စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Ph.D ဒေါက်တာ ဆိုတာ ?





ယခုကာလပိုင်းအတွင်း ပြည်တွင်းကရော ပြည်ပကပါ ဒေါက်တာ အထူးသဖြင့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးတာတွေ၊ ရတာတွေ၊ ဂုဏ်ပြုတာတွေ ဖတ်နေ၊ ကြားနေ၊ သိနေရပါတယ်။ ဒါကြောင့် မို့ Ph.D ဒေါက်တာရဲ့ သဘောသဘာဝ၊ အနေအထား၊ အဆင့်အတန်းတို့ကို အများသိစေချင်လို့ ဒီဆောင်းပါးကိုရေးဖြစ်တာပါ။ မြန်မာလူမျိုးများ အများစုဖြစ်လေ့ဖြစ်ထရှိတဲ့ ဣဿမစ္ဆရိယ မနာလိုဝန် တိုမှုဖြင့် ရေးခြင်းမဟုတ်ကြောင်း ဦးစွာပဏာမခံပါရစေ။

Ph.D ရဲ့ full form ဟာ Doctor of Philosophy ပါ။ British English က Ph.D လို့ရေးပြီး အမေရိကန် အင်္ဂလိပ်က Ph.D လို့ရေးပါတယ်။ တချို့တက္ကသိုလ်တွေက doctorate လို့ သုံးပါသေးတယ်၊ D.Sc (Doctor of Scinece) လို့ သုံးတဲ့တက္ကသိုလ်လည်း ရှိပါသေးတယ်။ သူ့ရဲ့မူရင်းအရင်းအမြစ်သဘောကို စပြောပါမယ်။ First Degree လို့ခေါ်တဲ့ ပထမဆုံးရတဲ့ ဘွဲ့ကနေ M.A or M.Sc - မဟာသိပ္ပံ၊ မဟာဝိဇ္ဇာတန်းတက်ရပါတယ်။ အဲဒီမှာ တချို့တက္ကသိုလ်က နှစ်နှစ်ကြာပါတယ်။ တချို့က ၁၈ လကြာ ပါတယ်။ တချို့က တစ်နှစ်ပဲကြာပါတယ်။ Thesis လို့ခေါ်တဲ့ ကျမ်းစာတင်ပြီး ကျေနပ်မှဘွဲ့ပေးတာပါ။

ပုံမှန်ပညာရေးအစီအစဉ်အရဆိုရင် မဟာဘွဲ့မရဘဲနဲ့ Ph.D တန်း တက်လို့မရပါဘူး။ Ph.D တန်းအ တွက် ပညာသင်ဆုရရင်လည်း၊ မဟာဘွဲ့မရသေးရင်မဟာဘွဲ့ အရင်တက်ခိုင်းပြီးမှ Ph.D အတွက် ဆက်တက်ရပါတယ်။ တက္ကသိုလ်ချင်းမတူရင် Ph.D တန်းတက်ခွင့်ရဖို့အတွက် အခြားအချက်အလက် များအတူ မဟာတန်းကသင်ခဲ့တဲ့ကျမ်းစာ (Thesis) တင်ပြရပါတယ်။ အဲဒါကြိုတင်လိုအပ်ချက်ပါ။ Ph.D အတွက် လုပ်မယ့်ကျမ်းစာ (Dessertation) Proposal ကိုကြိုတင်ရပါတယ်။ အဲဒီ Proposal ကို ကြိုက်မှ (သို့မဟုတ်) ကြီးကြပ်နိုင်တဲ့ (Superviser) ပါမောက္ခတစ်ဦးဦးရှိမှ Ph.D တန်းတက်ခွင့်ပြုပါ တယ်။ အတန်းတက်ရတာကတော့ တက္ကသိုလ်အလိုက် ကွဲပြားပါတယ်။ တစ်နှစ်၊ နှစ်နှစ်ဆိုသလို ရှိကြ ပါတယ်။ အတန်းမှာအဓိကထားတာက ကျမ်းစာအတွက် သုတေသနလုပ်နည်းတွေ၊ တွက်နည်းတွေ၊ စဉ်းစားနည်းတွေ၊ စဉ်းစားစရာအချက်အလက်တွေ မပါမနေပါရမဲ့ အချက်အလက်တွေ သင်ပေးတာပါ။ 
 
အဓိကကျမ်းစာ (Dessertation) ကိုပေးတာပါ။ လူကိုပေးတာမဟုတ်ပါဘူး။ ကျမ်းစာဖြစ်လာအောင် လုပ်ခဲ့တဲ့ သုတေသနလုပ်ငန်းတွေနဲ့ အဲဒါတွေရဲ့ရလဒ်ကို ပေးတာပါ။ အနည်းဆုံး နှစ်နှစ်ကနေ သုံးနှစ်၊ တချို့ဆို ငါးနှစ်လောက်တောင်ကြာပါတယ်။ စိုက်စိုက်မတ်မတ်လုပ်ရတဲ့ သုတေသနလုပ်ငန်းပါ။ သီအိုရီအသစ်တစ်ခု (သို့မဟုတ်) အတွေးအခေါ်အသစ်တစ်ခု (သို့မဟုတ်) ထုတ်ကုန်အသစ်တစ်ခု ဖန်တီးပေးရတာပါ။ အဲဒီဖန်တီးပေးမှု (creative) ကိုပေးတဲ့ဘွဲ့ပါ။ ပုဂ္ဂိုလ်ကိုပေးတာမဟုတ်ဘဲ သူရဲ့ Product အတွက်ပေးတာပါ။ ဒါကပညာရေးပုံမှန် လုပ်ထုံးလုပ်နည်းနဲ့သွားတဲ့ Ph.D ပါ။ ဂျပန်က တချို့ တက္ကသိုလ်မှာဆို Ph.D ရပြီးမှ သုတေသနတွေ ဆက်လုပ်ခိုင်းပြီး ကျေနပ်မှ Doctorate ပေးတယ်လို့ ကြားဖူးပါတယ်။ ကျမ်းစာပြုစုရာမှာလည်း Supervisor လို့ခေါ်တဲ့ ကြီးကြပ်သူ ပါမောက္ခတစ်ဦးရှိသလို Advisor လို့ခေါ်တဲ့ အကြံပေးတဲ့ ပါမောက္ခတစ်ဦးလည်း ရှိကြပါတယ်။ အဲဒါအပြင် ကျမ်းစာပြီးလို့ Defense ထိုင်တဲ့အခါ ပါဝင်တဲ့ ပါမောက္ခများလည်း ရှိကြရပါတယ်။ အားလုံးဟာ Ph.D ရထား ပြီးရုံမက သုတေသနပေါင်းမြောက်မြားစွာ လုပ်ထားတဲ့သူတွေ ဖြစ်ကြရပါတယ်။ Defense မှာမေးတာ မဖြေနိုင်ရင် အားမနာပဲ ထပ်လုပ်ခိုင်းလေ့ရှိကြပါတယ်။ အားနာပြီးဘွဲ့ပေးလိုက်တာမရှိပါဘူး။ 
 
လာစစ်တဲ့သူတွေကိုလည်း ကျောင်းသားကလက်ဆောင် (သို့မဟုတ်) ငွေကြေးမပေးရပါဘူး။ ခရီးစရိတ်လည်း မထောက်ပံ့ရပါဘူး။ နေ့လည်စာ၊ မနက်စာလည်း မကျွေးရပါဘူး။ ကော်ဖီ၊ လ္ဘက်ရည်လည်း မတိုက်ရပါဘူး။ တချို့ဆို Double Ph.D ရယ်လို့ Ph.D နှစ်ခါတက်ပြီး ကျမ်းနှစ်ခု ပြုစုပြီးရကြပါတယ်။ မြန်မာနိုင်ငံမှာ ဒေါက်တာမောင်မောင်နဲ့ ဒေါက်တာအောင်ထွန်းသက်တို့ ဖြစ်ပါ တယ်။ အဲဒီလို Ph.D ရထားတဲ့ သူတွေဟာ သူတို့ရဲ့ British English အခေါ် Visiting Card or North American English အခေါ် Business Card or Name Card ပေါ်မှာ နာမည်ရဲ့နောက်မှာ Ph.D ဆိုတာပဲရေးပြီး ရှေ့မှာ Dr. လို့ တပ်လေ့တပ်ထ မရှိကြပါဘူး၊ အထူးသဖြင့် အမေရိကန်၊ ကနေဒါ၊ ဂျပန်နဲ့အချို့ West နိုင်ငံတွေပါ။ Dr. ဘယ်သူရယ်လို့လည်း သုံးလေ့သုံးထ ခေါ်လေ့ခေါ်ထ မရှိကြပါဘူး၊ မခေါ်ရဘူး၊ မသုံးရဘူးလို့တော့ သတ်မှတ်ချက်မရှိပါဘူး။ သုံးတဲ့သူလည်း သုံးကြပါတယ်။

နောက်တစ်ခုက ဂုဏ်ထူးဆောင် Ph.D ပါ။ ဘာအတန်းမှလည်း မတက်ဘူး၊ ဘာသုတေသနမှလည်း မလုပ်ဘူး။ ဘာကျမ်းစာမှလည်း မပြုစုဘူး၊ ဒါပေမယ့်သူ့ရဲ့ လွန်ခဲ့သောကာလများက တွေးခဲ့၊ ရေးခဲ့၊ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေကို လေးစားသမှုနဲ့ပေးတဲ့ Ph.D ပါ။ ဒါလည်း ဂုဏ်ယူစရာပါ။ ဂုဏ် ရှိတာပါပဲ။ ဒါပေမယ့် မိမိရဲ့ နာမည်ကတ်မှာ Ph.D လို့လည်း မရေးပါဘူး။ ရှေ့ကနာမည်ရှေ့မှာလည်း Dr. လို့လည်းမတပ်ကြပါဘူး။ 
 
ကျွန်တော်တို့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် ဆိုရင် ၁၅ ခု၊ ဦးနုဆိုရင် ၂ ခု၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ၁၀ ခု နီးပါးရှိပြီထင်တယ်။ တစ်ခါမှ ဒေါက်တာဦးသန့်၊ ဒေါက်တာမောင်နု၊ ဒေါက်တာအောင်ဆန်းစုကြည်လို့ သုံးတာမတွေ့ဖူးပါဘူး။ အခြားသူက သုံးပေးတာတောင် မသုံးပါနဲ့တားကြောင်း ပြောသံကြားဖူးပါတယ်။ ဒါပေမယ့် ပိုက်ဆံပေး ပြီးဝယ်ရတာတို့၊ ပုဂ္ဂိုလ်ရေးရာအရ ဖားပြီးပေးတာတို့ကတော့ စဉ်းစားစရာပါပဲ။ နောက်တစ်ခုက ကျွန် တော်တို့မြန်မာနိုင်ငံက တက္ကသိုလ်မှာ Ph.D ကိုအခြားနည်းနဲ့ပေးတာလည်း ရှိကြောင်းသိရပါတယ်။ အဲဒါကတော့ တက္ကသိုလ်က ပါမောက္ခတစ်ဦးဦးဟာ Ph.D တစ်ဦးဦးကိုမွေးထုတ်ပေးလိုက်ရင် အလိုလို အော်တိုမတ်တစ် Ph.D ရသွားတာပါပဲ။ Ph.D တစ်ခါမှမလုပ်ဖူးတဲ့၊ အတွေ့အကြုံမရှိတဲ့သူက Ph.D ကို မွေးထုတ်ပေးတယ်ဆိုတာ တော်တော်ကို reasonable မဖြစ်တဲ့ကိစ္စပါပဲ။

နောက်တစ်ခု ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖြစ်နေတာက Ph.D ဒေါက်တာဆိုရင် ခြောက်ပြစ်ကင်း သဲလဲစင် အကုန်တော်ပြီး တတ်ပြီးလို့ထင်နေကြတာ။ မဟုတ်ပါဘူး၊ သူလုပ်တဲ့ သုတေသန field တစ်ခုမှာပဲတော်တာပါ။ ဥပမာ-သတ္တဗေဒဆိုပါစို့ အကောင်တစ်ကောင်အကြောင်း သုတေသနလုပ် တာ၊ အဲဒီအကောင်နဲ့ပတ်သက်တာပဲ သူတော်တာပါ။ ဒါမှမဟုတ် တွားသွားသတ္တဝါတွေရဲ့ မေးရိုး၊ ကျောရိုး၊ အစာအိမ်၊ မျိုးပွားအင်္ဂါအစိတ်အပိုင်း တစ်ခုခုအကြောင်းလုပ်ရင် အဲဒီအစိတ်အပိုင်းတစ်ခုခုမှာ ပဲ သူတော်တာပါ။ ဥပဒေဆိုရင်လည်း ပြစ်မှုရှိတယ်၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးရှိတယ်၊ တရားမတို့၊ သက် သေတို့၊ ဖွဲ့စည်းပုံ၊ မြေယာ၊ ကုန်ရောင်းကုန်ဝယ် . . . စသဖြင့် ဥပဒေပေါင်းအခွဲတွေ အများကြီးရှိ တယ်။ အဲဒီထဲက သူအထူးပြုတဲ့ ဘာသာရပ်တစ်ခုခုမှာပဲ သူတော်တာပါ။ 
 
 စီးပွားရေးဆိုရင်လည်း Macro ရှိတယ်၊ တစ်ခါအဲဒီထဲမှာ Development ရှိတယ်၊ Finance ရှိတယ်၊ Planning ရှိတယ်၊ Dev-elopment မှာတစ်ခါ Urban Development ရှိတယ်၊ Rural Development ရှိတယ်၊ City Development ရှိတယ်၊ Transportation Development ရှိတယ်၊ Industrial Development ရှိတယ်။ Agricultural Development ရှိတယ်၊ Planning အပိုင်းမှာလည်း National Planning ရှိတယ်။ Sectoral Planning ရှိတယ်၊ Regional Planning ရှိတယ်၊ Project Planning ရှိတယ်။
 
 အဲဒီ ထဲကမှ Field တစ်ခုကို သုတေသနလုပ်တွက်ချက်ရတဲ့ရလဒ်ကို ကောက်ချက်ချပြီး တီထွင်လိုက်တဲ့ ဆန်းသစ်ချက်ကိုပဲ အသိအမှတ်ပြုတဲ့အနေနဲ့ Ph.D ပေးတာပါ။ အဲဒီ Specific Field မှာတော့ တကယ်တော်လို့ ပေးတာပါ။ ဒါပေမဲ့ အကုန်လုံးအခြား Field တွေရော၊ လူမှူရေး၊ ဘာသာရေး အကုန်လုံးတော်တာ မဟုတ်ပါဘူး။ Ph.D မရပေမယ့် အကုန်လုံးနီးပါးတော်တဲ့သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အထင်အရှားရှိခဲ့ရှိနေပါတယ်။ အထူးသဖြင့် way of thinking တော်တာပါ။ မြန်မာနိုင်ငံမှာ Agricultural economics နဲ့ Ph.D ရထားတဲ့လူကို ကုန်သွယ်ရေးနဲ့ကူးသန်းရောင်းဝယ်ရေး ကဏ္ဍမှာ Ph.D ဆိုရင် အကုန်တတ်တယ်လို့ထင်နေတဲ့ လူကြီးတစ်ဦးက ခေါ်သုံးထားတာတွေ့ရပါတယ်။ မရ ဘူးမဟုတ်ပေမဲ့ လူမှန်နေရာမှန် မဟုတ်တာတော့ သေချာပါတယ်။

ကမ္ဘာမှာ အထူးသဖြင့် အမေရိကန်နဲ့အင်္ဂလန်က နာမည်အကြီးဆုံးနဲ့ အခက်ဆုံးလို့သတ်မှတ်ထာတဲ့ တက္ကသိုလ်က Ph.D ဘွဲ့ရပြီး သာမန်ညံ့ရုံမဟုတ်ဘဲ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး စုံးစုံမြုပ်သွား အောင် ပေါ်လစီမှားချမှတ်ခဲ့တဲ့ ညံ့တဲ့သူတွေလည်း မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်။ လက်ရှိလဲ ရှိနေဆဲ ပါ။

Ph.D ရပြီးသူတွေရဲ့လုပ်ငန်းဟာ တက္ကသိုလ်မှာ ပါမောက္ခဖြစ်ဖြစ်၊ အခြားရုံး၊ ကိုယ်ပိုင်လုပ်ငန်းတွေမှာ ထိပ်ပိုင်းအရာရှိကြီးတွေဖြစ်ဖြစ် မပျက်မကွက်လုပ်ရမဲ့ အလုပ်တစ်ခုက ကိုယ်ရထားတဲ့ Ph.D ပညာ ပေါ်မူတည်ပြီး သုတေသနတွေ ကိုယ်တိုင်တစ်ဦးတည်းဖြစ်စေ၊ ရာထူးအဆင့်တူသူနဲ့တွဲ၍ဖြစ်စေ၊ Ph.D Candidates ကျောင်းသားတွေနဲ့တွဲ၍ဖြစ်စေ သုတေသနလုပ်နေရမှာ ဖြစ်ပါတယ်။ အနည်းဆုံး Ph.D လုပ်နေတဲ့သူတွေရဲ့ သုတေသနတွေကို Supervise, Advise လုပ်နေရမှာ ဖြစ်ပါတယ်။ သူများနိုင်ငံ တက္ကသိုလ်တွေမှာ ပါမောက္ခတွေဟာ လစာအပြင် သုတေသနရန်ပုံငွေပါရတာပါ။ မလုပ်မနေရ တွန်း အားပေးတဲ့သဘောလည်း ပါပါတယ်။ တက္ကသိုလ်က ဆရာအားလုံးဟာ ပါမောက္ခချည်းပါပဲ။ Assi-stant နဲ့ Associate လောက်ပဲကွာတာပါ။ ဝင်ဝင်ချင်းပါမောက္ခဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ မြန်မာ ပြည်မှာကတော့ လုပ်သက်အရပေးရင် တစ်ယောက်၊ များလှ နှစ်ယောက်ပဲပေးပါတယ်။ ဘာသုတေ သနမှလည်း မည်မည်ရရ လုပ်တာမတွေ့ရပါဘူး။ တစ်ခါလာလည်း ဒီသင်ခန်းစာပဲသင်၊ တစ်ခါလာ လည်း ဒီသင်ခန်းစာပဲသင်ပြီး ပြီးနေတာပါပဲ။ အသစ်ထွက်တာတွေလည်း မလေ့လာ၊ မသိပါဘူး။
 
 ဥပမာ တစ်ခုပြောရင် စီးပွားရေးတက္ကသိုလ်က အငြိမ်းစားယူခါစ ပါမောက္ခတစ်ဦးကို ပထမဘွဲ့က စီးပွားရေးတောင်မဟုတ်ဘဲ Further study ကျမှ စီးပွားရေးလေ့လာနေတဲ့ ပညာရှင်တစ်ဦးက LEAN Manufacturing ဆိုတာ ဘာလဲလို့မေးတော့ မသိဘူးလို့ဖြေသတဲ့၊ Chemistry နဲ့ရထားတဲ့သူတစ်ဦး ကို သကြားရဲ့ဓာတုဖွဲ့စည်းပုံမေးတော့လည်း သူ့ Field မဟုတ်လို့ မသိဘူးလို့ ဖြေတယ်။ တစ်ခါက သမိုင်းနဲ့ Ph.D ဘွဲ့ရထားတဲ့သူတစ်ဦးကို ဒုတိယမြန်မာနိုင်ငံကို တည်ထောင်သူက ဘယ်သူလဲလို့ မေးတော့ချက်ချင်းမဖြေနိုင်ဘူး။ ဖြေတော့လဲ တလွဲကြီးအနော်ရထာတဲ့။ ဒါဆို မြန်မာပြည်က Ph.D ကို စဉ်းစားကြည့်ပါ။ အကုန်လုံးမဆိုလိုမဲ့ တစ်ဦးတစ်လေတောင် မဖြစ်သင့်တဲ့ကိစ္စပါ။ Ph.D နဲ့ပတ်သက် ပြီး မြန်မာနိုင်ငံမှာ အလွဲကြီးတစ်ခုကတော့ တက္ကသိုလ်ဆရာ၊ ဆရာမထဲက Ph.D ရတဲ့သူတွေကို အထက်တန်းကျောင်းအုပ်ခန့်တဲ့ကိစ္စပါပဲ။ ဘယ်လိုအတွေးမျိုးနဲ့ ဒီကိစ္စလုပ်တယ်ဆိုတာ ဘယ်လိုမှကို တွေးလို့မရပါဘူး။ ယုံနိုင်စရာလည်း မရှိပါဘူး။ 
 
Ph.D ရပြီးတဲ့သူတွေရဲ့အတတ်ဟာ အဆင့်မြင့်ပညာပါ။ သာမန်ဘွဲ့ကြိုကျောင်းသားတွေထက်သာမက မဟာတန်းကျောင်းသားတွေကို အသိမျှပေး၊ အတတ် မျှပေး၊ ကြီးကြပ်အကြံပေးရမဲ့သူတွေပါ။ အထက်တန်းကျောင်းသားတွေကို သင်ဖို့ဟာ Ph.D အဆင့်ထိ တတ်စရာမလိုပါဘူး။ ဒါပေမဲ့ ပညာရေးသဘောတရားတို့ ပညာရေးစိတ်ပညာတို့ စတဲ့ပညာရေးဆိုင်ရာ သီအိုရီတွေ၊ ပညာတွေတော့ သိထားဖို့၊ တတ်ထားဖို့လိုသလို ကျောင်းအုပ်ဖြစ်တဲ့အတွက် စီမံခန့်ခွဲမှု Management ဘာသာရပ်ကို သိထားဖို့လိုပါတယ်။ နောက်တစ်ခုက အထက်တန်းကျောင်းသားတွေ စာသင်ရတာနဲ့ အုပ်ချုပ်ရတာက တက္ကသိုလ်ကျောင်းသားတွေ စာသင်ရတာ၊ အုပ်ချုပ်ရတာနဲ့မတူဘူး။ အဲဒါတွေမသိဘဲ အထက်တန်းကျောင်းအုပ်သွားလုပ်ခိုင်းတာကတော့ တော်တော်ကို စဉ်းစားဉာဏ်မဲ့ တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အရင်လူလုပ်သွားလို့ နောက်လူကပြင်မလားဆိုတော့ မပြင်ဘူး။ အရင်လူရော နောက်လူရော Ph.D ရထားတဲ့သူတွေပါ။ ဂေါ်ဘာချက်ကို ကြည့်ပါ။ အာဏာလက်ဝါးကြီးအုပ်ပြီး အာဏာရှင်အဖြစ်နေနိုင်ပေမဲ့ မနေဘဲဂလက်နော့၊ ပယ်ရီစတွိုက်ကာ စတဲ့အတွေးနဲ့လက်တွေ့ ပေါင်း စပ်ခဲ့သူပါ။ 
 
ဒီမိုကရေစီစနစ်ပြောင်းခဲ့သူပါ။ နောက်တစ်ခုက ကျွန်တော်တို့လက်ရှိသမ္မတကြီးကိုပဲကြည့် ပါ။ ဘယ်သူမှ အိမ်မက်တောင်မမက်ခဲ့တဲ့ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကြီးကို လုပ်ခဲ့တာ ရိုးရိုးပြောင်းတာမဟုတ်ပါဘူး Dramatical Change ပါ။ Real Great ပါ။ Real Fantastic ပါ။ တစ်မျိုး သားလုံး၊ ဆွေစဉ်မျိုးဆက် ကောင်းစားအောင် လုပ်ရဲသူလုပ်နိုင်သူပါ။ သမ္မတကြီးဟာ ပညာရေးအား ဖြင့် First Degree သာယူခဲ့သူပါ။ ဒါပေမဲ့ သူ့အတွေးအခေါ် စိတ်ကူးစိတ်သန်းကို ဘယ် Ph.D Holder က မီပါ့မလဲ။

မည်သို့ပင်ဆိုစေ၊ ဒေါက်တာဘွဲ့ရတာဟာ Academic Process အရ ရသည်ဖြစ်စေ၊ ဂုဏ်ထူးဆောင် ရသည်ဖြစ်စေ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကြွားစရာတော့မဟုတ်ပါဘူး။ ဒေါက်တာဘွဲ့မရဘဲ ရသူထက် တော်သူတွေ၊ တတ်သူတွေ၊ ကမ္ဘာမှာရော မြန်မာမှာပါတစ်ပုံတစ်ပင်ပါ။ ကမ္ဘာမှာ သင်္ဘောအများဆုံးပိုင် တဲ့ ဂရိသူဌေးအိုနာစစ်ဟာ ဘွဲ့တောင်မရခဲ့ပါဘူး။ ဒါပေမဲ့ ၁၀ တန်းအောင်တဲ့ အသက် ၁၆ နှစ်မှာ ဘာသာစကားလေးမျိုး ပြောတတ်နေပါပြီ။ မီးလုံးထွင်တဲ့ အက်ဒီဆင်ဟာ ကျောင်းအတန်းမအောင်ပါ ဘူး။ သူမေးတာ ဆရာ၊ ဆရာမတွေ မဖြေနိုင်လို့ သူ့အမေက အိမ်မှာ စာသင်ပေးခဲ့ရတာပါ။
 
 မြန်မာနိုင်ငံ မှာ MA ကျမ်းစာရော Ph.D ကျမ်းစာရော ကျွန်တော် Edit လုပ်ဖူးပါတယ်။ အင်္ဂလိပ်လို ရေးထားတာ ရှယ်ပဲ။ ဒါပေမဲ့ Abstract လည်း ဖတ်လိုက်ရော အကုန်ရေစုန်မျောတာပဲ။ အထဲမှာ ရေးထားတဲ့ အင်္ဂလိပ်စာအရေးအသားက ဆီနဲ့ရေပဲ၊ ရေမှ ရိုးရိုးရေကြည်မဟုတ်ဘူး။ ရွှံ့ဗွက်ရေဖြစ်နေတယ်။ ကိုယ်ကိုယ်တိုင် ရေးထားတဲ့စာနဲ့ ကူးချ၊ ဖြတ်၊ ညှပ်၊ ကပ် လုပ်ထားတဲ့စာနဲ့ အရမ်းသိသာလွန်းတယ်၊ ဒါပေမဲ့ ဘွဲ့ရသွားတာပဲ။ M.A ပဲဖြစ်ဖြစ် Ph.D ပဲဖြစ်ဖြစ် Subject Matter ကိုပေးတာ၊ Language ကို ပေးတာမဟုတ်ပါဘူး။ ဂျပန်မှာ ဂျပန်လိုရေးတင်ကြတာပါပဲ။ မြန်မာမှာရော မြန်မာလိုရေးရင်မရဘူး လား။ စဉ်းစားသင့်ပါတယ်။ အဓိကက တကယ်သိတကယ်တတ်ဖို့ပါပဲ။

The Yangon Times Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...