စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရှိခိုးပူဇော်ခြင်းနှင့် ဗုဒ္ဓဘာသာ

            အရာရာတိုင်းတွင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရဟူ၍ ရှိကြသည် ။ အသွင်သဏ္ဌာန်သည် အနှစ်သာရကို ပုံဖော်ဆောင်ကြဉ်း ပေးရသလို ၊ အနှစ်သာရသည် အသွင်သဏ္ဌာန်တည်ရှိမှုအား အဓိပ္ပါယ် ပြည့်ဝစေပေသည် ။ ထို့ကြောင့် တစ်စုံတစ်ရာကို အကဲခတ်တန်းဖိုး ဖြတ်မည် ဆိုပါလျှင် အသွင်သဏ္ဌာန်ရော အနှစ်သာရကိုပါ ခြုံငုံ မိရန် အရေးကြီးလှပေသည် ။ လူသားတို့၏ ဘ၀တစ်ခုလုံးနှင့် သက်ဆိုင်သော ယုံကြည်ကိုးကွယ်မှု တို့အား လေ့လာဆန်းစစ်မှုပြုရာတွင်လည်း အသွင်သဏ္ဌာန်မျှကိုသာ ကြည့်ပြီး အနှစ်သာရ၏ တန်ဖိုးကို အကဲဖြတ်၍ မရနိုင်သည်ကို လူသားတိုင်း အလေးဂရုပြုအပ်ပေသည် ။
ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူသားထု တစ်ရပ်လုံး ကိုးကွယ်အားထားရာ ဘာသာကြီး လေးခုအနက်မှ တစ်ခုအပါ အ၀င် ဖြစ်သည့်အလျောက် သုတေသီတို့က ဘက်စုံထောင်စုံမှ လေ့လာစူးစမ်းမှုများပြုလုပ်ခဲ့ကြရာ အချို့ မှာ အပေါ်ယံ အသွင်သဏ္ဌာန်မျှကိုသာကြည့်ပြီး ဗုဒ္ဓဘာသာ၏ တန်ဖိုးကို အကဲဖြတ်ကြ ၊ စာအုပ်စာတမ်းများ ရေး သားပြု စု ကြသည်များလည်း ရှိသည် ။ ထိုသို့အကဲဖြတ်သူများထဲတွင် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိနား လည်ခြင်း မရှိသူအချို့ က ဗုဒ္ဓဘာသာဝင်တို့၏ ဗုဒ္ဓဆင်းတုတော် ရှိခိုးပူဇော်သည့် အလေ့အထကို ရုပ်ထု ကိုးကွယ် မှု အဖြစ် အစဉ်တစိုက်ဝေဖန် ရှုတ်ချခဲ့ကြသည် ။ ယင်းအလေ့အထသည် သူတို့ အမြင်တွင် အဓိပ္ပါယ် မဲ့ကောင်း မဲ့နေပေလိမ့်မည် ။ သို့ရာတွင် ဘာသာတရားအဆုံးအမနှင့်အညီ မြင့်မြတ်သော ဘ၀တစ်ခုအားမည် သို့ ဆောက် တည် ရမည်ကို သင်ကြားပြသပေးခဲ့သည့် ဆရာသခင်ကျေးဇူးရှင် တစ်ဦးအား အရိုအသေပေး ဂါရ၀ပြုခြင်း၏ ထူးခြားချက်ကိုကား သိနားလည်ခြင်း မရှိကြချေ ။


        ဗုဒ္ဓဆင်းတုတော်တို့အား ရှိခိုးပူဇော်သည့် အလေ့အထသည် ဗုဒ္ဓ၏ သစ္စာဥာဏ် ၊ ပါရမီ ၊ အသိပညာ ၊ ဂုဏ်ကျေးဇူး များနှင့် လူသားတို့ကောင်းကျိုးအတွက် မြင့်မြတ်သော စွန့်လွှတ်မှုတို့အား အသိအမှတ်ပြု ကျေးဇူး တင် ရှိကြောင်းပြ သသည့် နည်းလမ်းတစ်ရပ်သာ ဖြစ်သည် ။ အဆိုပါ အကြောင်းတရားတို့အား သိနားလည် မှုမရှိသည့်အတွက် ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပူဇော်ခြင်းအပေါ် ဝေဖန်ပြောဆို ရေးသားကြခြင်း ဖြစ်သည် ။ ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနှင့် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအားပူဇော်ဂါရ၀ပြုခြင်းသည် မဖြစ်မနေလုပ်ဆောင် ရမည့်ကိစ္စပေလော ဟုပြန် လည် သုံးသပ်ကြည့်သင့်ပေသည် ။ ဆင်းတု ၊ ရုပ်ပွားတော်တို့သည် ဗုဒ္ဓဘာသာ ၀င်အဖြစ်ခံယူရေးအတွက် မရှိ မဖြစ် လိုအပ်ချက် မဟုတ်သော်လည်း ဗုဒ္ဓရုပ်ပွားတော်အား ပူဇော်ဂါရ ၀ပြုခြင်း သည် အဓိပ္ပါယ်ရှိပြီး အကျိုးယုတ် စရာ မရှိသည့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အလေ့အထတစ်ရပ်သာ ဖြစ်ပေ သည် ။


          မြင့်မြတ်စင်ကြယ်သော ဘာသာတရားတစ်ခုအား ဝေဖန်ရှုတ်ချရန်အလို့ငှာ အဘယ့်ကြောင့် ဤကိစ္စကို ရှေ့တန်း တင် အသုံးချနေကြသည်ဆိုခြင်းကို ဗုဒ္ဓဘာသာဝင်များအဖို့ နားလည်ရန်ခက်ခဲလှပေသည် ။ ဗုဒ္ဓဘာသာဝင်တို့က ရုပ်ပွားတော်တစ်ဆူဖြင့် ကိုယ်စားပြုထားသည့် သူတို့၏ ဆရာသခင်အားပူဇော် ဂါရ၀ပြုခြင်း သည် လူ့ဘောင် အဖွဲ့ အစည်း ၏ ကိုယ့်ကျင့်တရား ဆိုင်ရာမူဝါဒ တစ်စုံတစ်ရာနှင့် တစ်ပါးသူတို့၏ လွတ်လပ်ငြိမ်း ချမ်း ပျော်ရွှင်မှုအား ထိပါးချိုးဖောက်ရာရောက်နေပါသလော ။ အကယ်စစ်စစ် ဗုဒ္ဓမြတ်စွာသည် ပကာသနလွှမ်းသော ဘာသာရေး အခမ်းအနားများကျင်းပရန် မည်သည့်အခါကမျှအဆိုမပြုခဲ့ပဲ ဓမ္မကိုဖြန်ဖြူး ရန်နှင့် မှန်ကန်မြင့်မြတ်သောဘ၀ တစ် ခုအား ဆောက်တည်ရေး လမ်းစဉ်တို့ကို ညွှန်ပြရန်သာ အာရုံစိုက် ခဲ့ပေ သည် ။ ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိ စဉ် အခါက ဗုဒ္ဓ၏နောက်လိုက် သံဃာတော်များအား ဗုဒ္ဓ ကိုယ်စား ရုပ်ပွားဆင်းတုများထုလုပ်ကိုးကွယ် ကြရန် လည်းမည့်သည့် အခါကမျှ တိုက်တွန်းမှုမပြုခဲ့ပေ ။


         ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီးနောက် အနည်းဆုံး ရာစုသုံးစုခန့်ကြာမှ ဗုဒ္ဓ၏နောက်လိုက် သံဃာတော်များက အရို အသေပြု စရာ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်များ ထုလုပ်ခဲ့ကြခြင်း ဖြစ်ပေသည် ။ ရုပ်ပွားတော်များက ဗုဒ္ဓ၏ ပြီးပြည့်စုံသော ဖြူစင်မှု ၊ ဂရုဏာတရား ၊ ပညာဥာဏ် နှင့် လူယဉ်ကျေးတို့ အလေး ထား ပူဇော်ခြင်းကို ခံယူထိုက်သော မြင့်မြတ်သည့် အရည်အသွေးများအား ကိုယ်စားပြုလျက်ရှိသည် ။ မည်သို့ပင်ဆိုစေ ဗုဒ္ဓရုပ်ပွားတော်တို့သည် ကမ္ဘာ့အနုပညာရှင်တို့ စွမ်းဆောင်ခဲ့သည့် အလှပဆုံး ၊ အကောင်းမွန် ဆုံး လက်ရာတို့ အနက် တစ်ခုလည်းဖြစ်ပေသည် ။ ဗုဒ္ဓဘာသာဝင် မဟုတ်စေကာမူ ဘာသာရေးအစွဲအလမ်း မကြိးသူတစ်ချို့မှာမူ ဗုဒ္ဓရုပ်ပွားတော်တို့က ကြည်ညိုသူ၏ စိတ်ဘ၀င်တွင် နက်ရှိုင်းသောတည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေးနိုင်စွမ်း ရှိကြောင်း သိရှိကြသည် ။


          သို့ဖြစ်ရာ သူတို့၏ နေအိမ် ၊ ရုံးခန်းစသည်တို့တွင် ဗုဒ္ဓရုပ်ပွားတော်များကို အမြတ်တနိုးထားလေ့ရှိကြသည် ။ ထိုသို့လူ့စိတ်အာရုံကို ငြိမ်းချမ်းမှု ပေးစွမ်းနို်င်သည့် ရုပ်ပွားတော်များအား မိမိတို့ အနီးဝန်းကျင်တွင် ထားရှိဖူးမြှော် အာရုံပြုခြင်းသည် ကျန်းမာရေးအတွက်လည်း တန်ဖိုးရှိသော လုပ်ရပ်တစ်ခုပင် ဖြစ်သည် ။ အခြားတစ်ဖက် တွင် ကား အမည်ခံ ဗုဒ္ဓဘာသာဝင်အချို့သည် ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ကိုးကွယ်မှုအား ဗုဒ္ဓ၀ါဒ၏ အရေးကြိးဆုံး အနှစ် သာရ အဖြစ် သဘောထားကာ သူတို့၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ဤကြည်ညို ကိုင်းရှိုင်းမှု ဆိုင်ရာ အသွင် သဏ္ဌာန်၌သာ အဓိကဗဟိုပြု အားထားနေကြသည်ကိုလည်း တွေ့ရပေသည် ။ ထိုသူတို့ကိုမူ ရုပ်တုဆင်းတု ကိုးကွယ်သူများမဟုတ်ပါဟု ငြင်းဆို ပြောကြားရန်ခက်လှပေသည် ။ ထိုသူတို့သည် ဒဏ္ဏာရီ ဆန်သော ယုံကြည်မှုများကို အသိတရားကင်းမဲ့စွာ တီထွင်ခဲ့ကြသည် ။ ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော် အသွင် အပြင် ၊ လက်ဟန်ခြေဟန် ၊ မျက်လုံးနှင့် ဦးဆောင်းတော်တို့ကို ပုံစံအမျိုးမျိုးဖြင့် ထုလုပ်ကြသည် ။ မဟာ လူသား တည်း ဟူသော မြတ်ဗုဒ္ဓဘုရားရှင်ကို ကောင်းကင်ဆန်စေခဲ့သည် ။ တန်ခိုးရှင် ၊ ဖန်ဆင်းရှင်နတ်ဘုရားအသွင် သို့ပြောင်းစေခဲ့ကြသည် ။
       ယင်းရုပ်ပွားတော်များထံတွင် ဆုတောင်း ပတ္တနာပြုခြင်းဖြင့် သူတို့၏ လောကီရေးရာ လိုအပ်ချက်များ ပြည့်ဝလာ လိမ့်မည်ဟု စိတ်ကူးယဉ်နေကြသည် ။ ထိုရုပ်ပွားတော်များသည် ယင်းတို့ကိုတီထွင် ထုလုပ်ကိုးကွယ် သူတို့၏ အသိဥာဏ်ခေါင်းပါးမှု နှင့် ကစဉ့်ကလျား ဖြစ်နေသည့် စိတ်နေသဘောထားတို့၏ ရောင်ပြန်ဟပ်မှုမျှ သာဖြစ်ပေ သည် ။ ယခုအချိန်အခါသည် ဓမ္မအစစ်အမှန်ကိုအလေးအနက်ထား အာရုံပြုလျက် အဆိုပါရုပ်ပွားတော် များ အပေါ် အစွဲအလမ်းကြီးမှုများကို လျှော့ချရမည့်ကာလ ဖြစ်ပေသည် ။


         ကိုးကွယ်ယုံကြည်သူတို့၏ စုဝေး၀တ်ပြုရာ ဗဟိုချက်မအဖြစ် ဗုဒ္ဓရုပ်ပွားတော်များအား ထိန်းသိမ်းသွားရပေမည် ။ ယင်းသို့ပြုနို်င်မည်ဆိုလျှင် ဗုဒ္ဓ၀ါဒ၏ ကောင်းမြတ်သော ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်း သွားနိုင်ပေ လိမ့် မည် ။ ကျွန်ုပ်တို့သည် မိမိတို့၏ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကိုထိန်းသိမ်းရင်း ဗုဒ္ဓ၀ါဒအား ခံယူကျင့်သုံး သွားနိုင် ပါသည် ။ သို့သော်မိမိတို့၏ မိရိုးဖလာ ဓလေ့ထုံးတမ်းများကို ဗုဒ္ဓ၀ါဒ အတွင်းသွပ်သွင်းခြင်းဖြင့် အရိုးကို အရွက် ဖုံးစေ ရန်ကား မပြုအပ်ပေ ။ အဘယ့်ကြောင့်ဆိုသော မိရိုးဖလာဗုဒ္ဓဘာသာဝင်များက သူတို့၏လူမျိုး ဓလေ့ ထုံး တမ်းနှင့် သက်ဆိုင်သော ပွဲလမ်းသဘင်အခမ်းအနားများအား သားစဉ်မြေးဆက် ခံယူကျင်း ပကြ သည်ကို ဘာသာ ခြားတို့က ဗုဒ္ဓ၀ါဒ၏ လမ်းညွှန်မှုအရ ပြုလုပ်နေသည်ဟု လွဲမှားစွာမှတ်ယူတတ်ကြသော ကြောင့်ဖြစ်သည် ။ ဘာသာရေးအယူသီးသည့် အစွန်းရောက်ဘာသာခြားအဖွဲ့အစည်း အချို့ကလည်း ဗုဒ္ဓ ဘာသာ ၀င် ပညာမဲ့တို့အား သူတို့၏ဂိုဏ်းဂဏအတွင်းသို့ ကူးပြောင်းဝင်ရောက်လာစေရန် ရည်ရွယ်ကာ ပရိ ယာယ်ဆင်လျက်ဗုဒ္ဓ၀ါဒအား သရော်လှောင်ပြောင် ဝေဖန်ရှုတ်ချမှုပြုရာတွင် ယင်းအခြေအနေအား အသုံးချ အမြတ်ထုတ်လေ့ရှိကြသည်ကို ကျွန်တော်တို့ သတိပြုအပ်သည်။


        ထို့ကြောင့် အဆိုပါအခမ်းအနား ပွဲလမ်းသဘင်များကို ရိုးရာ ဓလေ့ထုံးစံ၏ တစ်စိတ်တစ်ဒေသ အဖြစ်ကျင်းပ လိုသူများအနေဖြင့် ဗုဒ္ဓ၀ါဒ နှင့်ထွေးရောယှက်တင်မဖြစ်စေရန် ယင်းတို့ကိုဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တို့၏ ပြင်ပတွင်သာကျင်းပသင့်သည် ။ ဗုဒ္ဓ၀ါဒကိုလူထုအကြား အထင်အမြင်လွဲမှားမှုနှင့် ထိပါးဖျက်ဆီးမှုကို ဖန်တီးနိုင် ရန် အခွင့်သာစေမည့် အဆိုပါအလေ့အထများအား ခွင့်မပြုမိရန် သတိကြီးစွာထားကြရမည် ။ ဒေသတစ်ခု လူမျိုး တစ်မျိုးတွင် ရှေးကာလကပင် အမြစ်တွယ်တည်ရှိခဲ့သော မိရိုးဖလာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ရပ်ကြောင့် ကိုးကွယ်ရာ ဘာသာတရားအပေါ် အထင်အမြင် လွဲမှားစေခြင်းသည် မိမိတို့ယုံကြည်ကိုးစားရာ ဘာသာတရား အဓွန့်ရှည်စွာ တည့်တံပြန့်ပွားရေးအတွက် ကြီးမားသော အန္တရာယ်တစ်ခုဖြစ်သည်ဆိုခြင်းကို ကျွန်တော်တို့ အလေး ဂရုပြုသင့်ကြောင်းရေးသား တင်ပြလိုက်ရပါတော့သည် ။ ၀င်းသိန်းဦးရေးသားသည့် ကျွန်ုပ်တို့ အမှန် တကယ် ယဉ်ကျေးကြပြီလော နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ ကိုးကားရေးသားခြင်းဖြစ်သည် ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...