စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဇိမ်ခံမော်တော်ကားများ



ကမ္ဘာပေါ်တွင် အချမ်းသာ အကြွယ်ဝဆုံး ပုဂ္ဂိုလ်များအတွက် အနှစ်သက်ဆုံး အဆောင်အယောင်များတွင် ၎င်းတို့စီးနင်းသည့် ဇိမ်ခံကားများလည်း ပါဝင်သည်။

Lamborghini၊ Bugatti၊ Aston Martin အစရှိသည့် နာမည်ကျော် ကားကုမ္ပဏီကြီးများကလည်း ဈေးအကြီးဆုံး၊ တန်ဖိုးအမြင့်ဆုံး ဇိမ်ခံပြိုင်ကားများကို သီးခြားဖန်တီး ထုတ်လုပ်ကာ အကြွယ်ဝဆုံးသော ဖောက်သည်များကို ဆွဲဆောင်လေ့ ရှိကြသည်။

အမှတ်တံဆိပ် တန်ဖိုးအရဖြစ်စေ၊ ထုတ်လုပ်မှု အရေအတွက် ကန့်သတ်မှုကြောင့်ဖြစ်စေ အဆိုပါ ဇိမ်ခံကားများ၏ တန်ဖိုးသည် မြင့်သထက် မြင့်တက်သွားလေ့ရှိရာ ယင်းတို့အနက်မှ ထိပ်တန်းအဆင့်အဖြစ် ရွေးချယ်သတ်မှတ်ရမည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဇိမ်ခံမော်တော်ကား ၁၀ စီးကို ဖော်ပြလိုက်ရပါသည်။

၁၀။ Aston Martin One-77 (ဒေါ်လာ ၁ ဒသမ ၈ သန်း)


Aston Martinက ယခုကားမျိုး ၇၇ စီးသာ ကန့်သတ်ထုတ်လုပ်ပြီး ယင်းအနက်မှ တစ်စီးစီကို ကိုယ်စားပြုသည့် အနေဖြင့် One-77 ဟု မော်ဒယ်အမည် ပေးထားခြင်းဖြစ်သည်။

တစ်စီးလျှင် ဒေါ်လာ ၁ ဒသမ ၈ သန်းအထိ တန်ကြေးရှိခြင်းကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး မော်တော်ကားများ စာရင်းတွင် နံပါတ် ၁၀ နေရာမှ ပါဝင်လာသည့် One-77 သည် မြင်းကောင်ရေ ၇၅၀ အား အင်ဂျင်ကို တပ်ဆင်ထားသည်။

ရပ်နားထားရာမှ တစ်နာရီ မိုင် ၆၀ နှုန်းအထိ အရှိန်မြှင့်တင်ရန် ၃ ဒသမ ၄ စက္ကန့်မျှသာ အချိန်ယူရမည်ဖြစ်ပြီး အမြင့်ဆုံး မြန်နှုန်းအဖြစ် တစ်နာရီလျှင် မိုင် ၂၂၀ အထိ မောင်းနှင်နိုင်စွမ်း ရှိသည်။

၉။ Pagani Zonda Cinque Roadster (ဒေါ်လာ ၁ ဒသမ ၈၅ သန်း)


Pagani၏ ဂုဏ်အယူရဆုံး ဖန်တီးမှု လက်ရာတစ်ခု ဖြစ်ခဲ့သည့် ဇိမ်ခံပြိုင်ကားမှာ ထူးခြားသည့် ကိုယ်ထည် အချိုးအဆက် ပုံဖော်မှုကြောင့် အဓိက လူသိများသည်။

ရပ်နားထားရာမှ တစ်နာရီ မိုင် ၆၀ မြန်နှုန်းအထိ အရှိန်မြှင့်ရန် ၃ ဒသမ ၄ စက္ကန့်အောက် အချိန်ပိုင်းမျှသာ လိုအပ်သည်။ ကား၏ အင်ဂျင်မှာ 7.3-liter V12 အမျိုးအစားဖြစ်သည်။

၈။ Bugatti Veyron 16.4 Grand Sport (ဒေါ်လာ ၂ သန်း)


8-liter အင်ဂျင်ကို တပ်ဆင်ထားသည့် တံခါးနှစ်ပေါက် ဇိမ်ခံကားလေး၏ တန်ဖိုးသည် Bugatti အမှတ်တံဆိပ် ပုံရိပ်ကြောင့် ဒေါ်လာ နှစ်သန်းအထိ တန်ဖိုးကျသင့်သည်။

ရပ်နားထားရာမှ တစ်နာရီ မိုင် ၆၀ နှုန်းသို့ မြှင့်တင်ရန် ၂ ဒသမ ၄၆ စက္ကန့်သာ ကြာမြင့်ပြီး အမြင့်ဆုံး မြန်နှုန်းမှာ တစ်နာရီလျှင် ၂၅၃ ဒသမ ၈ မိုင်နှုန်းမျှ ဖြစ်သည်။

၇။ Lamborghini Sesto Elemento (ဒေါ်လာ ၂ ဒသမ ၂ သန်း)


အီတလီ အခြေစိုက် Lamborghiniသည် ဇိမ်ခံပြိုင်ကား ဝါသနာအိုးများ အမက်မောဆုံး အမှတ်တံဆိပ် တစ်ခုဖြစ်ပြီး 5.2-liter V10 အင်ဂျင်ကို တပ်ဆင်ထားသည့် Sesto Elementoသည် ကုမ္ပဏီ၏ ဂုဏ်ယူရသည့် လက်ရာမွန်တစ်ခု ဖြစ်လာသည်။

တစ်နာရီ မိုင် ၆၀ နှုန်းအထိ ရုတ်တရက် အရှိန်မြှင့်တင်ရန် ၂ ဒသမ ၅ စက္ကန့်မျှသာ အချိန်လိုအပ်သည်။ Lamborghiniသည် Sesto Elemento ကို စုစုပေါင်း အစီး ၂၀ သာ ကန့်သတ်ထုတ်လုပ်ခဲ့သည်။

၆။ Bugatti Veyron Super Sport (ဒေါ်လာ ၂ ဒသမ ၅ သန်း)


8-liter အင်ဂျင်ကို တပ်ဆင်ထားပြီး အရှိန်မြှင့်တင်နိုင်စွမ်း အမြင့်ဆုံး ဇိမ်ခံပြိုင်ကား မော်ဒယ်တစ်ခုအဖြစ် နာမည်ကြီးသည်။

ပြင်သစ်ကုမ္ပဏီ Bugattiက ထုတ်လုပ်သည့် မော်တော်ကားသည် ရပ်နားထားရာမှ တစ်နာရီလျှင် မိုင် ၂၀၀ မြန်နှုန်းအထိ မောင်းနှင်ရန် ၁၃ ဒသမ ၇ စက္ကန့်သာ လိုအပ်သည်။

မြန်နှုန်းမှာလည်း အထင်ကြီးလောက်ဖွယ်ဖြစ်ပြီး တစ်နာရီလျှင် ၂၆၇ ဒသမ ၈၆ မိုင်အထိ ခရီးပေါက်အောင် မောင်းနှင်နိုင်သည်။

၅။ Lykan Hypersport (ဒေါ်လာ ၃ ဒသမ ၄ သန်း)


လှပကြော့ရှင်းသော ကိုယ်ထည်ကို မြင်းကောင်ရေ ၇၄၀ အား အင်ဂျင်နှင့် လိုက်ဖက်ညီစွာ ပေါင်းစပ်ပေးထားသည့် မော်တော်ကားသည် ရပ်နားထားရာမှ တစ်နာရီ မိုင် ၆၀ မြန်နှုန်းအထိ မြှင့်တင်ရန် အချိန် ၂ ဒသမ ၈ စက္ကန့်သာ လိုအပ်သည်။

အမြင့်ဆုံးနှုန်းအဖြစ် တစ်နာရီ ၂၆၇ မိုင်နှုန်း အရှိန်မြှင့် မောင်းနှင်နိုင်သော ဇိမ်ခံပြိုင်ကားကို လက်ဘနွန် မော်တော်ကား ကုမ္ပဏီ W Motors က စုစုပေါင်း ခုနစ်စီးသာ ကန့်သတ် ထုတ်လုပ်ထားခဲ့သည်။

၎။ Lamborghini Egoista (ဒေါ်လာ ၃ ဒသမ ၉ သန်း)


Lamborghiniက စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်များထဲမှ မော်တော်ကားများကဲ့သို့ ဒီဇိုင်းမျိုးဖြင့် Egoistaကို ဖန်တီးခဲ့သည်။ Gallardo မော်ဒယ်ကို အခြေခံ တည်ဆောက်ထားသည့် ဇိမ်ခံပြိုင်ကား၏ ယာဉ်မောင်းခန်းကို နောက်ဆုံးပေါ် ဂျက်တိုက်လေယာဉ်များ၏ လေယာဉ်မောင်းခန်းသဖွယ် ပုံသွင်းထားသည်။

ကား၏ ကိုယ်ထည်မှာ ကျဉ်းမြောင်းလွန်းပြီး မောင်းသူတစ်ဦးတည်းအတွက်သာ ဝင်ဆံ့မည်ဖြစ်သည်။ ယာဉ်မောင်းသူသည် အဝင်အထွက် ပြုလုပ်တိုင်း ကားစတီရာရင် လက်ကိုင်ကို ဖြုတ်ယူဖယ်ရှားရန် လိုအပ်သည်။

မြင်းကောင်ရေ ၆၀၀ အား အင်ဂျင်ကို တပ်ဆင်ထားသည့် မော်တော်ကား၏ ဈေးနှုန်းမှာ ဒေါ်လာ ၃ ဒသမ ၉ သန်းဖြစ်သည်။

၃။ Lamborghini Veneno (ဒေါ်လာ ၄ ဒသမ ၅ သန်း)


Lamborghini၏ တန်ဖိုးအမြင့်မားဆုံး မော်တော်ကားအဖြစ် Venenoကို ညွှန်းဆိုနိုင်ပြီး လှပသောဒီဇိုင်း၊ မြင်းကောင်ရေ ၇၅၀ အား 6.5-liter V12 အင်ဂျင်တို့ကြောင့် မော်တော်ကား ဝါသနာအိုးတိုင်း မက်မောသည့် ဖန်တီးမှုတစ်ခုအဖြစ် ယူဆနိုင်သည်။

ရပ်နားထားရာမှ တစ်နာရီ မိုင် ၆၀ နှုန်းအထိ အရှိန်မြှင့်တင်ရန် ၂ ဒသမ ၉ စက္ကန့်သာ လိုအပ်ပြီး တစ်နာရီ ၂၂၁ မိုင်နှုန်းအထိ ရောက်ရှိအောင် မြန်နှုန်းမြင့်ဖြင့် မောင်းနှင်နိုင်စွမ်းရှိသည်။

၂။ Koenigsegg CCXR Trevita (ဒေါ်လာ ၄ ဒသမ ၈ သန်း)


ကန့်သတ်အမျိုးအစားအဖြစ် သုံးစီးသာ သီးသန့်ထုတ်လုပ်ထားသည့် မော်တော်ကားမှာ နှစ်ယောက်စီး အမျိုးအစားဖြစ်ပြီး 4.7-liter အင်ဂျင်ကို တပ်ဆင်ထားသည်။

ရပ်နားထားရာမှ တစ်နာရီ မိုင် ၆၀ မြန်နှုန်းအထိ ရောက်ရှိအောင် ၃ ဒသမ ၁ စက္ကန့်သာ အချိန်ယူရမည် ဖြစ်သည်။ ကား၏ အမြင့်ဆုံး မြန်နှုန်းမှာ တစ်နာရီ ၂၄၉ မိုင်နှုန်းအထိ ရှိသည်။

၁။ Maybach Exelero (ဒေါ်လာ ၈ သန်း)


မော်တော်ကား၏ ပြင်ပကိုယ်ထည်ဒီဇိုင်းနှင့် အတွင်းပိုင်း အဆင်အပြင်ကို မြင်ရုံဖြင့် ကမ္ဘာ့ဈေးအကြီးဆုံး မော်တော်ကား ဖြစ်ထိုက်ကြောင်း လက်ခံရမည် ဖြစ်သည်။ ထို့အပြင် ကမ္ဘာပေါ်တွင် Maybach Exelero မော်တော်ကား အရေအတွက်မှာလည်း စုစုပေါင်းတစ်စီးတည်းသာ ရှိသည်။

Ferrari၊ Lamborghini၊ Ferrariတို့ထံမှ ဇိမ်ခံ စူပါပြိုင်ကားများကို တမြတ်တနိုး စုဆောင်းဝယ်ယူလေ့ရှိသည့် ပြင်သစ်နိုင်ငံသား စိန်ထည်လုပ်ငန်းပိုင်ရှင် သူဌေးကြီး ဒေါက်တာအန်ဒရီယာ ဂျက်ဆင်က Exeleroကို တည်ဆောက်ပေးရန် Maybach ထံ အထူးသီးသန့် မှာယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နှစ်ယောက်စီး ဇိမ်ခံပြိုင်ကားလေးတွင် မြင်းကောင်ရေ ၇၀၀ အား အင်ဂျင်ကို တပ်ဆင်ထားပြီး ရပ်နားထားရာမှ တစ်နာရီ မိုင် ၆၀ မြန်နှုန်းအထိ မြှင့်တင်ရန် အချိန် ၄ ဒသမ ၄ စက္ကန့်သာ လိုအပ်သည်။
တစ်နာရီ ၂၁၈ မိုင်အထိ အမြန်ဆုံးနှုန်းဖြင့် မောင်းနှင်နိုင်သော မော်တော်ကားကို အမေရိကန် ဟစ်ဟော့ပ်အဆိုတော် ဂျေးဇီက ၎င်း၏ သီချင်းဗီဒီယို Lost One တွင် ငှားရမ်းအသုံးပြုခဲ့ဖူးသည်။

_Top Teny

http://www.7daydaily.com/story/14202#.U6wddbHzuSp

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...