စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







‘ပိုင်’ ရဲ့ ဘဝ





(ဆောင်းပါးရှင် - နီမင်းဆွေ)

ကမ္ဘာကျော် ပြင်သစ်စာရေးဆရာကြီးတစ်ယောက် ရေးပြီး ရယ်စရာလည်းကောင်း၊ သံဝေဂရစရာလည်းကောင်းတဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို ဖတ်ခဲ့ဖူးတယ်။ အဲဒီဝတ္ထုထဲမှာ စာရေးဆရာကြီးဟာ ပြင်သစ်နိုင်ငံရဲ့ နာတာရှည် ရောဂါသည်တွေကို ကုသပေးတဲ့ ဆေးရုံပေါ်မှာ အသက်ထက်ဆုံး နေသွားကြရမယ့် လူနာနှစ်ယောက် အကြောင်းကို ရေးထားတာပါ။ လူနာအဘိုးကြီး နှစ်ယောက်ဟာ အသက်ခုနစ်ဆယ်ကျော် အရွယ်တွေ ဖြစ်ကြပြီး ကျွမ်းနေပြီဖြစ်တဲ့ အဆုတ်ရောဂါ ဝေဒနာကို ခံစားနေကြရပါတယ်။ 
 
တစ်ယောက်က ဆေးရုံရဲ့ မြေညီထပ်နဲ့ နောက်တစ်ယောက်က ပထမထပ်မှာ အသီးသီး တက်နေကြတယ်။ မနက်အိပ်ရာထလို့ မနက်စာ စားသောက်ပြီးတာနဲ့ အောက်ထပ်က လူနာအဘိုးကြီးက တယောစထိုးတော့တာပါပဲ။ အဲဒီမှာ အပေါ်ထပ်က လူနာအဘိုးကြီး ဒေါနဲ့မောနဲ့ ဆင်းလာပြီး ဆေးရုံပေါ်မှာ ဒီလို တယောထိုးလို့ ရကောင်းလားဆိုပြီး ရန်ဖြစ်ကြပါတယ်။ အဲဒီဖြစ်စဉ်ဟာ မနက်တိုင်း ဖြစ်နေလို့ ဒီလူနာအဘိုးကြီး နှစ်ယောက်ရဲ့ ရန်ပွဲကို ဖျဉ်ရတာကလည်း ဆေးရုံက ဝန်ထမ်းတွေနဲ့ သူနာပြုတွေအတွက် နေ့စဉ်ပုံမှန် အလုပ်တစ်ခုလို ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ ခြောက်လလောက် ကြာတဲ့အခါ အောက်ထပ်ကအဘိုးကြီး ရုတ်ခနဲ သေသွားပါတယ်။ ညနေပိုင်းလောက်ရောက်တော့ အပေါ်ထပ်က အဘိုးကြီး အောက်ထပ်ကို ဆင်းလာတယ်။ တယောသံ မကြားရတော့လို့ ဘာဖြစ်နေတာလဲ ဆိုတာကို သိချင်လို့ လာကြည့်တာပါ။ သူရောက်လာတဲ့ အချိန်မှာ အောက်ထပ်က သူနဲ့ ရန်ဖြစ်နေကျ အဘိုးကြီးရဲ့ ခုတင်ပေါ်မှာတော့ ဘယ်သူ့ကိုမှ သူမတွေ့ရတော့ပါဘူး။ ဒါနဲ့ပဲ သူအပေါ်ထပ် ပြန်တက်သွားပါတယ်။ နောက်တစ်နေ့ မနက်မှာတော့ အပေါ်ထပ်က ခုတင်ပေါ်မှာ သူလည်းပဲ ကွယ်လွန်နေတာကို ဆေးရုံကလူတွေ တွေ့လိုက်ကြရပါတယ်။

ဒီဝတ္ထုတိုလေးကိုဖတ်ပြီး လူတစ်ယောက်ရဲ့ ဘဝမှာ ရန်သူဟာ ဘယ်လောက်တောင် အရေးပါနေသလဲလို့ တွေးနေမိတယ်။ ဒါနဲ့ပဲ ရန်သူနဲ့ ပတ်သက်ပြီး ပြောခဲ့ဆိုခဲ့ကြတဲ့ စကားတွေကိုလည်း ပြန်စဉ်းစားကြည့်မိပါတယ်။ ‘လူတစ်ယောက် အောင်မြင်ဖို့အတွက် မိတ်ဆွေတွေ အများကြီးလိုတယ်။ ဒီ့ထက်မက ပိုအောင်မြင်ဖို့ ဆိုတာကတော့ ရန်သူတွေ အများကြီးလိုတယ်’ ဆိုတာတို့၊ ‘မိတ်ဆွေတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။ ရန်သူတွေနဲ့တော့ အမြဲတမ်း ထိတွေ့ထားပါ’ တို့ စသဖြင့် အများကြီပါပဲ။ တစ်ဆက်တည်းမှာပဲ ကိုယ့်ဇီဝိန်ကို အလွယ်တကူ ချွေပစ်နိုင်တဲ့ တိရစ္ဆာန်တစ်ကောင်နဲ့ တစ်နှစ်နီးပါး အသက်ကယ်လှေ တစ်စီးပေါ်မှာ အတူနေခဲ့ရတဲ့ လူရွယ်တစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ ‘ပိုင်’ ရဲ့ဘဝ Life of Pi ရုပ်ရှင်ဇာတ်ကားကိုလည်း သွားသတိရမိပါတယ်။
 
 ဒီစိတ်ကူးယဉ် စွန့်စားခန်းဝတ္ထုကို ကနေဒါ စာရေးဆရာ ‘ယန်းမာတဲလ်’ (Yann Martel) က ၂ဝဝ၁ ခုနှစ်ကရေးသားပြီး ဒီဝတ္ထုကို မူရင်းနာမည်နဲ့ပဲ တရုတ်လူမျိုး ဒါရိုက်တာ ‘အန်းလီ’ (Ang Lee) က ၂ဝ၁၂ ခုနှစ်မှာ ရိုက်ကူးထုတ်လုပ်ခဲ့တာပါ။ အမေရိကန်ဒေါ်လာ သန်း ၁၂ဝ ကုန်ကျခဲ့ပြီး ကမ္ဘာနဲ့အဝှမ်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ဝ၉ သန်း ပြန်ရခဲ့ပါတယ်။ အန်းလီလည်း ၈၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ ဒီဇာတ်ကားနဲ့ အကောင်းဆုံးဒါ ရိုက်တာဆုကို ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားမှာ လူရွယ်လေး ‘ပိုင်’ Pi အဖြစ် သရုပ်ဆောင်ဖို့ အိန္ဒိယလူမျိုး သာမန်ကျောင်းသားလေး တစ်ယောက်ဖြစ်တဲ့ ‘ဆူရပ်ဂ်ျရှာမ’ (Suraj Sharma) ဆိုသူကို အန်းလီက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ မြို့လေးတစ်မြို့မှာရှိတဲ့ တိရစ္ဆာန်ဥယျာဉ် တစ်ခုကို ပိုင်ဆိုင်တဲ့ ‘ပိုင်’ ရဲ့အဖေဟာ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် အိန္ဒိယနိုင်ငံမှာ သူ့လုပ်ငန်းတွေကို ဆက်လုပ်ဖို့ မလွယ်တော့ဘူး ဆိုတာကို သိလာရတယ်။ ဒါ့ကြောင့် သူပိုင်တဲ့ တိရစ္ဆာန်ရုံထဲက အကောင်ပလောင်တွေ အားလုံးကို သင်္ဘောနဲ့တင်ပြီး သူ့မိသားစုနဲ့အတူ ကနေဒါနိုင်ငံကို ပြောင်းရွှေ့နေထိုင်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ပိုင်ဟာ သူ့ရဲ့မိဘနှစ်ပါးရယ်၊ သူ့အစ်ကိုရယ်၊ သူတို့ တိရစ္ဆာန်ရုံက အကောင်တွေရယ် အားလုံးနဲ့အတူ ဂျပန်ကုန်တင် သင်္ဘောတစ်စီးနဲ့ အိန္ဒိယနိုင်ငံက ထွက်ခွာခဲ့ပါတယ်။ ပစိဖိတ် သမုဒ္ဒရာထဲ သူတို့ရောက်ပြီး ရက်အနည်းငယ် အကြာမှာ မုန်တိုင်းမိပြီး သင်္ဘောနစ်သွားပါတယ်။
 
 ပိုင်တစ်ယောက်တည်း အသက်ကယ်လှေ တစ်စီးနဲ့ လွတ်မြောက်သွားပြီး လှေပေါ်မှာ သူနဲ့အတူ ပါလာသူတွေကတော့ ခွေးအတစ်ကောင်ရယ်၊ ခြေကျိုးနေတဲ့ မြင်းကျားတစ်ကောင်ရယ်၊ မျောက်မကြီး တစ်ကောင်ရယ်တို့ပဲ ဖြစ်ပါတယ်။ ခွေးအဟာ မြင်းကျားနဲ့ မျောက်မကြီးကို ချက်ချင်းကိုက်သတ် လိုက်ပါတယ်။ အဲဒီနောက် မကြာခင်မှာ အသက်ကယ်လှေထဲက တာလပတ်အောက်မှာ ပုန်းနေတဲ့ ဘင်္ဂါလီကျားကြီးတစ်ကောင် ထွက်လာပြီး ခွေးအကို ကိုက်သတ်လိုက်ပြန်ပါတယ်။ ဒီကျားရဲ့ နာမည်ကတော့ ‘ရစ်ချတ်ပတ်ကား’ (Richard Parker) လို့ ခေါ်ပါတယ်။

ကျားဟာ ခွေးအကို ကိုက်သတ်ပြီး ပိုင့်ကိုပါ ဆက်လက်တိုက်ခိုက်မယ်လုပ်လို့ လှေပေါ်မှာပြေးနေတြဲ့ ကွက်ကိုဖမ်းပြီး ကျားရဲ့ပါးစပ်ထဲ ပစ်ထည့်ပေးလိုက်မှ ကျားရန်က လတ်တလော လွတ်သွားခဲ့ရပါတယ်။ ပိုင်ဟာ လှေပေါ်မှာ ကျားနဲ့အတူ ဆက်နေရင် သက်ဆိုးရှည်မှာ မဟုတ်လို့ ရရာပစ္စည်းတွေနဲ့ ဖောင်တစ်ခုဖွဲ့ပြီး ဖောင်ပေါ်မှာပဲ နေရပါတယ်။ အသက်ကယ်လှေနဲ့ လွတ်မသွားအောင် ဖောင်နဲ့လှေကိုတော့ ကြိုးတစ်ချောင်းနဲ့ ချည်ထားရတာပေါ့။ တစ်ခါမှာတော့ ကျားဟာ ငါးဖမ်းဖို့ ရေထဲခုန်ဆင်းပြီး လှေပေါ် ပြန်တက်လို့ မရတော့ဘူး။ ပိုင်ဟာ ကျားကို ရေနစ်သေသွား စေချင်ပေမယ့် နောက်ဆုံးမှာတော့ လှေပေါ်ပြန်တက်လာနိုင်အောင် လုပ်ပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပိုင်ကတော့ ခနော်နီခနော်နဲ့ ဖောင်လေးပေါ်မှာပဲ နေရပြန်တော့တာပေါ့။

တစ်ရက်မှာတော့ ဝေလငါးကြီးတစ်ကောင် ခုန်လိုက်လို့ ဖောင်ကြိုးပြတ်ပြီး ဖောင်ပေါ်မှာ တင်ထားတဲ့ စားသောက်ဖွယ်ရာတွေရော အသက်ကယ် ပစ္စည်းတွေပါ ဖောင်နဲ့အတူ ရေထဲမြုပ်သွား ပါတော့တယ်။ အဲဒီအချိန်ကစပြီး တစ်သက်လုံး သက်သတ်လွတ် စားလာခဲ့တဲ့ပိုင်ဟာ ငါးအစိမ်းကို စားတတ်လာပြီး အသက်ကယ်လှေပေါ်မှာ ကျားနဲ့အတူ နေတတ်အောင်လည်း ကြိုးစားလာခဲ့ရပါတယ်။

တစ်ရက်မှာတော့ သူတို့နှစ်ဦးဟာ ကျွန်းမျောတစ်ခုပေါ် ရောက်သွားကြတယ်။ ဒါပေမဲ့ ကျွန်းပေါ်မှာရှိတဲ့ သစ်ပင်တွေဟာ အသားစားတဲ့ သက်ရှိသစ်ပင်တွေ ဖြစ်နေတယ်ဆိုတာကို ပိုင်သိလိုက်ရတယ်။ ဒီလို သိလိုက်ရတာကလည်း ပန်းပွင့်တစ်ပွင့်ထဲမှာ လူ့ရဲ့ အံသွားတစ်ချောင်းကို ပိုင်တွေ့လိုက်ရလို့ပါပဲ။ ဒါနဲ့ နောက်နေ့မနက်မှာ ရေမျောကျွန်းကနေ သူတို့ ထွက်ခွာခဲ့ရပါတယ်။ နောက်သင်္ဘောပျက်ပြီး ၂၂၇ ရက်အကြာ အသက်ကယ်လှေဟာ မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သောင်တင်သွားပါတယ်။ 
 
လူရောကျားပါ အားပြတ်ပြီး နှစ်ယောက်စလုံး မြော့မြော့လေးပဲ ကျန်တော့တဲ့ အချိန်မှာပေါ့။ သဲပြင်ပေါ်မှာ ပိုင်မှောက်ရက်လဲနေတဲ့ အချိန်မှာ ကျားဟာ လှေပေါ်ကဆင်းလာပြီး တောထဲကို ယိုင်ထိုးယိုင်ထိုးနဲ့ လမ်းလျှောက်ဝင်သွား ပါတော့တယ်။ ရစ်ချတ်ပတ်ကားဆိုတဲ့ ကျားဟာ သူ့သခင် ပိုင့်ကို တစ်ချက်လေးတောင်မှ သမင်လည်ပြန် လှည့်ကြည့်မသွားခဲ့ပါဘူး။ အဲဒီအချိန်မှာ ပိုင်ဟာ ဝမ်းနည်းလွန်းလို့ ချုံးပွဲချ ငိုလိုက်မိပါတယ်။ အဲဒီ့နောက် ‘ဘာပဲဖြစ်ဖြစ် လှေပေါ်မှာ ဒီကျားပါလာလို့သာ ငါအသက်ရှင်နိုင်ခဲ့တာပါလား’ လို့ ပိုင် နားလည်သွားပြီး မကြာခင်မှာ ရုပ်ရှင်လည်း ပြီးသွားပါတယ်။
 
 ပိုင့်ရဲ့ အဖေဟာ ပိုင်ငယ်စဉ်ကတည်းက ပိုင့်ကို ‘ကျားဟာ ကျားပဲ၊ ကျားကိုလူလို ဘယ်တော့မှ သံယောဇဉ် သွားမတွယ်နဲ့’ လို့ ဆုံးမခဲ့ဖူးပါတယ်။ ဒါဟာ အမှန်ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကျားဟာ သူ့ကို ကျွေးနေသရွေ့ စားနေမှာဖြစ်ပြီး မကျွေးနိုင်တဲ့ တစ်နေ့မှာတော့ လူကို ကိုက်သတ်စားမှာမို့ ဖြစ်ပါတယ်။ ဒီလိုပါပဲ နိုင်ငံတစ်နိုင်ငံနဲ့ လူတစ်ယောက်ရဲ့ ဘဝခရီးလမ်းမှာ ကျားဆိုတာမျိုးကို တစ်နည်းမဟုတ် တစ်နည်းနဲ့ တွေ့ကြရမှာပါ။ အဲဒီလို အခါမျိုးမှာ ဒီကျားကလည်း တစ်မှောင့်ပါလားလို့ ညည်းတွားနေမယ့်အစား ပိုင့်လိုပဲ ကျားအပေါ်ကို သဘောထားဖို့ သင့်မယ်လို့ ဒီရုပ်ရှင် ဇာတ်ကားကိုကြည့်ပြီး သဘောပိုက်မိပါတယ်။

‘ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ’ ဆိုသလို ကျားရောလူပါ အသက်ချမ်းသာဖို့ အရေးကို ရည်မှန်းချက်အဖြစ် ထားသင့်ကြပါတယ်။ ပင်လယ်ထဲက လှေပေါ်ပြန်မတက်နိုင်တဲ့ ကျားကို ပိုင်မကယ်ခဲ့ရင် ပိုင်လည်း ကျားနောက်ကို လိုက်သွားရမှာ အသေအချာပဲလို့ စာရေးဆရာက ဆိုလိုချင်ပုံ ရပါတယ်။ တကယ်တော့ ကျားကြောင့်သာ ပိုင့်ရဲ့ဘဝဟာ နိုးနိုးကြားကြား ဖျတ်ဖျတ်လတ်လတ် ဖြစ်နေခဲ့ပြီး လူ့ဘဝမှာ ဆက်လက် အသက်ရှင်သန်နိုင်ခွင့်လည်း ရခဲ့တာ မဟုတ်လား။

ဒီသဘောတရားကို အမေရိကန်သမ္မတ ‘ဘားရက်အိုဘားမား’ လည်း နားလည်ခဲ့ပုံပါပဲ။ ဘာကြောင့်လဲဆိုတော့ ၂ဝ၁ဝ ပြည့်နှစ်က ဒီဝတ္ထုကို သူဖတ်အပြီးမှာ စာရေးဆရာ ‘ယန်းမာတဲလ်’ ဆီကို တိုက်ရိုက်စာရေးပြီး ဒီဝတ္ထုကောင်းကြောင်း ချီးမွမ်းစကား ဆိုခဲ့လို့ပဲ ဖြစ်ပါတယ်။

(Life of Pi ရုပ်ရှင်ဇာတ်ကားမှ ကျားနဲ့ ပိုင်)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...