စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နာဂစ်..ဖြစ်ရပ်မှန် (လေးနှစ်ပြည့်)

ကျနော်နာမည်..မောင်ဘိုးကော်ပါ။ မိသားစုသုံးယောက်ရှိပါ။
သမီးလေးက ရှစ်လသမီးလေး..၀င်းစန္ဒာ လို့ခေါ်ပါတယ်။
နာဂစ် မုန်တိုင်းကြီးဝင်မဲ့နေ့က နေ့ခင်းပိုင်း ကျနော် လယ်တဲမိုးနေပါတယ်။
ကျနော်တို့နေတဲ့တဲ ခြေရင်းမှာက သူငယ်ချင်းရဲ့လယ်တဲရှိပါတယ်။
သူက အဲဒီနေ့ကလယ်ထဲသွားနေပါတယ်။
သူမှာလည်း သူ့မိန်းမရယ် ၅နှစ်သားလေးရယ်ရှိပါတယ်။

ညနေ ၃နာရီလောက်မှာ လေပြင်းတိုက်လာပါတယ်။
ရေဒီယိုနားထောင်တဲ့အလေ့လဲမရှိပါဘူး။
တဖြည်းဖြည်းနဲ့လေကပြင်းလာတော့ မိုးထားတဲ့ ဓနိတွေလွင့်ကုန်ပါတယ်။
မိသားနှစ်စုပေါင်းပြီးဘုရားတနေရပါတယ်။ နောက်တော့ လေကတအားပြင်းလာပါတယ်။
နောက်မြစ်ရေ တွေလဲတက်လာပါတော့တယ်။
ရေတွေက အတက်ကြမ်းလာတာ တဲအဆင့်ထိမတတ်ဖြစ်လာပါတယ်။
လေပြင်းကြောင့် တဲလဲပြိုတော့မယ်၊

ဒါနဲ့ပဲ..ရေလွတ်လောက်မဲ့မလှန်းမကမ်းက ရေကန် ကန်ဘောင်ရိုးဆီကို ပြေးကြရပါတယ်။ေ
ရေကပေါင်လည်လောက်ပါ။
သူငယ်ချင်းမိသားစုပါ ခေါ်ပြေးတာပါ။

ရေကန်ဆီရောက်ခါနီးမှာ..ကျနော်သူငယ်ချင်းလယ်ထဲကပြန်ပြေးလာတာမြင်ရပါတယ်။
အဲဒီမှာပဲ..သူ့မိန်းမက သူ့သားလေးနဲ့ သူ့ယောက်ကျားဆီပြေးပါတော့တယ်။
တားလို့မရပါဘူးဗျာ ။ရေကနောက်က လှိုင်းတွေနဲ့လိုက်ပါတယ်..
ကျနော်မျက်စိအောက်မှာပဲ သူတို့သုံးယောက် ရေလှိုင်းကြီးအုပ်သွားပါတော့တယ်။

ကျနော်တို့က ကန်ဘောင်ပေါ်ေ၇ာက်ပါတယ်..ဒါပေမဲ့ရေတက်လာတာ..
မကြာခင် ကန်ဘောင်မြုပ်မှာပါ။
ဒါနဲ့ ကျနော်တို့ ခပ်လှန်းလှန်းက ကောက်ရိုးပုံ ကြီးဆီ ရေကူးကြပြန်တယ်။
သမီးလေး ၀င်းစန္ဒာ လဲ ရေထဲနစ်လိုက်ပေါ်လိုက်ပါပဲ။

ကောက်ရိုးပုံကြီးပေါ်ရောက်တော့ ထိပ်ပိုင်းကို ချိုင့်ခွက်လုပ်ပီး သမီးလေးကိုထည့်
အမေက အပေါ်ကမှောက်နေရပါတယ်။ကျနော်က အပေါ်က ထပ်မှောက်နေရပါတယ်။
ကျနော်ကြောကုန်းကို လေတွေ မိုးတွေမှန်တာကျောက်ခဲတွေနဲ့ပေါက်သလိုခံစားရပါတယ်။
အင်္ကျီလဲကျွတ်ထွက်သွားပါပြီ..ကျနော်မိန်းမဆိုရင် လုံးဝအ၀တ်စားမဲ့နေပါပြီ။

နောက်တော့ ကောက်ရိုးပုံကြီး လှုပ်လာပီး ရေစီးနဲ့မြောပါတော့တယ်။
လေအရှိန်နဲ့ ဘယ်လောက်မြန်လဲဆိုရင် မော်တော်မောင်းတာထက်မြန်ပါတယ်။
သစ်ပင်တွေနားဖြတ်ရင် ရိပ်ရိပ်..ရိပ်ရိပ်နဲ့ကျန်ခဲ့ပါတယ်။
မှောင်မဲနေလို့ ဘာမှလဲမမြင်ရ..ဘယ်ကိုမြောမှန်းလဲမသိပါ။

ကောက်ရိုးပုံကြီးကလည့်း သစ်ပင်နဲ့ ၀င်ညိတိုင်း ပဲ့ပဲ့ထွက်နေပါတယ်..
လေကပြင်းသထက်သာပြင်းလာပါတယ်..ကောက်ရိုးပုံကြီးလဲသေးလာပါတယ်။
တခါမှာတော့..ကောက်ရိုးပုံနဲ့ သစ်ပင်ဝင်ညိပြန်ပါတယ်၊..
ကောက်ရိုးကြီးပုံကလဲ အခြေနေမကောင်းတော့ပါဘူး၊ခပ်သေးသေးပဲကျန်ပါတော့တယ် ။
ဒါနဲ့ သုံးယောက်သား အဲဒီအပင် ငုတ်တိုကြီးပေါ်မနည်းတက်ခဲ့ကြပါတယ်။
လေကတော့နဲနဲ အားပြော့သွားပါပြီ၊
သစ်ပင်ခွဆုံမှာ ထိုင်ရင်း သမီးလေးကိုကြည့်လိုက်တော့ အေးစက်နေပါတယ်။

သမီးလေးခြေထောက်လေးတွေကို ကျနော်တို့ ချိုင်းကြားမှာညှပ်ထားလို့..
လက်ကလေးတွေကို..လင်မယားနှစ်ယောက် ပါးစပ်နဲ့ငုံပေးကြပါတယ်။
မျှော်လင့်ချက်ကတော့မရှိတော့လို့ထင်မိပါတယ်။
ဒါပေမဲ့ နောက်တော့ သမီးကိုယ်ကလေး ပြန်နွေးလာပါတယ်။
ကျနော်စိတ်ထဲမှာ..သစ်ပင်ကြီး အမြစ်က ကေါ်လဲမယ်ထင်မိပြန်ပါတယ်။
ဒါနဲ့ပဲ အောက်ဆင်းပီး ရေငုပ် အမြစ်တွေကို စမ်းကြည့်ရပြန်တယ်၊
အခြေနေကောင်းလို့အပေါ်ပြန်တက်..သမီးလေးကို ပြုစုကြရပြန်ပါတယ်။

ဘယ်ရောက်လို့..ဘယ်ချိန်ရှိပီဆိုတာလဲမသိပါဘူး။လေကတော့အတော်ငြိမ်ပါပီ။
မိုးကလဲအေး ..လေကလဲတိုက်..တကိုယ်လုံးတုန်နေကြပါတယ်။
တစ်ညလုံးသစ်ပင်ပေါ်နေလိုက်ကြတာ..မနက်မိုးလင်းတော့ ညကရေတွေ လုံးဝမတွေ့ရတော့ပါ။

ကျနော်တို့လဲအောက်ဆင်းကြ..သမီးလေးနို့တိုက်၊
ကျနော်ရဲ့ ခါးပတ်ပတ်ထားလို့ကျွတ်မထွက်တဲ့ ဘောင်းဘီဒူးကျကို မိန်းမကိုဝတ်ပေးရပါတယ်။
ကျနော်ကတော့ တဖြေးဖြေး လမ်းလျောက်ရင်း တွေ့တဲ့ ပီနံအိပ်စုပ်ကိုပတ်ထားရပါတယ်။

ဦးတည့်ရာသွားကြရင်း ဟိုကထွက်လာ..ဒီကထွက်လာနဲ့ လူ ၂၀လောက်ဖြစ်လာပါတယ်။
လေပြင်းဒါဏ်ကြောင့်အားလုံးမဲတူနေကြပါတယ်..မိမွေးတိုင်းဖမွေးတိုင်းကများပါတယ်..
ခါးပတ်လို့ရတာတွေ့ရင်မိန်းမတွေကိုပေးကြ၇ပါတယ်။

နောက်တော့ မြစ်ကလေးတစင်းနားရောက်..ဟိုဖက်ကမ်းမှာ သင်္ဘောတစ်စီးက ကုန်းပေါ်တင်နေ..
ရတဲ့ပစ္စည်းတွေနဲ့ဖောင်တစီးဖွဲ့အခေါက်ခေါက် ကူးကြလို့ သင်္ဘောပေါ် လူစုံရောက်ပါတယ်။
လူ၃၀ လောက်ဖြစ်သွားပါတယ်။ေ၇စိုဆန်တစ်တင်းလောက်လဲတွေ့ပါတယ်။ဒီတိုင်းစားကြရပါတယ်။
သင်္ဘောပေါ်မှာ သောက်ရေမရှိ..ချက်ဖို့အိုးမရှိ..၀တ်စရာအ၀တ်စားမရှိ..
ဒါပေမဲ့..သင်္ဘောနာမည်ကတော့ “ စည်းစိမ်ရှင် “ ပါတဲ့။

သင်္ဘောပေါ်..တစ်ညအိပ်ပီးမှ..ကယ်ဆယ်ရေးရောက်ပါတယ်။
ရွာပြန်ရောက်တော့ ကျနော်တို့အမျိုး ၁၂ ယောက်ပျောက်နေပါတယ်..
ဆယ်ရက်လောက် အလောင်းရှာပေမဲ့မတွေ့ရတော့ပါ။
ဒါကတော့ …ကျနော်တို့ မိသားစုရဲ့ နာဂစ် ကိုအံတုခဲ့ရပုံလေးပါ။
ဟုတ်ကဲ့..သမီးလေး ၀င်းစန္ဒာ အသက်ရှင်ခဲ့ပါတယ်။

( ကယ်ဆယ်ရေး သွားခဲ့စဉ်..မောင်ဘိုးကော် ဆိုသူ ပြောပြချက်ပါ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...