စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရိုးရှင်းဆုံးသာဓက


  တစ်ခါတော့ ဘုရားရှင်ဟာ ရက်ကန်းသည်များရှိတဲ့ ရွာတစ်ရွာကို ဆွမ်းခံကြွပါတယ်။ အံ့သြစရာကောင်းတာက တစ်ရွာလုံးသာနှံ့သွားတယ်။ ဘုရားရှင်ကို ဆွမ်းလောင်းသူတစ်ယောက်မှ မရှိတာပါဘဲ။ ဘာ့ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ ရွာကအထွက်ကျမှ သိရပါတယ်။ ရွာကအထွက်မှာ မာရ်နတ်ကြီးက ဘုရားရှင်ကို သရော်လှောင်ပြောင်ပါတယ်။



ဒီရွာသားတွေရဲ့စိတ်ကို ငါလှည့်စားထားလိုက်တာ သင် ယနေ့ ဆွမ်းမစားရတော့ဘူး မဟုတ်လားတဲ့၊ မာရ်နတ်ရဲ့လက်ချက်ပါ။ ဒီနေရာမှာ အဋ္ဌကထာဆရာက စောဒကတက်ပြပါတယ်။ သဗ္ဗညုတဉာဏ်ဟာ အလုံးစုံ သိတယ်ဆိုပြီး ဒီရွာ ဆွမ်းခံကြွရင် မာရ်နတ်လှည့်စားလို့ ငါဆွမ်းရမှာ မဟုတ်ဘူးဆိုတာ ဘုရားရှင်က မသိဘူးလားတဲ့ - အဖြေက မသိဘူးတဲ့။

ဘာဖြစ်လို့မသိလဲဆိုတော့ မဆင်ခြင်လို့မသိတာပါတဲ့၊ သဗ္ဗညုတဉာဏ်ဆိုသော်လည်း အမြဲတမ်းအလိုလိုသိနေတာ မဟုတ်ပါဘူး။ ဆင်ခြင်တဲ့အချိန်မှသိတာပါတဲ့။ ဒါဆိုရင် ဆွမ်းခံကြွခါနီးမှာ ဒီအကြောင်းကို မဆင်ခြင်ဘူးလားဆိုတော့ မဆင်ခြင်ဘူးတဲ့။ ဒီသဗ္ဗညုတဉာဏ်တော်ကြီး ပစ္စည်းလေးပါးရှာတဲ့ နေရာမှာ အသုံးချဖို့မဟုတ်ပါဘူး။

တရားဟော၊ တရားပြတဲ့ နေရာမှာ အသုံးချဖို့ပါ။ ၀ရဇိန်လက်နက်ကို မုဆိုးလိုက်ဖို့ အသုံးမချသလိုပါပဲ။ ၀ရဇိန်လက်နက်ဆိုတာ တစ်လောကလုံးကို သိမ်းပိုက်ဖို့ အသုံးချသင့်တာ မဟုတ်လား။ ဒီသဘောအတိုင်းပါပဲ။ သဗ္ဗညုတဉာဏ်တော်ကြီးဟာ ဝေနေယျတွေ တရားရဖို့အတွက်သာ အသုံးချသင့်တာပါ။ ဒါကို ဘုရားရှင်က သိပြီးသားပါ။

ဝိပဿနာပညာ၊ မဂ်ပညာထက် ခက်ခဲတဲ့ပညာ လောကမှာ မရှိပါဘူး။ ခက်ခဲတဲ့ အသက်မွေးဝမ်းကျောင်းပညာကို ဒွိဟိတ်ပုဂ္ဂိုလ်ရော၊ တိဟိတ်ပုဂ္ဂိုလ်ရော နှစ်ဦးလုံးတက်မြောက်နိုင်ပါတယ်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကျတော့ ဒွိဟိတ်ပုဂ္ဂိုလ် ဘယ်လိုမှ မရနိုင်တော့ဘူးဆိုတာ ငါ့ရှင် သိပြီးသားပါ။ ဆိုလိုတာက လောကီပညာဆိုတာ ၀ိပဿနာပညာနဲ့ စာလိုက်ရင် အနိမ့်ဆုံးအဆင့်မှာ ရှိတယ်လို့ ပြောချင်တာ။ သညာသိ၊ ၀ိညာဉ်သိလောက်ရှိရင်ကို တတ်မြောက်နိုင်တယ်။ ၀ိပဿနာ ပညာကျတော့ ပညာသိထိ ရှိမှရတယ်။

တောင်ပေါင်းတစ်ရာရှိတယ်။ ထား - အမြင့်ဆုံးတောင်ပေါ်ရောက်သွားရင် ကျန်တဲ့တောင်တွေထပ်တက်စရာ မလိုတော့ဘူး။ အားလုံးကိုငုံ့ကြည့်လို့ရတယ်။ ထို့အတူ အမြင့်ဆုံးမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကိုတောင် ရထားတဲ့ ဘုရားရှင်အနေနဲ့ လောကီပညာတွေကို သင်စရာမလိုတော့ဘူး။ အာရုံပြုကြည့်လိုက်တာနဲ့ အကုန်တတ်ပါတယ်။ ဒီအချက်ကို ဘာမှသံသယ၀င်စရာလည်း မရှိပါဘူး။

အင်္ဂုတ္တိုရ်ပါဠိတော်မှာ နွားကျောင်းသားကျင့်စဉ်၊ ဈေးသည်ကျင့်စဉ် အကုန်ဟောထားတယ်။ အကြောင်းမဲ့ဟောတာ မဟုတ်ဘူး။ နွားကျောင်းသားကို တရားဟောတဲ့အခါ သူ့အသုံးအနူန်းကိုယူပြီး ဟောဖို့ပါ။ ဈေးသည်ကို တရားပြတဲ့အခါ ဈေးသည်တွေနားလည်တဲ့ ဝေါဟာရနဲ့ တရားပြဖို့ပါ။ ဘုရားရှင်လို ပုဂ္ဂိုလ်ကို ပြောမနေပါနဲ့။ တောင်တွင်းကြီးက မကာရလောပ အကျော်ခင်ကြီးဖျော်ကိုပဲကြည့်ပါလား။

မ, တစ်လုံးကျေတယ်၊ မသိတာ မတတ်တာမရှိဘူး။ ဘုရင်က မယုံနိုင်ဘူးဖြစ်နေတယ်။ ငါ့ရှင်က ဘုရားကို တရားနဲ့ပတ်သက်တာ လောက်ပဲသိတယ်။ ကျန်တာတွေ မသိနိုင်ဘူးလို့ထင်တာမျိုးပေါ့။ ဒါနဲ့ ခင်ကြီးဖျော်ကျောင်းကို စစ်တုရင်ချန်ပီယံတစ်ဦးကို လွှတ်လိုက်တယ်။ ဆိုလိုတာက ရဟန်းဆိုတော့ ပိဋကတ်နဲ့ ပတ်သက်တာပဲတတ်မှာပါ။ စစ်တုရင်မတတ်လောက်ဘူးလို့ ထင်လို့ပေါ့။

တကယ်ကစားတဲ့အခါ ပထမတစ်ပွဲပဲ ဆရာတော်ရူံးတယ်။ ရူံးမှာပေါ့။ စစ်တုရင်ကို ခုမှမြင်ဖူးတာကို။ ဒါပေမယ့် နောက်ပွဲကစပြီး ချန်ပီယံကြီး ရူံးလိုက်တာ တစ်နေကုန်ပဲ။ နောက်ဆုံး ဆရာတော်ကို ဘယ်လိုမှနိုင်အောင် မကစားနိုင်တော့ပါဘူး။ ဆရာတော်ရဲ့ စစ်တုရင် ထိုးနည်းကို ကျမ်းစာအုပ်ရေးပေးပါလို့ တောင်းပန်လို့ စစ်တုရင်ထိုးနည်း လင်္ကာရှည်ကြီး ရေးပေးခဲ့ရတယ်။

နောက်တစ်ခါ ဘုန်းကြီးဆိုတော့ ဆိုင်းမတီးတတ်လောက်ပါဘူးလို့ ယူဆတဲ့အတွက် ကျောင်းဝိုင်းထဲမှာ ဆိုင်းသွားတီးခိုင်းတယ်။ ဆရာတော်တစ်ကြိမ်သွားကြည့်တာနဲ့ တတ်သွားတယ် အဲဒီမှာ တီးတဲ့သူတွေကို ဘယ်သူကဘယ်လိုတီး၊ ဘယ်နေရာမှာ ပတ်မကြီးတီး စသည်ဖြင့် ပြောပေးတယ်။ ဆရာတော် ပြောတဲ့အတိုင်း တီးကြည့်တဲ့အခါ အလွန်သုတိသာယာတဲ့ တီးကွက်တစ်ခု ရသွားသတဲ့။

တစ်ခါကဆိုရင် ကွန်ပစ်တဲ့ တံငါသည်တစ်ယောက်ဟာ ပစ်လိုက်တိုင်း ငါးမပါတဲ့အတွက် စိတ်ပျက်ပြီး ကမ်းကိုပြန်လာတယ်။ ဒါကို လမ်းလျှောက်သွားရင်း မြင်သွားတဲ့ဆရာတော်က လှေပေါ်ကိုတက်လိုက်သွားတယ်။ ငါးအခြေအနေကိုကြည့်တယ်။ ပြီးတော့ တစ်ခါမှ ကွန်မပစ်ဖူးတဲ့လူကို လှေပေါ်မှာတင် ပစ်ပုံပစ်နည်းသင်ပြတယ်။ ပြီးတော့ ပစ်ခိုင်းတယ်။ ပစ်ပြီးဆွဲတင်တဲ့အခါ ငါးတွေ ပိုက်ကွန်နဲ့ အပြည့်နီးပါး ပါလာတာကို တွေ့ကြရတယ်။ မျက်မြင်သက်သေတွကိုပြီးမှ ငါးတွေကို ပြန်လွှတ်လိုက်တယ်။

တစ်ခါကဖြစ်ရပ်ကတော့ ပိုတောင်အံ့သြစရာကောင်းတယ်။ ထင်းရောင်းစားတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ တစ်ခါတော့ အိမ်ဝိုင်းထဲပုံထားတဲ့ ထင်းပုံကြီးဘေးမှာ ဖျာခင်းအိပ်ရင်း အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ၀တ်ဖြူစင်ကြယ်နဲ့ လူတစ်ယောက်က အသုခံလို့ပြောပြီး ပျောက်သွားတယ်။

ထင်းသည်ယောက်ျားက ဒီအကြောင်းကို ပညာရှိအမည်ခံလူတွေကို အကုန်နီးပါးလိုက်မေးတယ်။ ဘယ်သူမှ ကျေနပ်အောင်ပြန်မဖြေကြဘူး။ နောက်ဆုံးတော့ ခင်ကြီးဖျော်ဆီရောက်လာတာပေါ့။ ခင်ကြီးဖျော်က အခုလို ချက်ခြင်း အဓိပ္ပါယ်ဖော်ပြလိုက်တယ်။

အ - အမ္ဗရုက္ခမူလေ - သရက်ပင်ရင်း၌
သု - သုဝဏ္ဏဃဋံ - ရွှေအိုးကို
ခံ - ခနတိ = တူးပါလေ

“အိမ်ဝိုင်းထဲက သရက်ပင်ရင်းမှာတူး - ရွှေအိုးကိုရမယ်ပေါ့။ အဲဒီအဖြေကို ကြားရတဲ့အခါ ထင်းသည်ယောက်ျားက စိတ်ပျက်သွားတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ့အိမ်ဝိုင်းထဲမှာ သရက်ပင်မရှိတာ သူသိနေတာကိုး။ ဒီတစ်ခါတော့ ခင်ကြီးဖျော် မှားပြီလို့လည်း စိတ်ထဲက ပြောနေမိတယ်။ စိတ်ညစ်ညစ်နဲ့ အိမ်ပြန်လာလိုက်တာ၊ အိမ်ရောက်တာနဲ့ မထင်မှတ်တဲ့နေရာမှာ သရက်ပင်ပေါက်တစ်ပင်ကို တွေ့လိုက်ရတယ်။

မနေ့ညက သူတို့အိမ်ဝိုင်းထဲ ပုံထားတဲ့ ထင်းပုံကြီးဟာ ၀ယ်သူမရှိသေးလို့ ကြာနေတာပေါ့။ ကနေ့ နေ့ခင်းမှ ၀ယ်သူပေါ်လာလို့ အိမ်ကမိန်းမက သူလာအောင် မစောင့်ဘဲရောင်းပစ်လိုက်တာ။ သူလာတော့ ထင်းတွေမရှိတော့ဘူး။ ဒါပေမယ့် ထင်းပုံအောက်မှာ ရောက်နေတဲ့ သရက်စေ့က အပင်လေးပေါက်နေတာပေါ့။ အဲဒီအပင်လေး အောက်မှာ တူးကြည့်လိုက်တာ တကယ့်ကို ရွှေအိုးတစ်လုံးရသွားတယ်။

“လောကီပညာထဲမှာ အဂ္ဂိရတ်ပညာဟာ ခက်ခဲဆုံးထဲမှာပါတယ်။ လူတစ်ထောင် ဖိုထိုးရာမှာ တစ်ယောက်အောင်မြင်ခဲ့တယ်။ မန်လည်ဆရာတော်ဟာ ခေတ္တလေ့လာရုံနဲ့ နားလည်တတ်ကျွမ်းသွားပြီး ဒကာတစ်ယောက်ကို သူ့ရှေ့ထားပြီး ဖိုထိုးခိုင်းလိုက်တာ ဓာတ်လုံးအောင်မြင်သွားတယ်။ အဲဒီဓာတ်လုံးနဲ့ ဆက်ထိုးတဲ့ကြေးတွေ ရွှေဖြစ်တာ လက်တွေ့မြင်ကြရတယ်။

အားလုံးမြင်အောင် ပြပြီးတာနဲ့ ဆရာတော်ကြီးဟာ ဓာတ်လုံးကို မြစ်လည်းခေါင်းမှာ ပစ်ချပစ်လိုက်တယ်။ လောကုတ္တရာပညာနဲ့စာရင် လောကီပညာဟာ ဘာမှ မဟုတ်သေးဘူးဆိုတာ ဒကာတွေသိအောင် လက်တွေ့ပြတာပါ။ ငါ့ရှင်ကို သိစေချင်တာက ခင်ကြီးဖျော်တို့ မန်လည်ဆရာတော်တို့ဆိုတာ ရဟန္တာလည်းမဟုတ်ပါဘူး။ အဘိဉာဏ်ရ လောက်အောင် သမာဓိလည်းမရှိပါဘူး။ ပိဋကတ်မှာ ကျက်စားနိုင်တဲ့ ခဏိက သမာဓိအစွမ်းလောက်သာ ရှိတာပါ။

ဒီလို ဆရာတော်များတောင် လောကီပညာတွေကို ခဏလေ့လာရုံနဲ့ တစ်ဖက်ကမ်းခတ်အောင် တက်မြောက်ကျွမ်းကျင်သေးရင် ကိလေသာလည်းကုန်၊ အရဟတ္တမဂ်ကိုလည်းရ၊ သဗ္ဗညုတဉာဏ်ကိုလည်း ပိုင်ဆိုင်တဲ့ ဘုရားရှင်အတွက် ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ ကလေးကစားစရာ အဆင့်လောက်ပဲ ရှိပါတယ်။

ငါ့ရှင်တောင် မစိုးရိမ်တိုက်သစ်မှာနေစဉ်က တပည့်တော်ကို ထူးခြားတဲ့ ဓမ္မဒဿနတွေနဲ့ တန်ဆာဆင်တဲ့ ပွမ်ပွမ်မြည်တဲ့ ကားကလေးဆိုတဲ့တရားကို ဟောပြဖူးတယ်။ တပည့်တော် အရမ်းသဘောကျတယ်။ ငါ့ရှင်ဟောချင်တာက မဂ္ဂင်ရှစ်ပါးပါ။ လီဗာကို နင်းတာက ၀ီရိယ သမ္မာဝါယမမဂ္ဂင်၊ အန္တရာယ်ရှိတဲ့အတွက် ဘရိတ်အုပ်တာက သတိ - သမ္မာသတိမဂ္ဂင် စသည်ဖြင့် ဟောပြတာ တပည့်တော် တကယ်ကို သဘောကျခဲ့တယ်။

ဘာဖြစ်လို့လည်းဆိုတော့ လူတွေအမြဲ မျက်စိယဉ်၊ နားယဉ်နေတဲ့ ကားတစ်စီးက အစိတ်အပိုင်းတွေကို ဥပမာပေးပြီး ဟောသွားတာကို။ လီဗာတို့၊ ဘရိတ်တို့၊ ကားတို့ဆိုတာ နာမည်တပ်ထားတဲ့ ပညတ်တွေပဲ။ ဒီပညတ်တွေကို ငါ့ရှင်က တရားအဖြစ် အသုံးချပြခဲ့တာပဲ။ ဒီလို အသုံးချပြနိုင်တာဟာ ငါ့ရှင်ကိုယ်တိုင် ဒီဘရိတ်တို့၊ လီဗာတို့ဆိုတဲ့ ပညတ်နာမည်တွေကို နားလည်တတ်ကျွမ်းနေလို့ပေါ့။ ဒီလောက်ဆိုရင် သဗ္ဗညုတဉာဏ်ဟာ သိစရာမှန်ရင် အကုန်သိတယ်ဆိုတဲ့အချက်ကို ငါ့ရှင်လက်ခံနိုင်လောက်ပါပြီ…။

မေတ္တာရှင်(ရွှေပြည်သာ) “ကျွန်ုပ်ဘ၀မှ ဆောင်စရာနှင့် ရှောင်စရာများ” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။


ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...