စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမျိုးသမီး လက်ကိုင်အိတ်များ



အလှအပအတွက်ဖြစ်စေ၊ လိုအပ်ချက်အရဖြစ်စေ၊ အဆောင်အယောင်တစ်ခုအနေဖြင့်ဖြစ်စေ လက်ကိုင်အိတ်များသည် ယနေ့ခေတ် အမျိုးသမီးများအတွက် မရှိမဖြစ်လိုအပ်သော အသုံးအဆောင်သဖွယ် ဖြစ်လာသည်။

ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ် အများအပြားကလည်း လှပသော၊ တန်ဖိုးကြီးမားသော အမျိုးသမီးလက်ကိုင်အိတ်များကို အပြိုင်အဆိုင် ထုတ်လုပ်ခဲ့ကြပြီး ဒီဇိုင်းအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ဖန်တီးခဲ့ကြသည်။

အမျိုးသမီးများအတွက် လိုအပ်သော ပစ္စည်းကိရိယာများ ထည့်သွင်းယူဆောင်သွားရန် သက်သက်သာမကဘဲ ဂုဏ်သရေနှင့် ဖက်ရှင်စံနှုန်းများအရပါ မော်ကြွားစရာ ဖြစ်လောက်အောင် ဖန်တီးထားသည့် နာမည်ကျော် အမှတ်တံဆိပ်များ၏ ကမ္ဘာ့တန်ဖိုးအကြီးဆုံး လက်ကိုင်အိတ် (၁၀)မျိုးကို စုစည်းဖော်ပြလိုက်ရပါသည်။

၁၀။ Marc Jacobs၏ Carolynတံဆိပ် မိကျောင်းသားရေ လက်ကိုင်အိတ်


Marc Jacobs ဖက်ရှင်အမှတ်တံဆိပ်၏ ဂုဏ်အယူရဆုံး လက်ရာတစ်ခုအဖြစ် အဆိုပါ လက်ကိုင်အိတ်ကို ညွှန်းဆိုကြသည်။

ဒေါ်လာ(၃၈၀၀၀) ဈေးနှုန်းရှိသော လက်ကိုင်အိတ်သည် လူကုံထံ အမျိုးသမီးထုအကြား ရေပန်းအစားဆုံးနှင့် ကျက်သရေ အရှိဆုံး အသုံးအဆောင် တစ်ခုလည်း ဖြစ်နေသည်။

အရည်အသွေး အကောင်းဆုံး မိကျောင်းသားရေကို အသုံးပြု ချုပ်လုပ်ထားပြီး အတွင်းပိုင်းတွင် မျက်မှန်ထည့်သွင်းသည့် အိတ်တစ်အိတ်ကိုလည်း သီးသန့် ထည့်သွင်းပေးထားသည်။

၉။ Hilde Palladino၏ Gadino လက်ကိုင်အိတ်

နော်ဝေးဒီဇိုင်နာ ဟီလ်ဒီ ပယ်လာဒီနို၏ ဖက်ရှင်ကုမ္ပဏီက ဖန်တီးခဲ့သော လက်ကိုင်အိတ်ဖြစ်သည်။ တန်ဖိုးအနေဖြင့် ဒေါ်လာ (၃၈၄၇၀) ကျသင့်သည်။

အိတ်၏ ကိုယ်ထည်ကို မိကျောင်းသားရေဖြင့် ချုပ်လုပ်ထားသည်။ အိတ်၏ လက်ကိုင်ကြိုးအတွက် အကွပ်များကို ရွှေဖြူစစ်စစ်ဖြင့် သွန်းလောင်းထားပြီး အဖြူရောင်စိန်ပွင့် (၃၉)ပွင့်ကိုလည်း မြှုပ်နှံတပ်ဆင်ထားသည်။

၈။ LV၏ Tribute Patchwork လက်ကိုင်အိတ်

ထူးခြားပြီး သမားရိုးကျ နည်းလမ်းဟောင်းများမှ ခွဲထွက်ထားသည့် အိတ်ဒီဇိုင်းမျိုးဖြင့် LVက ဖန်တီးထားသော လက်ရာဖြစ်သည်။

LV၏ အမျိုးသမီး လက်ကိုင်အိတ် အသေးစားများကို စုစည်းပေါင်းစပ်ထားသော ဒီဇိုင်းမျိုးဖြစ်ပြီး ဥရောပနှင့် အာရှဈေးကွက်များတွင် LVက ဖြန့်ချိခဲ့သည်။

အရောင်အသွေး စုံလင်စွာဖြင့် ချုပ်လုပ်ထားသည့် လက်ကိုင်အိတ်ကို အမေရိကန်တွင် Limited Edition အနေဖြင့် (၄)လုံး ရောင်းချခဲ့ပြီး (၄)လုံးစလုံး ရောင်းထွက်သွားသည်။ အိတ်တစ်လုံး၏ တန်ဖိုးမှာ ဒေါ်လာ(၄၂၀၀၀)ဖြစ်သည်။

၇။ Leiber၏ Precious Rose လက်ကိုင်အိတ်

အဖိုးထိုက်နှင်းဆီ (Precious Rose)ဟု မှည့်ခေါ်ထားသည့် အမည်နှင့် လိုက်ဖက်စွာပင် အဆိုပါ လက်ကိုင်အိတ်၏ တန်ဖိုးမှာ ဒေါ်လာ (၉၂၀၀၀)ထိ ကျသင့်မည် ဖြစ်သည်။

အိတ်၏ ပုံသဏ္ဌာန်ကို လှပစွာ ပွင့်လန်းနေသည့် နှင်းဆီပန်းပွင့်ပုံ ဒီဇိုင်းဖော်ထားကာ လက်ကိုင်အိတ်တွင် စိန်ပွင့်ပေါင်း (၁၀၁၆)ပွင့်ထိ ထည့်သွင်း မြှုပ်နှံထားသည်။ စိန်ပွင့်များ၏ စုစုပေါင်း အလေးချိန်မှာ (၄၂.၅၆)ကာရက် ရှိသည်။

ထို့အပြင် ပန်းရောင် နီလာကျောက် (၁၁၉၆)ပွင့်နှင့် အခြားကျောက်ရောင်စုံ အပွင့်ပေါင်း (၈၀၀)မျှထိပါ ထည့်သွင်းထားခြင်းကြောင့် ယခုလို ဈေးနှုန်းကြီးမြင့်နေခြင်းလည်း ဖြစ်သည်။
ယင်းအိတ်၏ ထူးခြားချက်မှာ အရေအတွက် အများအပြား ထုတ်လုပ်ခြင်းမရှိဘဲ တစ်လုံးတည်းသာ သီးသန့်ဖန်တီး ရောင်းချခြင်း ဖြစ်သည်။

၆။ Hermes Matte၏ မိကျောင်းသားရေ Birkin လက်ကိုင်အိတ်

ရိုးရှင်းပြီး ခံ့ညားသည့် ဒီဇိုင်းမျိုးဖြင့် ဖန်တီးချုပ်လုပ်ထားသည့် လက်ကိုင်အိတ်သည် ဗြိတိသျှ အဆိုတော် မင်းသမီး ဂျိန်းဘာကင်ကို အစွဲပြုကာ Birkinဟု အမည်မှည့်ခေါ်ထားခြင်း ဖြစ်သည်။

အနက်ရောင် မိကျောင်းသားရေကို အသုံးပြုထားပြီး (၁၀)ကာရက်မျှ အလေးချိန်ရှိသည့် စိန်ပွင့်များ ထည့်သွင်း စီခြယ်ထားသောကြောင့် အိတ်၏ တန်ဖိုးမှာ ဒေါ်လာ (၁၂၀၀၀၀)ထိ ကျသင့်သည်။
အဆိုပါ လက်ကိုင်အိတ်ကို အရည်အသွေး လျှော့ချထားသည့် ပုံတူတစ်မျိုး ထုတ်လုပ်သေးသော်လည်း ယင်း၏ တန်ဖိုးသည်ပင် ဒေါ်လာ(၅၀၀၀)ဖြစ်သည်။

၅။ LV၏ Urban Satchel လက်ကိုင်အိတ်

မြို့ပြရပ်ဝန်းမှ အမှိုက်သရိုက် အမျိုးမျိုးကို ပေါင်းစပ်ပြီး ထူးထူးခြားခြား စိတ်ကူးစိတ်သန်းဖြင့် ဒီဇိုင်းဖော် ဖန်တီးထားသည့် LV၏ လက်ရာဖြစ်သည်။

ရေသန့်ဘူးခွံ၊ စီးကရက်ဘူးခွံ အစရှိသည့် အမှိုက်သရိုက်ပေါင်းစုံပါဝင်သည့် အဆိုပါအိတ်၏ တန်ဖိုးမှာ ဒေါ်လာ (၁၅၀၀၀၀)ဖြစ်သည်။

အမှိုက်သရိုက် အတိပြီးသော Urban Satchelအိတ်အတွက် ထိုမျှ ငွေကြေးသုံးစွဲမည့်အစား ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ချုပ်လုပ်ကြည့်ခြင်းက ပိုတန်မည့်သဘောလည်း ဖြစ်သည်။

၎။ Lana Marks၏ Cleopatra လက်ကိုင်အိတ်

Lana Marksသည် ၎င်းတို့၏ Cleopatra လက်ကိုင်အိတ်များကို တစ်နှစ်လျှင် တစ်လုံးစီသာ Limited Edition အနေဖြင့် ထုတ်လုပ်လေ့ ရှိသည်။

ထိုကဲ့သို့ ကိန်းကြီးခန်းကြီး နိုင်လှသောကြောင့်လည်း အဆိုပါ လက်ကိုင်အိတ်၏ ဈေးနှုန်းကို ဒေါ်လာ(၂၅၀၀၀၀)ထိ သတ်မှတ်ထားခြင်းမှာ မဆန်းလှချေ။
အိတ်၏ ကိုယ်ထည်အတွက် မိကျောင်းသားရေကို အသုံးပြုကာ ငွေရောင်တောက်တောက်ဖြင့် ဖန်တီးထားသည်။ အိတ်၏ ဘောင်အနားကွပ် အားလုံးတွင် ရွှေဖြူသား စစ်စစ်ကို အသုံးပြုထားသည်။

အိတ်၏ ဘောင်တစ်ဝိုက်တွင် စိန်ဖြူနှင့် စိန်နက် အပွင့်ပေါင်း (၁၅၀၀)ကို မြှုပ်နှံထားသည်။ Lana Marks၏ အရေအတွက် ကန့်သတ်ချက်ကြောင့် ကမ္ဘာပေါ်တွင် Cleopatra အိတ် ကိုင်ဆောင်ခွင့်ရသည့် နာမည်ကျော် အမျိုးသမီး တစ်နှစ်လျှင် တစ်ဦးသာ ထွက်ပေါ်လေ့ရှိသည်။

၃။ Chanel၏ Diamond Forever ဂန္ထဝင်ဒီဇိုင်း လက်ကိုင်အိတ်

ဂန္ထဝင်ဆန်ဆန် အိတ်ဒီဇိုင်းမျိုးကိုပင် ပြန်လည်ဆန်းသစ်ထားပြီး အိတ်၏ရှေ့ဘက်မှ Chanel အမှတ်တံဆိပ်ကို စိန်ပွင့်ပေါင်း (၃၃၄)ပွင့်ဖြင့် စီခြယ် အလှဆင်ထားသည်။

အိတ်၏ သိုင်းကြိုးမှာ ရွှေဖြူသားစစ်စစ်ဖြစ်ပြီး ကိုယ်ထည်အတွက် အကောင်းဆုံး သားရေအမျိုးအစားကို ရွေးချယ်ထားသည်။

Chanelက Diamond Forever လက်ကိုင်အိတ် စုစုပေါင်း (၁၃)လုံးသာ ထုတ်လုပ်ခဲ့ပြီး ယင်းတို့အနက် (၅)လုံးကိုသာ အမေရိကန်တွင် ရောင်းချခဲ့သည်။

၂။ ဂင်ဇာတာနာကာ၏ Hermes Birkin လက်ကိုင်အိတ်

ဂျပန် ဒီဇိုင်းပညာရှင် ဂင်ဇာတာနာကာ၏ လက်ရာတွင် ပလက်တီနမ်သားဖြင့် လက်ကိုင်အိတ် ကိုယ်ထည်ကို ဖန်တီးထားပြီး ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အလှဆင်ထားသည့် စိန်ပွင့်ပေါင်း (၂၀၀၀)ထိ ပါရှိသည်။

လက်ကိုင်အိတ်၏ သိုင်းကြိုးမှာလည်း အလွယ်တကူ ဖြုတ်ယူနိုင်ပြီး လည်ဆွဲအဖြစ် ဝတ်ဆင်နိုင်သည်။ ထို့အပြင် လက်ကိုင်အိတ်တွင် တပ်ဆင်ထားသည့် အမြိတ်ကလေးများကိုလည်း ပလက်တီနမ် နားဆွဲများအဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။

အိတ်၏အလယ်တည့်တည့်တွင် (၈)ကာရက် အလေးချိန်ရှိ သစ်တော်သီးပုံ စိန်ပွင့်ကြီးကို ထည့်သွင်းတပ်ဆင်ထားသည်။ ယင်းအိတ်ကို (၂၀၀၈)ခုနှစ်က ရောင်းချခဲ့ရာ ဒေါ်လာ(၁.၈)သန်းထိ ဈေးနှုန်းရှိခဲ့သည်။

၁။ Mouawad၏ 1001 Nights Diamond လက်ကိုင်အိတ်

ဂင်းနစ် ကမ္ဘာ့မှတ်တမ်း အဖွဲ့ကြီးက ကမ္ဘာ့ဈေးအကြီးဆုံး လက်ကိုင်အိတ်အဖြစ် တရားဝင် အသိအမှတ် ပြုထားသည့် 1001 Nights Diamond၏ တန်ဖိုးမှာ ဒေါ်လာ(၃.၈)သန်း ဖြစ်သည်။

ကမ္ဘာကျော် တစ်ထောင့်တစ်ညပုံပြင်များကဲ့သို့ပင် စိတ်ကူးယဉ် နတ်သမီးပုံပြင်ဆန်လှသည့် အနုပညာလက်ရာတစ်ခုအဖြစ် တင်စားထားသော လက်ကိုင်အိတ်ကို အလွန်ထူးချွန်သည့် အနုပညာရှင် (၁၀)ဦးက နာရီပေါင်း (၈၈၀၀)မျှ အချိန်ပေးပြီး ဖန်တီးယူခဲ့ခြင်း ဖြစ်သည်။

လက်ကိုင်အိတ်ကို (၁၈)ကာရက် ရွှေသားဖြင့် သွန်းလုပ်ထားပြီး စိန်ပွင့်ပေါင်း (၄၅၁၇)ပွင့်ဖြင့် မွမ်းမံထားသည်။ ယင်းတို့အနက် ရှားပါးလှသည့် ပန်းရောင်စိန်ပွင့် (၅၆)ပွင့်၊ အဝါရောင်စိန်ပွင့် (၁၀၅)ပွင့်တို့လည်း ပါဝင်ကြသည်။

လက်ကိုင်အိတ်တွင် ပါရှိသမျှ စိန်အားလုံး၏ စုစုပေါင်း အလေးချိန်သည် (၃၈၁.၉၂)ကာရက်မျှထိ ရှိသည်။
_Top Teny

http://www.7daydaily.com/story/13391#.U57-gSjzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...