စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သာသနာပြု ဟူသည်မှာ




တစ်လောက သာသာနာပြုဟူသော ကိစ္စနှင့်စပ်ပြီး ဆွေးနွေးဖြစ်ပါသည်။ ယခုအချိန်တွင် "သာသနာပြု"ဟူသော စကားမှာ အလွန်ခေတ်စားနေပါသည်။ နေရာတိုင်းမှာလည်း သာသနာပြုများ ပုံစံမျိုးစုံဖြင့် တည်ရှိနေကြပါသည်။ နောက်ဆုံး နတ်ပွဲပေးသူတို့ကပင် သာသနာပြုဟူသော စကားကို သုံးစွဲနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အတုအယောင်များပေါများလှသည့် ယနေ့ခေတ်တွင် အတုအယောင်၏သားကောင် မဖြစ်ရလေအောင် သာသနာပြုဟူသည်နှင့်စပ်ပြီး လေ့လာတင်ပြလိုက်ရပါသည်။


စင်စစ်အားဖြင့် သာသနာဟူသည်မှာ မြတ်စွာဘုရား၏ အဆုံးအမဖြစ်ပါသည်။ လူပုဂ္ဂိုလ်များအနေဖြင့် ရတနာသုံးတန် ကံ၊ ကံ၏အကျိုးကို ယုံကြည်သော ဥပါသကာဖြစ်ရာဖြစ်ကြောင်း တရားကောင်းတွေကို လိုက်နာကျင့်သုံးနေလျှင် မိမိသန္တာန်တွင် သာသနာတည်သည်ဟု ဆိုနိုင်ပါသည်။ ၄င်းတရားများကို အခြေခံပြီး ဘုရားအဆုံးအမ ဖြစ်သည့် မကောင်းမှုရှောင်ခြင်း၊ ကောင်းမှုဆောင်ခြင်း၊ စိတ်ကို ဖြူအောင်ထားခြင်းစသည်တို့ကို ပြည့်စုံအောင်ကြိုးစားရပါမည်။ ထိုတရားများ မိမိသန္တာန်တွင် တည်နေရုံမျှ အားမရဘဲ မိမိနည်းတူ ဇနီးမယား၊ သမီး သား အိမ်နီးနားချင်းများ၊ ရပ်ကွက် မြို့ ရွာ နိုင်ငံ ကမ္ဘာစသည်ဖြင့် တည်ရှိနေကြသူအားလုံးတို့ကို မိမိကဲ့သို့ ကျင့်ကြံနိုင်အောင် ဟောပြောခြင်း၊ ဦးစီးဦးဆောင်ပြုခြင်းစသည်တို့ကို သာသနာပြုသည်ဟု ခေါ်ပါသည်။ 


ယခုခေတ်တွင် ဘုရားတစ်ဆူကို ဦးဆောင်ပြီးတည်ခြင်းကို သာသနာပြုသည်ဟု အချို့ယူဆနေကြပါသည်။ အမှန်စင်စစ် ဘုရားတည်ခြင်းထက် လူတစ်ဦးတစ်ယောက်တွင် သရဏဂုံ သီလ စသော သူတော်ကောင်းတရားများ တည်အောင်ပြုပေးခြင်းကသာ ထိရောက်သော သာသနာပြုခြင်းဟု ဆိုနိုင်ပါသည်။ ဘုရားတည်တိုင်းသာ သာသနာပြုခြင်းဆိုပါက ဘုရားရှင် ကိုယ်တိုင်ပင် သူ၏ ရုပ်ပွား ဘုရားများကို သူကိုယ်တိုင် ဦးဆောင်ပြီး တည်ခြင်း၊ ဒကာဒကာမတို့အား ဘုရားတည်ဖို့ရန် တိုက်တွန်းခြင်း၊ ဟောပြောခြင်းတို့ကို ပြုခဲ့ပါလိမ့်မည်။ ၄၅-၀ါကာလပတ်လုံး အပင်ပန်းခံပြီး တရားဓမ္မဟောညွှန်ပြကာ ဆုံးမနေခဲ့မည် မဟုတ်ပေ။ သတိပြုရန်မှာ ဘုရားစေတီများ ပေါများသော်လည်း သရဏဂုံသီလစသော သူတော်ကောင်းတရားတည်သူ မရှိသော အရပ်ကို သာသနာထွန်းကားသည်ဟု မဆိုနိုင်ပေ။ မျက်မှောက်ခေတ်တွင် အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှားစသော နိုင်ငံများတွင် ကြီးကျယ်သော ရုပ်ပွားစေတီတော်ကြီးများ ထင်ရှားစွာ ကျန်ရှိနေသေးသော်လည်း ဗုဒ္ဓသာသနာ ထွန်းကားသော နေရာများ မဟုတ်တော့ကြောင်းကို အထူးသတိပြု ဆင်ခြင်စေချင်ပါသည်။ 


သာသနာပြုရာတွင် အဆင့်သုံးဆင့်ကို သိထားသင့်ပါသည်။ ၄င်းတို့မှာ သန့်ရှင်းရေး၊ တည်တံ့ရေး၊ ပြန့်ပွားရေးတို့ပင်ဖြစ်ပါသည်။ အတုအယောင်များ ပေါများလှသောကြောင့် သာသနာတော် သန့်ရှင်းရေးကို အထူး အလေးပေးသင့်ပါသည်။ သို့မှသာ ထိုသန့်ရှင်းသော သာသနာတော်ကို တည်တံ့အောင်၊ ထိုမှ တစ်ဆင့်တက်၍ ပြန့်ပွားအောင်ကြိုးစားအားထုတ်လျှင် အကျိုးများပေလိမ့်မည်။
သို့ဖြစ်၍ အချုပ်အားဖြင့် သာသနာပြု အစစ်ဟူသည်မှာ လူသားတို့၏ သန္တာန်တွင် ဘုရားရှင် အဆုံးအမ သူတော်ကောင်းတရားများ တည်ရှိသွားအောင်၊ တစ်ဘ၀စာမက၊ သံသရာဘ၀အဆက်ဆက်ထိတိုင် အကျိုးရှိအောင်၊ ဘုရားရှင်၏ တရားဓမ္မများ ရေရှည်တည်တံ့အောင် ဦးဆောင်ညွှန်ပြသူများ၊ တရားဓမ္မနည်းလမ်းကျကျ သာသနာတော်ကို ကာကွယ်စောင့်ရှောက်သူများကို သာသနာပြု အစစ်ဟု မှတ်ယူရမည် ဖြစ်ပါကြောင်း.........................။

မေတ္တာဖြင့်-

အရှင်ဝေဠုရိယ (ဓမ္မရိပ်ငြိမ်)


https://www.facebook.com/photo.php?fbid=411567518941085&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...