သည့် ဘာသာရပ်မဆို B+ အောင်မှတ်ဖြစ်သည်)
၈၈ မှ ၉၂ အထိGrade 3.5 ( A စာရင်းဝင်)

၉၃ မှ ၁၀၀ အထိကို Grade 4 ( A+ ဂုဏ်ထူး ) စသည်ဖြင့် သတ်မှတ်ပြီး ယ္ခုတင်ပြသည့် အမှတ်ပေးစနစ်မှာ ယေဘူယျအားဖြင့်သော Grade တင်ပြချက်ဖြစ်ပြီး။ ဘာသာရပ်နှင့် ကျောင်းပေါ်လစီအရ ပြည်နယ် အဆင့် သတ်မှတ်ချက်အရ အနည်းငယ် ကွဲပြားမှုများရှိပါသည်။ ကျောင်းသားတဦးကို အတန်းပိုင် ပါမောက္ခမှ ၁၀% အထိ အမှတ် လျော့နိုင်ပြီး။ ပြစ်မှုကျုးလွန်ပါကအတန်းမှ ထုက်ပစ်နိုင်ခွင့် ရှိသည် သို့သော် ကျောင်းသားမှ ကျောင်းဘုတ်အဖွဲ့ကို ထုချေနိုင်ပြီး ဖြေရှင်းနိုင်ခွင့် ရှိသည်။

နောက်ဆုံးအဆင့် အမှတ်ပေးခြင်းသည် အတန်း ပါမောက္ခတွင် အာဏာအပြည့်ဝ မရှိပါ။ အတန်း ပါမောက္ခ၏ အစီရင်ခံနှင့် မှတ်ချက်အပါဝင် ကျောင်းသား၏ ကျောင်းလုပ်ငန်း အမှတ်များအပေါ် ကျောင်းအမှတ်ပေးအဖွဲ့က သတ်မှတ် ပေးခြင်းဖြစ်ပြီး။ အမှတ်ပေါ်ကျေနပ်မှု မရှိခြင်းနှင့် မိမိမှာ အမှတ်ပေးစနစ်အပေါ် မှားယွင်းသည်ဟု ခိုင်လုံသည့် အထောက်ထားရှိပါက အမှတ်ပေးဘုတ်အဖွဲ့ကို ထုချေလွှာ တင်ခွင့်ရှိပါသည်။

ညီလေးရေ

ဒီလောက်ဆိုရင် တို့တွေ အတန်း တစ်တန်းဝင်ဖို့ သတ်မှတ်ချက်တွေ စည်းမျဉ်းစည်းကမ်းတွေ သိပြီမို့ အမေရိကန်တွေရဲ့ ပညာရေးအဆင့် သတ်မှတ်ပုံကိုအကဲခတ်လို့ ရပါပြီ။ နောက်ဆုံးပိတ် အနေနှင့် ပြောချင်တာက အမေရိကန်ပညာရေးမှာ ကျောင်းသားတဦးက ကံကောင်းလို့ အောင်သွားတယ် ဆိုတာ မရှိပါဘူး။ ဘက်ပေါင်းစုံက မျှအောင် ကြိုးစားမှသာ အောင်မြင်တာဖြစ်လို့ စာမေးပွဲအောင်မြင်မှုသည် ကျောင်းသား အရည်အချင်း အပြည့်ဝမဟုတ် ဆိုသည့် ပညာရေးစနစ် အကိုတို့ တိုင်းပြည်မှာ ကျင့်သုံး ကြည့်စေချင်ပါသည်။ အဲဒါမှသာ အရည်ချင်းပြည့်ဝတဲ့ ကျောင်းသားတွေ ပေါ်ထွက်လာနိုင်မည်လို့ ယုံကြည်ပါတယ်။ ကဲညီလေးရေ နောက်တခါကျရင် အမေရိကန်အစိုးရ ပညာသင်ကြေးငွေ လျှောက်ထားမှုနှင့် ထောက်ပံ့မှု ဥပဒေ စည်းမျဉ်းများအကြောင်း ရေးပေးပါအုံးမယ်။

ချစ်စွာသော အကိုကြီး

ရဲမင်းထွန်း
ဒီနေရာမှ ကူယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...