စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက်နှင့်လဲသော အလှူဒါန။


••••••••••••••••••••••••••
ရာဇဂြိုဟ်မြို့တော် ဝေဠုဝန်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ်
မိမိအသက်ကို မငဲ့ကွက်ဘဲ ပန်းလှူခဲ့သော သုမနပန်းသည်ကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

တစ်နေ့သ၌ ဘုရားရှင်သည် ခြောက်သွယ်သော ရောင်ခြည်တော်တို့ကို လွှတ်၍ ထူးကဲမွန်မြတ်လှစွာသော ဘုရားရှင်တို့၏ အသရေတော်ဖြင့် ရာဇဂြိုဟ်မြို့တော်သို့ ဆွမ်းခံဝင်တော်မူ၏။
ဗိမ္ဗိသာရမင်းကြီး၏ ပန်းတော်ဆက်ဖြစ်သော သုမနပန်းသည်သည် မင်းကြီးထံ ဆက်သရန် မြတ်လေးပန်း ရှစ်စလယ်တို့ကို ယူဆောင်လာခဲ့ရာ ဘုရားရှင်၏ ကြည်ညိုဖွယ် တင့်တင်လှစွာသော အသရေတော်ကို ဖူးတွေ့ရသောအခါ "ဤပန်းတို့ကို ဆက်သသဖြင့် ဗိမ္ဗိသာရမင်းကြီးသည် တစ်နံနက်လျှင် ရှစ်အသပြာ ပေးနေကျဖြစ်၏။ ဤပန်းတို့ကို ယနေ့ မဆက်သဖြင့် မင်းကြီးသည် ငါ့ကို သတ်လိုလည်း သတ်စေ၊
နှောင်ဖွဲ့လိုလည်း နှောင်ဖွဲ့စေ၊ တိုင်းပြည်မှ နှင်ထုတ်လိုလည်း နှင်ထုတ်စေ။ မင်းကြီးသည် ငါ့အား ဤတစ်ဘ၀ အသက်မွေးရုံလောက်သာ ပေးရာ၏။ ဘုရားရှင်ကို ပူဇော်ရလျှင်ကား ကမ္ဘာကုဋေပေါင်းများစွာ ချမ်းသာစီးပွား များလေရာ၏" ဟု ကြံစည်ကာ ဘုရားရှင်၏ အထက်အရပ် လေးမျက်နှာတို့၌ ပန်းနှစ်ဆုပ်စီကို ကြဲဖြန့်၍ ပူဇော်လိုက်လေသည်။

ဘုရားရှင်၏ အထက်သို့ ကြဲဖြန့်လိုက်သော ပန်းတို့သည် အထက်မှာ ဗိတာန်ကျက်ထားသကဲ့သို့ တည်ရှိကုန်၏။ အရပ်လေးမျက်နှာမှ ကြဲဖြန့်လိုက်သော ပန်းတို့သည် ရှေ့တော်မှာ ကြွသာရုံမျှ အပေါက်ချန်ထားကာ ပန်းပုဆိုးဖြင့် အရပ်လေးမျက်နှာမှ ကာရံထားသကဲ့သို့ တည်ရှိကုန်၏။ ဘုရားရှင် ကြွတော်မူလျှင် ရပ်ကြကုန်၏။ မြို့တော်သူ မြို့တော်သားအားလုံးသည် တအံ့တသြဖြစ်ကာ ဆွမ်းအုပ်များကိုကိုင်၍ ထွက်လာကြကုန်၏။ လူများစုသည် အားပါးတရ ကြွေးကြော်ကာ ပုဆိုးပေါင်းတစ်ထောင်ကျော်ကို ပစ်မြှောက်ကြလျက် ဘုရားရှင်၏ ရှေ့တော်မှ
သွားကြလေသည်။

သုမနပန်းသည်သည် နှစ်သက်ခြင်းပီတိ ပြည့်လျှမ်းသော ကိုယ်ခန္ဓာဖြင့် ဘုရားရှင်ကို ရှိခိုးပူဇော်ပြီးလျှင် ပန်းတောင်းအလွတ်ကို ကိုင်ကာ အိမ်သို့ပြန်လာ၏။ ပန်းတို့ကို ဘုရားရှင်အား ပူဇော်ခဲ့ကြောင်း ဇနီးသည်က သိသောအခါ မင်းပြစ်သင့်မည်ကို ကြောက်လှသဖြင့် သုမနပန်းသည်ကို ဆဲဆိုရေရွတ်ပြီးလျှင် မင်းနန်းတော်သို့ သွား၍ "သူပြုသော အမှုသည် သူနှင့်သာ ဆိုင်ပါစေ။ သူ့ကို ကျွန်မ စွန့်လွှတ်ခဲ့ပါပြီ" ဟု လျှောက်တင်၏။
ဗိမ္ဗိသာရမင်းကြီးသည်ကား ဘုရားရှင်ကို စတင်၍ ဖူးမြင်ရစဉ်ကပင်
သောတာပတ္တိဖိုလ်သို့ ရောက်ပြီးဖြစ်၍ ကြည်ညိုသဒ္ဓါပွားကာ ဘုရားရှင်၏နောက်သို့ လိုက်ပါ၍ ပူဇော်လေသည်။

ဘုရားရှင်သည် မင်းစည် လှည့်လည်ရာဖြစ်သော မင်းလမ်းမကြီးအတိုင်း မြို့တော်တစ်ခွင်၌ လှည့်လည်ပြီးလျှင် နန်းတော်သို့ ကြွတော်မူ၏။ ဗိမ္ဗိသာရမင်းကြီးက ဘုရားရှင်၏ သပိတ်တော်ကို ယူ၍ နန်းတော်ပေါ်သို့
ကြွရန် ပင့်သော်လည်း ဘုရားရှင်က ပရိသတ်အားလုံးတို့ ဖူးမြော်ခွင့် ရကြစေရန် နန်းရင်ပြင်၌သာ နေတော်မူ၏။ သို့ဖြစ်၍ ဗိမ္ဗိသာရမင်းကြီးက နန်းရင်ပြင်တွင် တစ်ခဏချင်းဖြင့် မဏ္ဍပ်ကြီးထိုး၍ပေးရလေသည်။

ဗိမ္ဗိသာရမင်းကြီးသည် ဘုရားအမှူးရှိသော သံဃာတော်များအား မွန်မြတ်သော ဆွမ်း ခဲဖွယ် ဘောဇဉ်တို့ဖြင့် ဆက်ကပ်ပူဇော်၏။ ဘုရားရှင် ကြွချီတော်မူလေသော် သုမနပန်းသည်ကို ခေါ်ပြီးလျှင် ဆင်ရှစ်စီး၊ မြင်းရှစ်စီး၊ ကျွန်ယောက်ျားရှစ်ယောက်၊ ကျွန်မိန်းမရှစ်ယောက်၊
မြတ်သောအ၀တ်တန်ဆာရှစ်စုံ၊ ငွေရှစ်ထောင်၊ တန်ဆာဆင်ထားပြီးသော အပျိုကညာရှစ်ယောက်နှင့် ရွာရှစ်ရွာတို့ကို ဆုချလိုက်တော့သည်။

ကျောင်းတော်သို့ ရောက်သောအခါ အရှင်အာနန္ဒာက ပန်းလှူရသောကုသိုလ်ကြောင့် သုမနပန်းသည် ခံစားရမည့် အကျိုးတရား
များကို မေးလျှောက်လေရာ ဘုရားရှင်က "အာနန္ဒာ - ဤပန်းသည်သည် မိမိအသက်ကို စွန့်ကာ ငါဘုရားကို ပူဇော်ရသော ကောင်းမှုကြောင့် ကမ္ဘာတစ်သိန်းတိုင်တိုင် အပါယ်မလားရဘဲ လူနတ်တို့၏ စည်းစိမ်ကို ခံစားရပြီးလျှင် သုမနမည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့" ဟု မိန့်တော်မူ၏။

တစ်ဖန် ရဟန်းများက တရားသဘင်၌ "သုမနသည် အသက်ကိုစွန့်ကာ ဘုရားရှင်ကို ပူဇော်သဖြင့် ထိုတစ်ခဏအတွင်းမှာပင် ရှစ်မျိုးရှစ်လီ ဆုတော်ကြီးကို ခံယူရ၏" ဟု ပြောဆို၍ နေကြစဉ် ဘုရားရှင် ကြွချီတော်မူပြီး
လျှင် ထိုစကားနှင့် အနုသန္ဓေ ဆက်စပ်၍ တရားစကား ဟောကြားတော်မူလို
သဖြင့် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။

အကြင်ကံကို ပြုလုပ်ပြီး၍ နောင်တ တစ်ဖန် မပူပန်ရပေ။ အကြင်ကံ၏အကျိုးကို နှစ်သက်ဝမ်းမြောက်လျက် ခံစားရ၏။
ထိုကံမျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏။

( ဓမ္မပဒ။ ဗာလ၀ဂ်။ သုမနမာလာကာရဝတ္ထု )

3 Treasures: Buddha, Dhamma & Sangha

https://www.facebook.com/photo.php?fbid=421099457987891&set=a.35104771499

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...