စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘုရားကို စေတီကွယ်တယ် ... ဆိုတာ

ဘုရားကို စေတီကွယ်တယ်
ဘုရားကို စေတီကွယ်တယ်ဆိုတော့
စေတီတွေ ရှိနေသမျှ ဘုရားစစ်ကို မတွေ့ရဘူး။
စေတီတွေ ပျောက်ကွယ်မျသာ ဘုရားစစ်ကို တွေ့ရလိမ့်မယ်လို့ …
အဲသည်လို … မလိုလားအပ်တဲ့ အနက်တွေ ဖြစ်လာတတ်တယ်။
သည်ကတစ်ဆင့် တက်ခဲ့လျှင် ကျောက်ဘုရား၊ အုတ်ဘုရား၊
ရုပ်ပွားတော်၊ ဆင်းတုတော်၊ စေတီတော်၊ ပုထိုးတော်တွေဟာ
မည်သို့သော နိဗ္ဗာန်ရောက်ကြောင်းတရားကိုမျှ
                                    ဟောပြနိုင်စွမ်း မရှိတဲ့အတွက် ဂုဏ်တော်ကိုးပါး ဘုရားစစ် မဟုတ်ဘူး။
ဘုရားစစ် မဟုတ်တာကို ကိုးကွယ်နေသမျှ ကာလပတ်လုံး
စစ်မှန်သော ဘုရားရှင်နဲ့ မတွေ့ရဘူး … လို့ …
အဲသည်လို… အယူလွဲတတ်တယ်။
အမှန်ကတော့ ဘုရားရှင် ခန္ဓပရိနိဗ္ဗာန် ၀င်စံတော် မူပြီးတဲ့နောက်
ကြွင်းကျန်သော သာသနာတော်အတွက် ဘုရားရှင်ဟာ
ဓာတုစေတီဆိုတဲ့ ဓာတ်တော်တွေ၊ ဓမ္မစေတီဆိုတဲ့ တရားတွေ၊
ဥဒ္ဒိဿစေတီဆိုတဲ့ ရုပ်ပွားတော်တွေ၊ ပရိဘောဂစေတီဆိုတဲ့
အသုံးအဆောင်များကို ကိုယ်စားတော်အဖြစ် ထားခဲ့တယ်။
သက်တော်ထင်ရှား ဘုရားရှင် မရှိတဲ့နောက် သည်စေတီတော်တွေဟာ
ဘုရားရှင်ရဲ့ ကိုယ်စားတော်တွေပင် ဖြစ်ကြသည်။
ဒါကြောင့် သည်စေတီတော်များကို ဖူးမြင်ရခြင်းဟာ
သက်တော်ထင်ရှား ဘုရားရှင်ကို ဖူးမြင်ရခြင်းနှင့် အတူတူပဲ။
သက်တော်ထ်ရှားဘုရားနှင့် စေတီတော်ဟာ အတူတူပါပဲ…
ဘုရားရှင်ရဲ့ သာသနာတော်မှာ သာသနာတော်ကိုထိန်းတဲ့
စေတီတော်တွေ မရှိဘူးဆိုလျှင် သာသနာတော် ကွယ်တာပါပဲ …
ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ အဓိဂမသာသနာ၊
လိင်္ဂသာသနာ၊ ဓာတုသာသနာဆိုတဲ့ သာသနာတော် ငါးပါးမှာ
ဓာတုသာသနာတော်ဟာ နောက်ဆုံးကွယ်တဲ့ သာသနာတော်ဖြစ်တယ်။
ဘုရားရှင်ရဲ့ ဓာတ်တော်မွေတော်ဟာ  သာသနာတော် ကွယ်သည့်တိုင်အောင်
လူနတ်ဗြဟ္မာတို့ရဲ့ ကောင်းကျိုးအတွက် တည်နေကြပါသေးတယ် …
နောက်ဆုံး လုံးဝ ကိုးကွယ်ပူဇော်သူ မရှိတော့ဘူးဆိုမှ
ကွယ်ပျောက်တော်မူကြတယ် …
ဒါကြောင့် စေတီတော်ဆိုတာ ဘုရားရှင်နဲ့ အတူတူပါပဲ …
ဘုရားရှင်နဲ့ အတူတူ စိတ်ထားနိုင်လျှင်
ကောင်းကျိုးရတဲ့ ၀တ္ထုသာဓကတွေ အများအပြား ရှိသလို …
စေတီတော်ကို ပြစ်မှားမိလို့
မကောင်းကျိုးရတဲ့ ၀တ္ထုသာဓကတွေတွေလည်း အများအပြား ရှိပါတယ်။
ထိုထိုဝတ္ထုသာဓကတို့ကို ထောက်ဆကြည့်ပါလျှင်
သက်တော်ထင်ရှား ဘုရားရှင်နှင့် စေတီတော်ဟာ အတူတူပါပဲ …
လောကီဥပမာအားဖြင့် နံ့သာပင်ကြီး သေသွားပြီးတဲ့နောက်
နံ့သာသားတွေဟာ နံ့သာပင်ကြီးကဲ့သို့
လူတို့ရဲ့ အကျိုးကို ဆောင်နေသလို
ဘုရားရှင် မရှိတဲ့နောက် စေတီတော်တွေဟာ ဘုရားရှင်ကဲ့သို့
လူနတ်ဗြဟ္မာသတ္တ၀ါတို့ရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်ဆဲ ရှိနေပါတယ်။
သည်အထောက်အထားကိုကြည့်ပြီး ဘုရားကို စေတီကွယ်တယ်လို့
ခပ်ပေါ့ပေါ့ မဆိုသင့်ပါဘူး …
မဆိုသင့်ပါဘဲ ဘာကြောင့်ဆိုထားတာလဲဆိုလျှင်
ဆိုသင့်တဲ့ အကြောင်းလည်း ရှိသေးလို့ပါပဲ …
ဆိုသင့်တဲ့အကြောင်းက ဘုရားရှင်ကို အာရုံပြုတဲ့
အနုဿတိတရားဆိုတာ အပြင်ဒြပ်မျှဖြစ်တဲ့ ဘုရားရှင်ရဲ့
ရုပ်ပုံတော်ကို အာရုံပြုရမှာ မဟုတ်ဘူး …
အရဟံအစ ဘဂ၀ါအဆုံးရှိတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်များကို
အဖန်တလဲလဲ အောက်မေ့ရမှာ ဖြစ်တယ် …
ဒါကြောင့် ၀ိသုဒ္ဓီမဂ် အဋ္ဌကထာဗုဒ္ဓါနုဿတိအခန်းမှာ
“ဤဆိုလတ္တံ့သည်ကား ထို ဂုဏ်တော်ကိုးပါး၌ အဖန်တလဲလဲ
အောက်မေ့ရပုံနည်းတည်း၊
ထိုမြတ်စွာဘုရားသည် ဤသို့သောအကြောင်းကြောင့်လည်း
အရဟံ မည်တော်မူ၏” စသော အားဖြင့် ဖွင့်ပြထားတယ် …
ဘုရားရှင်ရဲ့ ဂုဏ်တော်ကို ပွားများအောက်မေ့ရမည့်နေရာတွင်
စေတီတော်ကို  ရှိခိုးပြီး စေတီတော်၌သာ ပြီးဆုံးနေပါလျှင်
ဂုဏ်တော်တွေကို စေတီက ကွယ်နေသည်မည်တယ် …
အဲသည်လို စေတီမကွယ်ဘဲ ဂုဏ်တော်ကို သတိရဖို့အတွက်
ဘုရားကို စေတီကွယ်တယ်လို့ ပြောဆိုကြခြင်း၊
သတိပေးကြခြင်း ဖြစ်ပါတယ်။
(ထီးချိုင့်မြို့၊တည်တောဆရာတော်ဘုရားကြီး)
                                              ရှာဖွေတင်ပြသူ-မာလာထွေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...