စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပတ်ဝန်းကျင်အရေး၌ အိုင်ကျူမြင့်သူများလိုအပ်နေ



မေလ ၂၄ ရက် ၂၀၁၃

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို UN က သတ်မှတ်ထားခဲ့သည်။ ဇွန်လ(၅)ရက်နေ့မှာ ကမ္ဘာ့ပတ်ဝန်းကျင် နေ့ World Environment Day ဖြစ်သည်။ ထိုနေ့ကျရောက်တိုင်း ကမ္ဘာသူကမ္ဘာသားများက ဂုဏ်ပြုကြိုဆိုလေ့ ရှိ၏။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစီမံချက်များကို မိမိတို့နိုင်ငံ၏ အခြေအနေပေါ်လိုက်ကာ ချမှတ်လေ့ရှိသည်။ ပတ်ဝန်းကျင်အတွက် ပထမဆုံးပြုပြင်ပြောင်းလဲရေးမှာ စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲရေး Economic reform ဖြစ်သည်။ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စီးပွားရေး ကုန်ထုတ်လုပ်ငန်း အားလုံးပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ချရေးနှင့် သယံဇာတ ချွေတာရေးကို ဦးတည်ကာ ဆောင်ရွက်ရေးဖြစ်စဉ် ဖြစ်သည်။

ဒုတိယအနေဖြင့် ပြုပြင်ပြောင်းလဲရမည်မှာ Ecological reform ဂေဟဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဖြစ်ပါသည်။ လေထု၊ မြေထု၊ ရေထုတွင်း ညစ်ညမ်းမှုမရှိစေရန် ပြုပြင်ခြင်းနှင့် သစ်တောသစ်ပင်များ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေး စီမံမှုများ ပါဝင်စေရမည်ဖြစ်ပါ၏။

တတိယတစ်ချက်မှာ Ethical reform ကိုယ်ကျင့်တရားဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဖြစ်သည်။ ထိုကဲ့သို့ပြုပြင် ပြောင်းလဲမှုများကို Intelligence Quotient, (IQ) မြင့်သူများက စွမ်းဆောင်နိုင်သည်။ လူတစ်ဦးချင်းစီး၏ ဘ၀တစ်လျှောက်နှစ်ကာလအလိုက်ထူးခြားဖြစ်စဉ် သက်တမ်းနှင့် စမ်းသပ်ပြီး ဥာဏ်သက်တို့ကို အချိုးချထား သည့် ကိန်းဖြစ်၏။ လူ့ပတ်ဝန်းကျင်ကို နည်းမျိုးစုံသုံးစွဲလျှက် အသိပညာပေးနိုင်စွမ်းရှိခြင်း ဖြစ်သည်။ အိုင်ကျူမြင့်မားလာစေရန် ပြည်သူများကို ပြုစုပျိုးထောင်ပေးရမည်ဖြစ်၏။


အနာဂတ်ပတ်ဝန်းကျင်သစ်ကို သန့်ရှင်းစေအောင်စွမ်းဆောင်နိုင်သူများမှ ယနေ့လူများဖြစ်သည်။ ယနေ့ လူများက How to do နှင့် What to do ကို စဉ်းစားချင့်ချိန်နိုင်ပါမှ အနာဂတ်လူတို့မှာ ပတ်ဝန်းကျင်ကို ကြီးကြပ် စီမံခန့်ခွဲခွင့်ရနိုင်ပေလိမ့်မည်။ ရာသီဥတုပြောင်းလဲခြင်းက တစ်နေ့တစ်ခြားသိသာ ထင်ရှားလာနေ၏။ အမေရိကန်ဒုတိယသမ္မတဟောင်း ALGore က ကမ္ဘာကြီးပူနွေးမှုကြောင့် EL Nino များဝင်လာရသည်ဟု ဆိုခဲ့၏။ EL Nino ဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာတွင်းမှ ရေအေးစီးကြောင်းအစား ရေနွေးစီးကြောင်း ၀င်ရောက်ခြင်းဖြစ်သည်။

ထိုအခါ အရှေ့ဘက် ကုန်သည်လေတို့အားပျော့လာရာမှ အနောက်ဘက်တွင် ပြင်းထန်စွာတိုက်ခတ်လာပြီး အင်ဒိုနီးရှားမှ ပူနွေးသောရေစီးကြောင်းတို့က ပီရူးဒေသသို့ ရွှေ့လျားလာကြသည်။ ထိုအခါ ရေအေး စီးကြောင်းတို့ ဆက်မစီးနိုင်ကြတော့ပဲ ရေနေသက်ရှိများသေဆုံးသွားခဲ့ကြရသည်။ ထိုရေနေမျှောလှေးများ သေဆုံးမှုကြောင့် သမုဒ္ဒရာတွင်း အစာကွင်းဆက်ပြက်သွားရသည်။ ထို့ပြင် လေထုထဲသို့ ကာဗွန်ဒိုင် အောက်ဆိုက်များစွာကို ထုတ်လွှတ်ပေးပြန်တော့သည်။ ရေနေသစ်ပင်များ သေဆုံးခြင်းက ကြီးမားလှစွာသော ဆိုးကျိုးကို ဖြစ်ထွန်းစေခြင်းသာဖြစ်ပါ၏။

EL Nino မှာ (၇)နှစ်အတွင်းမှာ ၃ကြိမ်လာနိုင်၏။ EL Nino လာပါက ရာသီဥတု လွန်ကဲလာစေသည်။ ကမ္ဘာ့နေရာဒေသအတော်များများတွင် မိုးသည်းထန်စွာရွာသွန်းခြငိး၊ ရေလွှမ်းမိုးခြင်းတို့ဖြစ်ပေါ်စေသည်။

တစ်ချို့ရပ်ဝှမ်းတွင် မိုးခေါင်၍ ရေရှားစေသည်။ တစ်ချို့နေရာများတွင် အင်အားကြီးသော မုန်တိုင်းများ မွှေစေခဲ့ပြန်သည်။ လေမုန်တိုင်းတို့က မြစ်ဝကျွန်းပေါ်ဒေသများကို ဆားငန်ရေနှင့် ဖုံးလွှမ်းစေသည်။ ပတ်ဝန်းကျင် ဘေးအန္တရာယ်ကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသော ဒုက္ခသည်ဦးရေတိုးပွားလာစေသည်။ ကန္တာရများ ဖြစ်ထွန်း လာစေသည်။ မိုးခေါင်ရေရှားမှုကြောင့် ငတ်မွတ်ခေါင်းပါးခြင်း တာရှည်လာ၏။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံချက်များ အလျင်မမှီချင်တော့။

အစိုးရများ ခေါင်းစားခဲ့ကြရသည်။ ထို့ပြင်အပူပိုင်းဒေသများတွင် ရောဂါမျိုးစုံတို့ဖြစ်ပေါ်စေသည်။ ပျံ့နှံ့ ကူးစက်စေခဲ့ပြန်သည်။ ၀မ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ ငှက်ဖျားရောဂါ တို့ကို စဉ်ဆက်မပြတ်ပြန့်ပွား စေသည်ဟု ဆိုရမည်သာ။

အိုဇုန်းလွှာပါးလာခြင်းနှင့် ဖန်လုံအာနိသင်ဓာတ်ငွေ့များကို ထိန်းချုပ်ခြင်းမပြုနိုင်ပါက ကမ္ဘာကြီး၏ ပူနွေးမှုကို ကြီး ထွားစေနိုင်သည်။ အိုင်ကျူမြင့်မားလာသော နိုင်ငံသားများက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင် ပေလိမ့်မည်။ ကျွန်မတို့နိုင်ငံတွင် စီးပွားဖြစ်လွယ်သော သဘာဝပတ်ဝန်းကျင် ကျန်ရှိနေပါသေးသည်။

ထို့ကြောင့် အိုင်ကျူမြင့်သော လူများနှင့် အဖိုးတန်သယံဇာတများကို ထိန်းကွတ်ပြုပြင်နိုင်ခွင့် ရှိပါသေးသည်။

အိုင်ကျူအမှတ် ၁၀၅ ရရှိထားသော တောင်ကိုရီးယားနိုင်ငံသားတို့သည် ပတ်ဝန်းကျင်ပညာပေး ဇာတ်လမ်းများ ရိုက်ကူး၍ စီးပွားဘက်နိုင်ငံများသို့ ဖြန့်ချီလျှက်ရှိသည်။ ပညာမြင့်၍ လူမျိုးမြင့်ကာ လူမျိုးမြင့်မှ ကမ္ဘာကြီးက မြင့်မားလာမည်ကို ကြိုတင်တွေးထားသည်ဟု ဆိုရမည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင် ဘ၀ အတွေ့ အကြုံ မြင့်မားသော စွမ်းအားပြည့် ဦးနှောက်ကို ပိုင်ဆိုင်ထားသည့် သက်ကြီးရွယ်အိုများကို လူသား အကျိုးပြုလုပ်ငန်းများ၌ သီးခြားတာဝန်များပေးထားကြောင်း သိရှိရသည်။

ကိုရီးယားကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် နိုးနိုးကြားကြား ပါဝင်ခွင့်ရစေရန် စီစဉ်ပေးခွင့် ရရှိခြင်းက ပတ်ဝန်းကျင်မှ အပူကို အထိုက်အလျှောက် သက်သာစေခဲ့သည် ဟု ပညာရှင်တို့က ဆိုခဲ့သည်။ ယခုအခါတွင် ပါတီအသီးသီးမှ တိုင်းပြည်ကို အလုပ်အကြွေးပြုရန် စီစဉ်ဆောင်ရွက်ခဲ့ကြရာမှာ …. နိုင်ငံ့ တာဝန်အဆင့်ဆင့်ကို လွှဲပြောင်းတာဝန်ယူကြမည့် ပါတီစုံမှ နိုင်ငံရေးသမားအင်အားစုတို့တွင် ၎င်းတာဝန်ယူ နိုင်မည့် လုပ်ငန်းအတွက် လုံလောက်သော ပညာဥာဏ်ဗဟုသုတ အကြားအမြင်နှင့် နားလည်တတ်ကျွမ်းမှုကို ဦးစားပေးရွေးချယ်တတ်ရန်လည်း လိုပေးသည်။ အဖွဲ့ပေါင်းစုံဖွဲ့သော်လည်း အလုပ်မဖြစ်လျှင် အချည်းနှီးပင်။

ထို့ကြောင့် တိုင်းပြည်၏ အနာဂတ်ပတ်ဝန်းကျင်ပြင်ဆင်မှုလုပ်ငန်းများတွင် အိုင်ကျူမြင့်သော ပညာရှင်များ ပါဝင်ရန် လိုအပ်ပါ၏။ ဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံများမှာလို လူမှန်နေရာမှန် ရွေးချယ်ရန် လို၏။ ကိုယ်ပြောလျှင် ခေါင်းငြိမ့်မည့်သူကိုသာ ရွေးချယ်မိပါက နိုင်ငံဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်မှုနှင့် ဝေးသထက် ဝေးရမည်သာ ကိုယ့်လူကိုယ်သာတင်ပြီး ကိုယ်ကိုတိုင်၏ အိုင်ကျူက မြင့်မားမှုနှင့် အလှမ်းဝေးပါက အနာဂတ် နိုင်ငံ၏ အရေးက ရင်လေးစရာပင်ဖြစ်ပေသည်။ ထို့ကြောင့် နိုင်ငံရေးနယ်ပယ်မှာ အိုင်ကျူမြင့်မားသူများကို ရွေးချယ် တာဝန်ပေးခြင်းဖြင့် မြန်မာ့ပတ်ဝန်းကျင် အရေးကို ကိုယ်တွယ်ဖြေရှင်းခွင့် ရနိုင်ကြောင်း သတင်းကောင်းပါးခွင့်ရမည်ဆိုလျှင် ………….. မြန်မာတို့၏ ဇွန်လ (၅)ရက်နေ့ များစွာမှာ သာယာစိုပြေလာ ပါလိမ့်မည်ဟု…………။

မြစ်မခ
https://www.facebook.com/photo.php?fbid=420332021397968&set=a.35104771499306

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...