စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမျိုးသမီးစီး ဖိနပ်များ



အမျိုးသမီးများ၏ ဖက်ရှင်အမျိုးမျိုး ပြောင်းလဲဆန်းသစ်လာမှုတွင် ဖိနပ်များ၏ အခန်းကဏ္ဍကလည်း အဓိက နေရာမှ ပါဝင်ခဲ့သည်။

ဖက်ရှင်ရေစီးကြောင်း ခေတ်အဆက်ဆက် ဖြတ်သန်းလာမှုတွင် အမျိုးသမီးစီး ဖိနပ်များကို ဒီဇိုင်းအမျိုးမျိုး၊ ပါဝင်ပစ္စည်း အမျိုးမျိုးဖြင့် ဖန်တီးချုပ်လုပ်လာခဲ့ကြသည်။

ကြွယ်ဝချမ်းသာသည့် အမျိုးသမီးများ၊ နာမည်ကျော် Celebrityများကမူ အဖိုးထိုက် ရတနာပစ္စည်းများ ထည့်သွင်းအလှဆင်ထားသည့် ဖိနပ်များကို ဂုဏ်ယူစွာ ဆင်မြန်းလာခဲ့သည့်နောက် ဒေါ်လာသန်းချီ တန်ဖိုးရှိသည့် ဖိနပ်များကိုပင် ဖန်တီးဝတ်ဆင်လာကြသည်။
ကမ္ဘာ့သမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံးအဖြစ် ဖန်တီးချုပ်လုပ်ခဲ့သည့် အမျိုးသမီးဖိနပ် (၁၀)စုံကို စုစည်းဖော်ပြအပ်ပါသည်။

၁၀။ Stuart Weitzman Diamond Dream Stilettos


လှပခံ့ညားစွာ ဒီဇိုင်းဖန်တီးထားသည့် ဒေါက်မြင့်ဖိနပ်တွင် အဖြူရောင် စိန်ပွင့် (၁၄၂၀)ထိ ထည့်သွင်းပြီး အလှဆင် ချုပ်လုပ်ထားသည်။

ဝတ်ဆင်သူ၏ ခြေချင်းဝတ်ကို သိုင်းထားသည့် ဖိနပ်ကြိုးတွင် ပါရှိသည့် အဝိုင်းကွင်း အောက်ခံဘောင်များ အပေါ်၌ စိန်ပွင့်များကို မြှုပ်နှံထားခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ်က အော်စကာ ဆုနှင်းသဘင်သို့ မင်းသမီး အေနီကာနိုနီရို့စ် တက်ရောက်ခဲ့စဉ်က အဆိုပါ ဖိနပ်များကို စီးနင်းဝတ်ဆင်ခဲ့ဖူးသည်။

ဖိနပ်တစ်ရန်၏ တန်ဖိုးမှာ ဒေါ်လာ ၅၀၀,၀၀၀ ထိ ကျသင့်ကြောင်းလည်း သိရသည်။

၉။ Original Ruby Slippers from “The Wizard of Oz”


The Wizard of Oz ဇာတ်ကားတွင် ထည့်သွင်းအသုံးပြုရန် သီးသန့်ချုပ်လုပ်ခဲ့သည့် ဖိနပ်လေးများ ဖြစ်သည်။

စုစုပေါင်း ဖိနပ်သုံးရန်သာ ချုပ်လုပ်ဖြစ်ခဲ့ပြီး ဖိနပ်တစ်ရန်မှာ အခိုးခံလိုက်ရပြီး ယနေ့တိုင် ပြန်မတွေ့တော့ချေ။

အနီရောင်ဘော်ကြယ်များ ထိုးထားပြီး ကျောက်နီလေးများ စီခြယ်ကာ ဖိနပ်တစ်ဖက်စီတွင် မြကျောက်(၃)လုံးစီဖြင့် အလှဆင်ထားသည့် ဖိနပ်လေးများအနက် တစ်ရန်ကို Smithsonian အမျိုးသား သမိုင်းပြတိုက်၌ ပြသထားသည်။
အဆိုပါ ဖိနပ်ကလေးများ၏ တန်ဖိုးမှာ ဒေါ်လာ ၆၆၆,၀၀၀ မျှ ကျသင့်သည်။

၈။ Stuart Weitzman Retro Rose Pumps


Stuart Weitzman၏ နောက်ထပ် တန်ဖိုးကြီး ဖိနပ်လက်ရာ တစ်ခုဖြစ်ပြီး ဒေါ်လာတစ်သန်းမျှ ဈေးနှုန်းကျသင့်သည်။

ဖိနပ်၏ ရှေ့ပိုင်း၌ တပ်ဆင်ထားသည့် နှင်းဆီပန်းပွင့်ကြီးများပေါ်တွင် အဖြူရောင်စိန်ပွင့် ၁,၈၀၀ မျှကို မြှုပ်နှံထားသည်။

ထို့အပြင် ဖိနပ်၏ ကိုယ်ထည်ကို သီးခြားအလှဆင်ရန် စိန်ပွင့် ၄၀၀ မျှကိုလည်း ထပ်မံ အသုံးပြုထားသေးသည်။

၇။ Stuart Weitzman Marilyn Monroe Shoes


ကျက်သရေရှိစွာ လှပနေသည့် အဆိုပါ ဖိနပ်လေးများ၏ အမည်ကို တစ်ချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည့် ဟောလိဝုဒ်မင်းသမီး မာရီလင်မွန်ရိုး၏ အမည်ကို အစွဲပြုပြီး Stuart Weitzman က မှည့်ခေါ်ခဲ့သည်။

Swarovski က သွေးထားသည့် ရောင်စုံကျောက်များကို ဖိနပ်၏ရှေ့ဘက်ရှိ ပန်းပွင့်ကြီး၏ ဗဟိုတွင် ထည့်သွင်း တပ်ဆင်ထားသည်။ အဆိုပါ ကျောက်များသည် မွန်ရိုးဝတ်ဆင်ခဲ့သည့် နားဆွဲများမှ ကျောက်များဖြစ်ကြောင်းလည်း Stuart Weitzman က ကြေညာခဲ့သည်။

၂၀၀၅ ခုနှစ် အော်စကာ ဆုနှင်းသဘင်တွင် ရက်ဂျီနာကင်းက ယင်းဖိနပ်များကို ဂုဏ်ယူစွာ စီးနင်းခဲ့ဖူးသည်။ လေလံပွဲတစ်ခုတွင် ယင်းဖိနပ်များကို လက်လွှဲရောင်းချခဲ့ရာ ဒေါ်လာတစ်သန်းထိ ရရှိခဲ့သည်။

၆။ Stuart Weitzman Platinum Guild Stilettos

ဖိနပ်၏ ကြိုးများပေါ်တွင် အဖြူရောင် စိန်ပွင့် ၄၆၄ ပွင့်ကို ဒီဇိုင်းဖော် အလှဆင်ထားသည်။
ထူးခြားချက်မှာ အနုစိတ် အလှဆင်ထားသည့် စိန်ထည်များကို လည်ဆွဲ၊ လက်ကောက်ကြိုး အစရှိသည့် လက်ဝတ်ရတနာ ပစ္စည်းများအသွင် ပြောင်းလဲ အသုံးပြုနိုင်ခြင်း ဖြစ်သည်။

၂၀၀၂ ခုနှစ်က အော်စကာဆုပေးပွဲသို့ တက်ရောက်ချိန်တွင် လော်ရာဟာရင်း စီးနင်းခဲ့ဖူးသော ဖိနပ်၏တန်ဖိုးမှာ ဒေါ်လာ ၁ ဒသမ ၀၉ သန်း ဖြစ်သည်။

၅။ Stuart Weitzman Ruby Slippers


စုစုပေါင်း ၁၂၀ ကရက် အလေးချိန်ရှိသည့် နာမည်ကျော် မြန်မာ့ပတ္တမြား ၆၂၄ ပွင့်ဖြင့် အလှဆင် ဖန်တီးထားသော ဖိနပ်ဖြစ်သည်။

အကောင်းဆုံး ပိုးဖဲသားကို အသုံးပြုပြီး ဖိနပ်ကြိုးများကို ချုပ်လုပ်ထားကာ ပလက်တီနမ် သတ္တုတစ်ပေါင်ဖြင့် အနားသတ် ပံ့ပိုးထားသည်။

ထိုမျှ ပစ္စည်းကောင်းများ သုံးစွဲထားသည့် ဖိနပ်မျိုးသည် တစ်ရန်လျှင် ဒေါ်လာ ၁ ဒသမ ၆ သန်းမျှ ဈေးနှုန်းကျသင့်နေခြင်းမှာ မဆန်းလှချေ။

၎။ Stuart Weitzman Tanzanite Heels


ငွေရောင်တောက်ပနေသည့် ဒေါက်ဖိနပ်များတွင် ပြာလဲ့နေသည့် Tanzanite ကျောက်ပွင့်များ ထည့်သွင်းတပ်ဆင် ချုပ်လုပ်ထားသည်။

အဆိုပါ ကျောက်များ၏ စုစုပေါင်း အလေးချိန်မှာ ၁၈၅ ကရက်ရှိပြီး ၂၈ ကရက် အလေးချိန်ရှိ အဖြူရောင် စိန်ပွင့်များကိုလည်း ပံ့ပိုးတပ်ဆင်ထားပြန်သည်။

လှပသလောက် တန်ဖိုးကြီးလှသည့် ယင်းဒေါက်ဖိနပ်မှာ တစ်ရန်လျှင် ဒေါ်လာနှစ်သန်း ဈေးနှုန်းကျသင့်မည် ဖြစ်သည်။

၃။ Stuart Weitzman Cinderella Slippers


နာမည်ကျော် စင်ဒရဲလားပုံပြင်မှ မင်းသမီးလေး စီးနင်းခဲ့သည့် ဖန်ခြေနင်း ဖိနပ်လေးကို စိတ်ကူးယဉ် ဖန်တီးထားသည့် Stuart Weitzman၏ လက်ရာဖြစ်သည်။

ဖိနပ်၏  အောက်ခြေကို အီတလီနိုင်ငံထုတ် အကောင်းဆုံး သားရေဖြင့် ချုပ်လုပ်ခဲ့ပြီး စိန်ပွင့်ပေါင်း ၅၆၅ ပွင့်ကို ဖိနပ်၏ ကြိုးများပေါ်တွင် အလှဆင် ထည့်သွင်းထားသည်။

ဒေါ်လာ(၂)သန်းတန် ဖိနပ်ကို အဆိုတော် အေလီဆန်ခရော့စ်က ဂုဏ်ယူစွာ ဝတ်ဆင်ပြီး ၂၀၀၄ ခုနှစ် အော်စကာ ဆုနှင်းသဘင်သို့ တက်ရောက်ခဲ့ဖူးသည်။

၂။ Stuart Weitzman Rita Hayworth Heels


အမေရိကန် ရုပ်ရှင်မင်းသမီး ရီတာဟေးဝေါ့သ်၏ လည်ဆွဲများကို အသုံးပြု အလှဆင်ထားသည့် ဖိနပ်ဖြစ်သည်။

ဖိနပ်၏ ရှေ့ပိုင်းတွင် အလှဆင်ထားရာ၌ စိန်ပွင့်များ၊ ပတ္တမြားနှင့် နီလာကျောက်များ ပါဝင်သည်။ အဆိုပါ ဖိနပ်ကို လက်ရှိတွင် ဟေးဝေါ့သ်နှင့် ပါကစ္စတန်မင်းသား အလီခန်းတို့မှ မွေးဖွားခဲ့သည့် မင်းသမီး ယက်စ်မင် အေဂါခန်းက ပိုင်ဆိုင်ထားသည်။

ဒေါ်လာသုံးသန်းနီးပါးမျှ တန်ဖိုးရှိသည့် အဆိုပါ ဖိနပ်ကို ကက်သလင်းယော့ခ်က ၂၀၀၆ ခုနှစ် အော်စကာ ပွဲတက်ဖက်ရှင်အဖြစ် ရွေးချယ်ဝတ်ဆင်ခဲ့သည်။

၁။ House of Harry Winston Ruby Slippers


ကမ္ဘာ့ဈေးအကြီးဆုံး အမျိုးသမီးစီး ဖိနပ်၏ တန်ဖိုးမှာ ဒေါ်လာသုံးသန်းကျော်မျှ ကျသင့်သည်။ ကမ္ဘာကျော် ဂန္ထဝင်ရုပ်ရှင် The Wizard of Oz ၏ နှစ်(၅၀)ပြည့် ရွှေရတုကို ဂုဏ်ပြုသည့် အနေဖြင့် ဇာတ်ဝင်ခန်းပါ ပတ္တမြားခြေနင်း ဖိနပ်ကို House of Harry Winstonက ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ပတ္တမြားပွင့် ၄,၆၀၀ ကို အသုံးပြုထားသည့် ဖိနပ်ကို နှစ်လကြာအောင် အနုစိတ် အလှဆင် ချုပ်လုပ်ခဲ့ရပြီး ပတ္တမြားပွင့်များ၏ စုစုပေါင်း အလေးချိန်သည် ၁,၃၅၀ ကရက်မျှ ရှိနေသည်။

ဖိနပ်၏ အပေါ်ပိုင်း အနားသတ်နှင့် ဖဲပြားနေရာတို့တွင် ၅၀ ကရက်မျှ အလေးချိန်ရှိသည့် စိန်ပွင့်များကိုလည်း ဖြည့်တင်း တပ်ဆင်ထားသေးသည်။

အဆိုပါဖိနပ်ကို ၁၉၃၃ ခုနှစ်တွင် ရုံတင်သည့် Wizard of Oz ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ဖူးသည့် မင်းသမီး ဂျူဒီဂါလန်က ဝတ်ဆင်ခွင့် ရခဲ့ဖူးသည်။

_Top Teny

http://www.7daydaily.com/story/14061#.U6mMarHzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...