စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးခြားဆန်းပြား ကမ္ဘာတစ်လွှား

ရွှေဖြစ်အောင် ဖိုအထိုးကောင်းလို့ ထောင်ကျသွားတဲ့လူ

          ပြဒါးသေ တစ်ဆွေဝ၊ သံသေ တစ်ပြည်ဝဆိုတဲ့ စကားပုံလေးကိုလည်းကြားဖူးကြမှာပါ။  ပုဂံပြည်ကြီးမှာ အရှင် ရှင်အဇ္ဇဂေါဏ က ပြဒါးဓာတ်လုံးထိုးတာ မအောင်လို့ စိတ်ပျက်ပြီး နောက်ဆုံး ချေးတွင်းထဲကို ပစ်ချလိုက်တော့မှ ဓာတ်အောင်ကာ ဓာတ်လုံးနဲ့တို့သမျှ ရွှေဖြစ်ပြီး ပုဂံပြည်ကြီးမှာ မုဆိုးမတောင် ဘုရားတည်နိုင်တယ်ဆိုတဲ့ ပုံပြင်ဆန်ဆန် လေးတွေကိုလည်း ကြားဖူးမှာပါ။
          ခုတော့ အိုင်ယာလန်နိုင်ငံက အသက် ၃၀ အရွယ်ရှိ ပေါလ်မော်ရန် ဆိုတဲ့ လူကတော့ သဋ္ဌေးဖြစ်မြန်အောင် သူ့ရဲ့ အီအီး(မစင်)တွေကို ရွှေဖြစ်အောင် ဖိုထိုးပါသတဲ့။  ဒါပေမယ့် သူ့ရဲ့ ရွှေရောင်အိပ်မက်ကြီးကတော့ အခု ပြိုကျပျက်စီးခဲ့ရပါပြီ။  ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အခန်းမှာ သူ့ရဲ့ အီးတွေကို လျှပ်စစ်မီးဖိုကြီးနဲ့ ရွှေဖြစ်အောင်ထိုးနေတုန်း မီးထလောင်လို့ပါတဲ့။  အဲ့ဒီအတွက် သူ့အခန်းဟာ ဒေါ်လာ ၄၈၀၀ ဖိုးလောက် ပျက်စီးသွားခဲ့ရသလို အခြားသော လူတွေအတွက်လည်း အန္တရာယ်ရှိတဲ့အတွက် သူ့ကို တရားရုံးက ထောင်ဒဏ် ၃ လ ကျခံစေခဲ့ပါတယ်။  ဒီ အပြစ်အပြင် ၁ နှစ်အထိ သူ့ကို စောင့်ကြည်နေဦးမယ်လို့ဆိုပါတယ်။ 
          တရားသူကြီးစီရင်ချက်ချရာမှာတော့ “အမောင်လုလင်၊ အသင်သည် ရွှေဖြစ်အောင် လူ့မစင်ကို ဖိုထိုး အဆိုပါ အကြံမျိုးကိုမှ ကြံရက်လှပေတယ်” လို့ဆိုသွားပါတယ်။ The Belfast Telegraph သတင်းစာအဆိုအရ တော့ ဒါဟာ စိတ်ဝင်စားစရာ အဂရိတ်ပညာဖြစ်ပေမယ့် မအောင်မြင်ခဲ့ပါဘူးလို့ဆိုပါသတဲ့။
          ပေါလ်ရဲ့ ရှေ့နေကတော့ သူ့တရားခံဟာ ထက်မြက်တဲ့လူတစ်ယောက်ဖြစ်ပေမယ့် မူးယစ်ဆေးဝါ ပြသနာကြောင့် ဒီလိုဖြစ်သွားရတာပါလို့ လျှောက်လွှဲချက်ပေးပါသတဲ့။
သြော်… တော်လိုက်တဲ့ရှေ့နေ တစ်မှု့တရားစွဲလို့ မပြီးသေးဘူး နောက်တစ်မှု့ဆင့်အောင် အချွန်နဲ့ မတတ်ပေတယ်…
========================================================================

ရက်အနည်းငယ်အတွင်းမှာ အသက် ၅၀ စာအိုမင်းသွားတဲ့ ဗီယက်နမ်က အမျိုးသမီး

          ဗီယက်နမ်နိုင်ငံက ငုယင်သီပေါင် ဆိုတဲ့အမျိုးသမီးလေးဟာ ရက်အနည်းငယ်အတွင်းမှာဘဲ အသက် ၂၃ နှစ်အရွယ်ကနေ သက် ၇၃ နှစ်အရွယ်လောက်ထင်ရအောင်ကို အိုမင်းသွားခဲ့ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ သူမဟာ ပင်လယ်စာ တွေကနေ အဆိပ်သင့်သွားလို့ ဖြစ်ပါသတဲ့။  ယခု အသက် ၂၆ နှစ်ရှိပြီးဖြစ်တဲ့ အဆိုပါမိန်းမငယ်လေးဟာ ၂၀၀၈ ခုနှစ်ထဲက ဒီလို ပင်လယ်စာ အဆိပ်သင့်လို့ သူမ အသားတွေဟာ ရှုံတွလာခဲ့တာကို သိရှိခဲ့ပေမယ့် ဆင်းရဲလွန်းလို့ ဆေးမကုနိုင်ခဲ့ပါဘူးတဲ့။  ဒီလထဲမှာတော့ ဗီယက်နမ်က ဆရာဝန်တွေက သူမရဲ့ ဆေးဖိုးဝါးခ မည်မျှလောက်ကျနိုင်သလဲဆိုတာကို တွက်ချက်ကြည့်မယ်လို့ ဆိုပါသတဲ့။
          သူမရဲ့ ခင်ပွန်းသည် လက်သမားဆရာလေး သန်းတူရန် ကတော့ သူတို့ဟာ အချစ်စစ်အချစ်မှန်နဲ့ ချစ်ကြတာဖြစ်ပြီး တစ်ချိန်က လှပခဲ့တဲ့ သူ့ရဲ့ ချစ်ဇနီးကို ဆက်လက် ချစ်မြဲချစ်နေဦးမယ်လို့ ဆိုပါသတဲ့။  သူမဟာ အပြင်ကို ထွက်ရင် အမြဲတမ်း မျက်နှာကို ဖုံးအုပ်ပြီး လူတကာရဲ့ အကြည့်တွေကို မခံရအောင် သွားလာရပါသတဲ့။  ဓာတ်ပုံလေးထဲမှာတွေ့ရမှာကတော့ သူမရဲ့ ၂၀၀၆ ခုနှစ် မင်္ဂလာဆောင်တုန်းက ပုံလေးပါ။  ငါးနှစ်အကြာမှာတော့ ခုလို အသက် ၇၃ နှစ်အရွယ်လို့ ထင်ရလောက်အောင်ကို အိုမင်းသွားခဲ့ပါတယ်။  သူမကတော့ သူမဟာ ဓာတ်မတဲ့တဲ့ရောဂါကို တစ်သက်လုံးခံစားသွားရမယ်လို့ ယုံကြည့်နေပါသတဲ့။  ၂၀၀၈ ခုနှစ်တုန်းက သူမဟာ ဒီ ပင်လယ်စာ ဓာတ်မတဲ့မှု့ ရောဂါကိုဆိုးရွားစွာခံစားခဲ့ရတယ်လို့ဆိုပါတယ်။  တစ်ကိုယ်လုံး အလွန်ယားယံခဲ့ရပြီး အိပ်ပျော်နေရင်းနဲ့တောင်မှ ယားလွန်းလို့ ကုတ်နေရတယ်လို့ ဆိုပါတယ်။ 
          သူမဟာ အဲ့ဒီအချိန်တုန်းက ဆေးရုံးကို သွားရမယ့်အစား နီစပ်ရာ ဆေးမြီးတိုလေးတွေနဲ့သာ ကုသခဲ့ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ယောင်္ကျားဖြစ်သူဟာလည်း အလွန်မှ ဆင်းရဲလွန်းလို့ ဆေးရုံကို သွားပြီး ကုသဖို့ မတတ်နိုင်လို့ပါတဲ့။  မိန်းကလေးငယ် “ပေါင်” ရဲ့ အဆိုအရ  သူမဟာဒီဆေးတွေကို သောက်ပြီး တစ်လလောက်အကြာမှာ ယားယံတာတွေက သက်သာလာခဲ့ပေမယ့် အရေပြားပေါ်မှာ အဖုအပိန့်တွေ ကျန်ရစ်နေပါတယ်တဲ့။  ဒါနဲ့ပဲ သူမဟာ နောက်ထပ် ဆေးမြီးတို တစ်မျိုးကိုပြောင်းသုံးတဲ့အခါမှာတော့ ယားတာရော အဖုအပိန့်တွေပါ ပျောက်သွားပေမယ့် သူမရဲ့ အရေပြားတွေကတော့ ပါးရည်တွန့်လာပါတယ်တဲ့။

          သူမဟာ ဒီလို အလျှင်အမြန်အိုမင်းလာတာကို ပျောက်ကင်းအောင် နောက်ထပ် တိုင်းရင်းဆေး တစ်မျိုးထပ်မံသုံးစွဲပေမယ့် အရာမရောက်ခဲ့ပါဘူး။  ဆရာဝန်တွေအဆိုအရကတော့ ဒါဟာ တိုင်းရင်းဆေးတွေကို နှစ်ရှည်လများ သုံးစွဲလာတဲ့ အကျိုးရလဒ်တစ်ခုပါတဲ့။  အဲ့ဒီ ဆေးတွေထဲမှာ ပါဝင်တဲ့  စတီးရွိုက်တစ်မျိုးဖြစ်တဲ့ ကော်တီရွိုက်တွေဟာ မူမမှန် အသားအရည် တွန့်ခြင်းမျိုးကို ဖြစ်ပေါ်စေပါသတဲ့။  အဆိုပါ လင်မယားကတော့ သူတို့ ဘာဆေးတွေကို ဘယ်လောက်အထိ သောက်ခဲ့သလဲဆိုတာကို မမှတ်မိတော့ပါဘူးတဲ့။
          သူမကတော့ ၂၀၀၉ ခုနှစ်ပိုင်းကစပြီး ဆေးကုသခြင်းကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်တဲ့။  ခုတော့ သူမဟာ ဘယ်သွားသွား မျက်နှာဖုံးနဲ့ အပြင်ကို ထွက်နေရပါတယ်။  သူမရဲ့ မျက်နှာ၊ ၀မ်းဗိုက်၊ ရင်ဘတ်တွေဟာ သူမ ကလေးမယူရသေးသည့်တိုင် ကလေးတွေ အများကြီးမွေးပြီးအိုမင်းသွားတဲ့ အမျိုးသမီးကြီးတွေလို အသားတွေတွဲကျသွား ပါတယ်တဲ့။  ဒါပေမယ့် ဒီလို အလျှင်အမြန်အိုမင်းတဲ့ ရောဂါဟာ သူမရဲ့ အမျိုးသမီး စက်ဝန်း၊ ဆံပင်၊ သွား၊ မျက်လုံး နဲ့ စိတ် အပေါ်မှာတောာ့ အကျိုးသက်ရောက်ခြင်းမရှိပါဘူးတဲ့။  ၂၀၁၀ မှာတော့ သူတို့ လင်မယားဟာ ဘင်ဖူး ဒေသရဲ့ ဘူဒေါ့ပ် ကို ပြောင်းရွှေ့ခဲ့ပြီး သစ်သားအိမ်ကလေးတစ်လုံးကို ငှားရမ်းနေထိုင်ကြပါသတဲ့။  အမျိုးသားဖြစ်သူ ကတော့ လက်သမား အဖြစ်ဆက်လက်လုပ်ကိုင်နေပြီး ဇနီးဖြစ်သူကတော့ သီဟိုဋ်စေ့ ထုတ်လုပ်ရေး စက်ရုံမှာ အလုပ်လုပ်နေ ပါတယ်တဲ့။  ဒါပေမယ့် သူတို့လင်မယားနှစ်ယောက်ပေါင်းရဲ့ ၀င်ငွေဟာ တစ်လကို အင်္ဂလန် ၉၅ ပေါင် မျှတောင် မပြည့်တာမို့ ဟိုချီမင်း ဆေးရုံကြီးမှာ ဆေးကုသခံဖို့ရာ မတတ်နိုင်ရှာကြပါဘူး။  အမျိုးသားဖြစ်သူ တူရန်ကတော့ သူဇနီးရဲ့ရောဂါဟာ သူတို့ ချစ်ခြင်းနဲ့ ဆက်ဆံရေးကို မည်သို့မှ ထိခိုက်ခြင်းမရှိပါဘူးလို့ ဆိုပါတယ်။  “ကျွန်တော်ဟာ ကျွန်တော့်ဇနီး ချောမောလှပစဉ်ကတည်းက လက်ထပ်ခဲ့တာပါ။  သူမ ရောဂါခံစားရစဉ်တစ်လျှောက်လုံး ကျွန်တော်အမြဲတမ်း အတူတကွရှိနေပြီး ကျွန်တော်အတွက်ဒါဟာ အထူးအဆန်းမဟုတ်ပါဘူးတဲ့”။  ကျွန်တော်ကတော့ သူမကို အရမ်းကို ချစ်နေတုန်းပါဘဲ လို့ ဆိုသွားပါတယ်။
          ယခုတော့ သူမကို အခမဲ့ ကုသပေးဖို့ ငုရင်ဒင်ချူး ဆေးရုံကြီးက ကမ်းလှမ်းနေပါပြီ။  တစ်ကယ်လို့ မအောင်မြင်ခဲ့ရင်လည်း ဟိုချီမင်း ဆေးရုံကြီးကို ပို့ပေးပါဦးမယ်တဲ့။  သူမရဲ့ ဓာတ်မတဲ့ သော ရောဂါကို အရင်ကုသပေးမှာဖြစ်ပြီး ဒါဟာ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ သူမကို ပုံမှန်အတိုင်း ပြန်လည်နုပျိုလာနိုင်စေဖို့ မျှော်လင့်ပါတယ်တဲ့။  ဒါပေမယ့် သူမမှာ ဒီရောဂါအပြင် အခြား ဘာရောဂါတွေပါ ခံစားနေရသလဲဆိုတာကို စစ်ဆေးဖို့ လိုအပ်ပါတယ်တဲ့။
==========================================================================

ကြောင်က သေနတ်နဲ့ ပစ်လိုက်လို့ ဆေးရုံရောက်သွားတဲ့ သခင်

          ဇာတ်လမ်းလေးကတော့ ဒီလိုပါ - ပြီးခဲ့တဲ့ စနေနေ့တုန်းက နယူးယောက်မှာရှိတဲ့ စပါတန်ဘက် ဒေသဆိုင်ရာ ဆေးခန်း(Spartanburg Regional Medical Center) ကို လူတယောက် ကသောသမျောနဲ့ ၀င်လာပြီးတော့ သူ့ဒူးခေါင်းကို ကြောင်က သေနတ်နဲ့ ပစ်သွားတယ်လို့ဆိုပါတယ်။  ညနေပိုင်း ၇နာရီခွဲ အချိန်လောက်မှာ အပစ်ခံရတယ်လို့ဆိုပြီး  သူ့ရဲ့ ဒူးက သေနတ်ဒဏ်ရာကို ကုသပေးဖို့ ပြောခဲ့တာပါ။  ဖြစ်ပုံကတော့ ကြောင်က .၃၂ ကယ်လီဘာ သေနတ်ပေါ်ကို ခုံတက်လိုက်တဲ့အချိန်မှာ သေနတ်က မောင်းပြုတ်သွားပြီး သူရဲ့ ဒူးကို နောက်ဖက်ကနေ အပစ်ခံရတယ်လို့ဆိုပါတယ်။ 
          “စုံစမ်းစစ်ဆေးသူတွေဟာ ထိုသူရဲ့ အိမ်ကို သွားရောက်စစ်ဆေးခဲ့ပြီးတော့ ရုန်းရင်ဆန်ခတ် ဖြစ်ပွားမှု့ မရှိခဲဘူးလို့ ဆိုပါတယ်။  ဒီအတွက် ဘာအမှု့မှ လည်းမဖွင့်ခဲပါဘူးတဲ့”
သူ့အရပ်နဲ့ သူ့ဇတ်ကတော့ ဟုတ်နေတာပါဘဲ။
=============================================================================

Utopia - အနာဂတ်ရဲ့ ကျွန်းငယ်လေး

          ပုံမှန် သင်္ဘောတွေနှင့်မတူ တစ်မူထူးခြားတဲ့ ဟောဒီ ဒီဇိုင်းကို မိုနာကို လှေပြပွဲမှာ တင်ဆက်သွားပါတယ်။  ဒီဟာလေးကို ဂျိမ်း(စ်)ဘွန်း ဇတ်ကားထဲကနေ စိတ်ကူးရပြီးတော့ ဗြိတိန်ကုမ္မဏီတွေဖြစ်တဲ့ “Yatch Island Design” နှင့် “BMT Nigel Gee” တို့က ပူးပေါင်း ဖော်ဆောင်ခဲ့တာဖြစ်တယ်။  ခုလောလောဆယ်တော့ Concept Design Stage အဆင့်မှာဘဲရှိသေးပြီး ဒီအဆောက်အဦးရဲ့ အချင်းကတော့ ၃၂၈ ပေ (၁၀၀မီတာ)ရှိပါတယ်။  ဒါဟာ အပျော်စီး သင်္ဘောတွေရဲ့ ထုထည်နဲ့ တူညီပါတယ်။
          BMT Nigel Gee ရဲ့ Yatch Design Director ဂျိမ်စ်ရွိုင်းရဲ့ အဆိုအရတော့ “Utopa ဆိုတာက ခရီးသွားဖို့အတွက်မဟုတ်ပါဘူး။  ဒါဟာ ကျွန်းငယ်လေးတစ်ခုဖြစ်ပါတယ်။  ဒီလို ကျွန်းငယ်လေးကို ဖန်တီးချင်သူတွေ အတွက်ပေါ့”
          ဒီအဆောက်အဦးမှာတော့ အထပ်ပေါင်း ၁၁ ထပ်ပါရှိမှာဖြစ်ပြီး ၄င်းတို့ရဲ့အပေါ်မှာ အနားယူဖို့ နေရာ၊ ရေကူးကန် စတာတွေ နှင့် ခေါက်သိမ်းနိုင်တဲ့ အမိုး ပါရှိမှာ ဖြစ်ပါတယ်။  အများသုံးနေရာတွေမှာတော့ ရှောပင်းမောတွေ၊ ရုပ်ရှင်ရုံတွေ နဲ့ စားသောက်ဆိုင်တွေ ပါရှိမှာဖြစ်ပြီး ပျော်ဖြေရေးအတွက်ကတော့ ဘားတွေ၊ နိုက်ကလပ်တွေနဲ့ ကာစီနို စတာတွေ ထားရှိမှာ ဖြစ်ပါတယ်။  ဒီအဆောက်အဦးရဲ့ အမြင့်ဆုံး( ကုန်းပတ်ကနေ ၂၁၃ မီတာ )အမြင့်မှာတော့ အဆောက်အဦးရဲ့ ပတ်ပတ်လည် ၃၆၀ ဒီဂရီကို ကြည့်ရှု့နိုင်မယ့် မျှော်စင်လည်း ပါရှိမှာ ဖြစ်ပါသတဲ့။
          Utopa ကို လာဖို့အတွက်ဆိုရင် ရဟတ်ယဉ် ဒါမှမဟုတ် လှေနှင့် လာရမှာ ဖြစ်ပါတယ်။  ဒီ ဒီဇိုင်းမှာ ရဟတ်ယဉ် ဆင်းသက်ဖို့ တစ်ခုထက်ပိုတဲ့ နေရာတွေ ပါဝင်မှာဖြစ်ပြီး လှေများ ကပ်ဖို့အတွက်လည်း ပါဝင်မှာ ဖြစ်ပါတယ်။
          ဒီ အဆောက်အဦးမှာ ခြေထောက်လေးချောင်း ပါဝင်မှာဖြစ်ပြီး ၄င်းခြေထောက်တွေမှာတော့ Azimuthing Thruster (360 ဒီဂရီသော အရပ်မျက်နှာတွေကို လှည့်ပေးနိုင်သောလို့ ပန်ကာလို့ အကြမ်းဖျင်း ယူဆကြပါ)  တွေကို တပ်ဆင်ထားမှာပါ။  ဒါကတော့ ပင်လယ်ရဲ့ ကြမ်းတမ်းလှတဲ့ ရာသီဥတုမှာလည်း ဒီအဆောက်အဦးရဲ့ တည်နေရာကို မရွှေ့လျှားစေရန် ရည်ရွယ်ပါတယ်။  အဆောက်အဦးရဲ့ အလည်ကတော့ သင်္ဘောများ ကပ်ရန်နဲ့ ကြိုးချည်ဖို့အတွက်ပါ။  ဘေးက ခြေထောက်လေးခုမှာတော့ ခေါက်သိမ်းနိုင်တဲ့ တံခါးတွေ ပါဝင်မှာဖြစ်ပြီး ဒါဟာ ရေကူးဖို့နဲ့ ရေထဲမှာ ကစားနိုင်ရန် စီမံထားပါတယ်။
=======================================================================

ကမ္ဘာ့ အသက်အငယ်ဆုံး CEO – Mr. Suhas Gopinath

          ယခု အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ စူဟက် ဂိုပီနသ် ဟာ Globals Inc လို့ခေါ်တဲ့ နိုင်ငံတစ်ကာ IT ကုမ္ပဏီကို စတင် တည်ထောင်သူ၊ CEO နဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ရဲ့ဥက္ကဋ္ဌ ဖြစ်ပါတယ်။  သူ့ကို အန္ဒိယနိုင်ငံ ဘန်ဂလော နယ်လေးက လူလတ်တန်းအလွှာက မွေးဖွားခဲ့တာပါ။  သူရဲ့ အဖေကတော့ ကာကွယ်ရေး သိပ္ပံပညာရှင်ဖြစ်ပါတယ်။  စူဟက်ဟာ အသက် အသက် ၁၄ နှစ်အရွယ်မှာ IT နဲ့ပါတ်သတ်တဲ့ ၀ဘ်ဆိုဒ်တစ်ခုကို စတင် တည်ထောင်ခဲ့ပြီး ဒါဟာ သူ့ကို ကမ္ဘာ့အသက်အငယ်ဆုံး CEO အဖြစ်သို့ ရောက်ရှိစေခဲ့ပါတယ်။  သူတည်ထောင်တဲ့ ၀ဘ်ဆိုဒ်နာမည်ကတော့ coolhindustan.com ဖြစ်ပါတယ်။  ဒါဟာ သူ့ကို ကမ္ဘာ့အငယ်ဆုံး အသိအမှတ်ပြု Professional Webdeveloper အဖြစ်ကို ရောက်ရှိစေခဲ့ပါတယ်။ 
          ၂၀၀၀ ခုနှစ်မှာ အမေရိကန် ကာလီဖိုးနီးယားပြည်နယ်ရဲ့ ဆန်ဂျို့စ် မှာ Globals Inc. လို့ခေါ်တဲ့ အိုင်တီ ကုမ္ပဏီတစ်ခုကို ထပ်မံတည်ထောင်ခဲ့ပါတယ်။  ဘာဖြစ်လို့လည်းဆိုတော့ အန္ဒိယနိုင်ငံရဲ့ ဥပဒေအရ သူဟာ အသက်ငယ်သေးလို့ တည်ထောင်ခွင့်မပြုခဲ့လို့ပါ။  အဲ့ဒီကနေပြီးတော့ Globals Inc ဟာ တစ်ဟုတ်ထိုးကြီးထွားလာလိုက်တာ အခုဆိုရင် နိုင်ငံတစ်ကာ အိုင်တီ အတိုင်ပင်ခံ ကုမ္ပဏီအဖြစ် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ကိုယ်စားပြုဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။
     စူဟက်ဟာ အသက် ၁၆နှစ်အရွယ်မှာ ကနေဒါနိုင်ငံ CNBC နဲ့ e-business ရဲ့ ကမ္ဘာ့အသက်အငယ်ဆုံး အကျိုးဆောင်လုပ်ငန်းရှင်အဖြစ် အသိအမှတ်ပြုခံရပါတယ်။  အသက် ၁၇နှစ်အရွယ်မှာတော့ ကမ္ဘာ့နာမည်ကြီး မီဒီယာတွေဖြစ်တဲ့ BBC, Washington Times, The Age စသည် စသည်တို့အပါအ၀င် လင်မ်ကာ မှတ်တမ်းစာအုပ်(Limca Book of Records) တို့ရဲ့ ကမ္ဘာ့အငယ်ဆုံး CEO အဖြစ် အသိအမှတ်ပြုခံရပါတယ်။ ဒါ့အပြင် သူဟာ အန္ဒိယနိုင်ငံရဲ့ B-Schools တွေမှာ အတိုင်ပင်ခံအဖြစ် ခန့်အပ်ခြင်းခံရသလို IIT Bombay Entrepreneurship Cells ရဲ့ အကြံပေး ဘုတ်အဖွဲ့ဝင်အဖြစ်လည်း ခန့်အပ်ခြင်းခံရပါတယ်။
          ၂၀၀၅ ခုနှစ်မှာတော့ ပြည်နယ်အစိုးရအဖွဲ့ဖြစ်တဲ့ ကာနက်တာက ပြည်နယ်အစိုးရရဲ့ အသက်အငယ်ဆုံး “Rajyotsava” ချီးမြင့်ခြင်း ခံရပါတယ်။  သူဟာ PeTA ရဲ့ သံအမတ်ဖြစ်သလို ပါကစ်စတန်နိုင်ငံ School of Leadership ကဖွဲစည်းတဲ့ Indo-Pak Leadership Program ရဲ့ သံအမတ်ငယ်အဖြစ်လည်း တာဝန်ယူပါသေးတယ်။
          ဒီဇင်ဘာ ၂၀၀၇မှာတော့ ဥရောပ ပါလီမန်(European Parliament) နဲ့ နိုင်ငံတစ်ကာ လူ့အရည်အသွေး အဖွဲအစည်း (International Association of Human Values) တို့ ပူးတွဲချီမြှင့်တဲ့ “လူငယ် အောင်မြင်မှု့ ဆု (Young Achiever Award) ကို ချီးမြှင့်ခြင်းခံရပါတယ်။  ဒါ့အငြင် သူ့ကို ဥရောပ ပါလီမန်ကို တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရသလို ဥရောပ ပါလီမန်ရဲ့ စီပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဖိတ်ကြားခြင်းခံရပါတယ်။
          ၂၀၀၈ ခုနှစ်မှာတော့ သူရဲ့ ကိုယ်ရေးအထုပ္ပတ္တိကို ဟောလီဝုဒ် မင်းသား George Clooney, ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Robert Zoellick, နယူးယောက်မြို့တော်ဝန် David Paterson နှင့် အခြားသော ထူးချွန်ထင်ရှားတဲ့ လူတွေနှင့်အတူ ထုတ်ဝေခဲ့ပါတယ်။  သူဟာ ကမ္ဘာ့ဘဏ် ရဲ့ ICT မှာ အကြံပေး ဘုတ်အဖွဲ့ဝင်ဖြစ်ပါတယ်။  ၂၀၀၉ မှာတော့ ဟားဗက်တက္ကသိုလ်ရဲ့ ဟားဗက် ကနေဒီကျောင်းကနေပြီးတော့ Global Leadership ဒီပလိုမာ ရရှိခဲ့ပါတယ်။  အဲ့ဒီနှစ်မှာဘဲ ဗီယင်နာမြို့မှာကျင်းပတဲ့ Incredible Europe ညီလာခံမှာ “Make a Difference Award” ဆုကို ရရှိခဲ့ပါတယ်။
          ဆူဟက်ဟာ ၂၀၀၈-၂၀၀၉ ခုနှစ်ရဲ့ “Young Global Leader” အဖြစ် ကမ္ဘာ့စီးပွားရေ ဖိုရပ်ရဲ့ သတ်မှတ်ခြင်းကို ခံရပါတယ်။
အောက်ကလင့် ကလေးမှာတော့ သူရဲ့ အင်တာဗျူး အစီအစဉ်လေးကို ရှု့စားနိုင်ပါတယ် 2009 ခုနှစ်လောက်မှာ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော်ချမ်းသာနေပြီတဲ့။
=========================================================================

ဝယ်ကြဦးမလား iPhone 5


          Apple ကတောင် iPhone 5 မထုတ်ဖြစ်သေးဘူး တရုတ်မှာတော့ iPhone 5 အတုတွေ ၀ယ်လို့ရနေပါပြီ။  လူပေါင်း သန်း ၃၅၀လောက် Register လုပ်ထားတဲ့ Taobao.com လိုမျိုး နာမည်ကြီး ရောင်းဝယ်ရေးတရုတ် ၀ဘ်ဆိုဒ်တွေမှာ iPhone 5 အတုတစ်လုံးကို ယွမ် ၂၀၀ (အမေရိကန် ၃၁ ဒေါ်လာ)လောက်နဲ့ ၀ယ်လို့ရနေပါပြီ။ 
          ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက Apple က အများမျှော်လင့်သလို iPhone 5 ထွက်မလာဘဲ iPhone 4s သာထွက်လာခဲ့ပေမယ့် ၀ယ်ယူသူတွေကတော့ အဆိုပါဝဘ်ဆိုဒ်မှာ သူတို့အမြင်လေးတွေကို အခုလိုရေးသွားပါတယ်
          “အရမ်းကောင်ပါတယ်၊ ကျွန်တော် ၄၊ ၅ ရက်လောက်သုံးကြည့်ပြီးပြီ ၀ယ်ရတာ တန်ပါတယ်” လို့ Taoboa ၀ဘ်ဆိုဒ်ကနေ iPhone 5 ၀ယ်သူတစ်ယောက်က ရေးသွားပါတယ်။  တစ်ချို့ စမတ်ဖုန်းတွေကိုတော့ အတုပြုလုပ်တယ်လို့ စွပ်စွဲခံရမယ့်အရေး ရှောင်ရှားတဲ့အနေနဲ့ “HiPhone 5” လို့ တပ်ထားပေမယ့် ဖုန်းရဲ့ အနောက်မှာတော့ Apple ရဲ့တံဆိပ်ကို ယူသုံးထားပြီး “iPhone 5G”လို့ ဘက်ထရီထည့်တဲ့နေရာမှာ တံဆိပ်ရိုက်ထားပါသတဲ့။

          ကာလီဖိုးနီးယားပြည်နယ် Apple ဋ္ဌာနချုပ်ကနေပြီးတော့ iPhone 4s မထုတ်ခင်ကဘဲ တရုတ်အာဏာပိုင်တွေဟာ ဒီအတုတွေ ဘယ်လောက်များထုတ်လုပ်ပြီးသလဲဆိုတာကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။  ဖူကျိုးဒေသက စုံထောက်ကြီးကတော့ iPhone 5s အတု ၆၁လုံးကို အသစ် အသစ်သော နည်းပညာတွေနှင့် တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။  အဆိုပါ iPhone 5s မှာ Sim Card (ဖုန်းကဒ်) ၂ခု အသုံးပြုလို့ရတယ်လို့ ရှင်ဟွာ သတင်းဋ္ဌာနက ဒီသတင်းပတ် အစောပိုင်းမှာ အစီရင်ခံသွားပါတယ်။
          ဒီလိုဖုန်းတွေကို ရှန်ကျန်း တောင်ပိုင်းဒေသတွေကနေ ထုတ်လုပ်နေတယ်လို့ သုံးစွဲသူတွေက ဆိုပါတယ်။  ဒီအတွက် ဖူးကျိုး ကုန်စည်ကူးသန်းရောင်းဝယ်ရေး အစိုးရဋ္ဌာနကတော့ ဘာမှ မှတ်ချက်ပေးမသွားပါဘူး။
          Apple ကို အရူးအမူးစွဲလမ်းတဲ့ တရုတ်ပြည်မှာတော့ လူဦးရေ သန်း ၅၀၀လောက်ဟာ ပုံတူပွားထားတဲ့ iPhones နဲ့ iPad တွေကို အသုံးပြုနေကြပါသတဲ့။  ပြီးခဲတဲ့ ဇူလိုင်လတုန်းက အမေရိကန် ဘလော့ဂ်ဂါတစ်ယောက်က ကူမင်းတောင်ပိုင်းမှာရှိတဲ့ Apple အတုဆိုင်ကို တွေ့ရှိခဲ့ပါတယ်။  အဲ့ဒီမှာ အလုပ်လုပ်နေတဲ့ အရောင်းဝန်ထမ်းတွေကိုယ်တိုင်တောင် ဒီဆိုင်ဟာ အတုမှန်းမသိခဲ့ပါဘူးတဲ့။
          ခုများတော့ တရုတ် အိုင်ဖုန်း စွဲလမ်းသူတွေဟာ နောက်ဆုံးပေါ် Apple ထုတ်ပစ္စည်းတွေ သူတို့လက်ထဲရောက်ဖို့ တန်းစီပြီးစောင်နေကြပါသတဲ့။  Apple အနေနဲ့ကတော့ တရုတ်ပြည်တစ်ဝှမ်းလုံး တရားဝင် အရောင်းဆိုင် ၅ ဆိုင်ဘဲဖွင့်လှစ်ထားပါတယ်။  ရှန်ဟိုင်းမှာ ၃ဆိုင်နဲ့ ဘေဂျင်းမှာ ၂ ဆိုင်ပါ။  တစ်ခြားဆိုင်တွေကတော့ စမာကလာတွေ ဘဲဖြစ်ပါသတဲ့။
          သြော်… သွားလေသူကြီး မောင်မောင်ဂျော့ရေ…. ဟောဒီမှာ ဖြစ်ပျက်နေတာတွေကို တစ်ချက်လေး စောင်းငဲ့ကြည့်ပါဦးတော်……..  အမလေး အရပ်ကတို့ရဲ့…..
==================== ရှာဖွေပါအုံးမည်=============================================

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...