ကေတုမောင်မောင်
နယုန်လသည် မြန်မာလများတွင် တတိယလ ဖြစ်၍ နွေဥတုတွင် ပါဝင်သည်။
နွေရာသီ ကုန်ဆုံးရန် တစ်ဆယ့် ငါးရက် မျှသာ ကျန်တော့သဖြင့် စာဆို ပညာရှင်များက ထိုလကို ''နွေနှောင်းလ၊ နွေစွန်လ'' ဟု စာဖွဲ့လေ့ ရှိကြသည်။ နွေနှောင်းလ ဖြစ်သည့် အလျောက် ကဆုန်လတွင် ချစ်ချစ်တောက် ပူပြင်းခဲ့သော နေမင်းသည် ထိုလတွင် အပူအား လျော့ကာ လျော့ရဲရဲ ဖြစ်လာသည်။ နွေပူရှိန် လျော့ကျလာလျှင် မိုးလေက မြူးလာတော့သည်။ တစ်ခါတစ်ရံ ကောင်းကင် တစ်ခွင်လုံးတွင် မိုးသားများ မည်းမှောင် အုံ့ဆိုင်းပြီး မိုးမာန် ပြင်နေရာမှ ပြင်းထန်စွာ မိုးသံပေး၍ မိုးသေး မိုးဖွဲကလေးများကို ရွာချ တတ်သည်။
''နတ်စည်ငယ် ရွမ်းပါလို့၊ ခြိမ်းမွမ်းငယ် သံစုံ၊ ကမြူးငယ် ခုန်သည်၊ မြူတိမ်လှာ ဆိုင်းပြန်တော့ တယ်လေး'' ဟု မဟာ အတုလမင်းကြီးက စပ်ဆိုခဲ့သည်။ ကဆုန်လ၏ အပူရှိန်အောက်၌ ရွက်ခြောက်များ ကြွေကာ အရိုး ပြိုင်းပြိုင်း ဖြစ်နေကြသည့် သစ်ပင် သစ်ကိုင်းများမှာ ရွက်ညွန့် ကလေးများကိုယ်စီနှင့် စိမ်းစိုလာသည်။ ခြောက်သွေ့ တင်းမာနေသော မြေပြင်မှာလည်း နယုန်လ၏ မိုးသေး မိုးဖွဲကလေး များကြောင့် ထွက်ပြူလာ ကြသည်။ မြက်နုငယ် လေးများကြောင့် စိုစိုပြည်ပြည် ဖြစ်လာသည်။ ထို့ကြောင့်ပင် ရှေးတောင်သူဦးကြီး များက ''နယုန်မိုးသေး၊ မြက်သားမွေး'' ဟု မိုးလင်္ကာ ဖွဲ့ခဲ့ကြသည်။ မိုးဒေဝါ၏ နိဒါန်းပျိုးစ အခါသမယ ဖြစ်ပေရာ နေပူလိုက် မိုးရွာလိုက်ဖြင့် အလွန် ပူအိုက်သော လရာသီ ဖြစ်ပေသည်။ မိုးဦးကောင်းသည့် နှစ်များတွင် မိုးကြီးစွာ ရွာသွန်း တတ်သည်။
နယုန်မိုးသေး ဟူသည်ကား ယေဘုယျ မှတ်သားချက် ဖြစ်သည်။ နယုန်လတွင် အခါခပ်သိမ်း မိုးသေးသည်၊ မိုးနည်းသည် မဟုတ်ပါ။ တစ်ခါတစ်ရံ မိုးကောင်းသည့် နှစ်များတွင် လယ်ယာ မြစ်ချောင်းအင်းအိုင်များ ရေလျှံ အောင်မိုးကြီးစွာ ရွာတတ်ပြန်သည်။ စိန္တကျော်သူ ဦးသြ၏ ''မဟာအဓိကရ ကန်တော် မော်ကွန်း'' တွင် ''နယုန်ဝါလ၊ ကြဲကြ ပျိုးထောင်၊ ဝါခေါင် သစ်ဆင်း၊ နှစ်လတွင်းမူ၊ ဆင်းကြ ယာလယ်၊ တောင်သူ မယ်တို့'' ဟု စပ်ဆို ထားသည့်အတိုင်း ဤလတွင် တောင်သူ လယ်သမား ဦးကြီးများသည် ဂျုံ၊ နှမ်း၊ ပြောင်း၊ ဝါဂွမ်း၊ ပဲမျိုးစုံ တို့ကို စိုက်ကြ၊ ကြဲကြသည်။ ဆန်အတွက် မျိုးစပါးများကိုလည်း ပျိုးထောင်ကြသည်။ ယင်းသို့ တောင်သူ လယ်သမား ဦးကြီးတို့ အလုပ်ခွင်သို့ စတင် ဝင်ရောက်သည့် အချိန် ဖြစ်သောကြောင့် နယုန်လမှာ တောင်သူ ဦးကြီးတို့၏ အာဒိမာသ (လုပ်ငန်း စတင်သောလ) ခေါ် ငန်းဦးစချိန်လ ဖြစ်သည်။
နယုန်လ ရာသီမှာ မေထုန်ရာသီ ဖြစ်သည်။ နက္ခတ်အားဖြင့် ဇေဋ္ဌနက္ခတ်ဖြစ်၍ ရာသီပန်းမှာ စကားပန်း ဖြစ်သည်။ ခြင်္သေ့ အင်္ဂါနှင့် ကြွက် ကြာသပတေး ရက်မင်းရာဇာ ဖြစ်သည်။ ဂဠုန် တနင်္ဂနွေနှင့် ကျား တနင်္လာ ပြဿဒါး ရက်ဖြစ်သည်။ ဤလကို ပုဂံခေတ်၊ အင်းဝခေတ် ထိုး ကျောက်စာတို့၌ နံယုန်၊ နယုန်၊ နံမျူန်ဟု အမျိုးမျိုး ရေးထိုး ခဲ့ကြသည်။ မှန်စီကျောင်း ဒုတိယ ရှင်ပုညကာမိ စီရင်သည့် ဘုန်းမီးတက်လျှံချီ မှန်စီ သတ်ပုံတွင် ''တန်ခူး ကဆုန် လနမျူန်၊ ဖုန်ဖုန်လွင့်မြူလိမ်း'' ဟု လည်းကောင်း၊ သက္ကရာဇ် ၁ဝ၈၈ ပြီးသည့် သီရိမင်္ဂလာ သတ်ပုံတွင် ''ကဆုန်၊ နမျူန်၊ ကြိုးသုန်သုန်၊ နယုန် န သတ်မြန်း'' ဟု လည်းကောင်း လာရှိသည် တို့ကို ထောက်ရှုလျှင် ဒုတိယ အင်းဝခေတ်၌ ''နမျူန်'' ဟုလည်း အရေးအသား ရှိကြောင်း သိရပေသည်။

မြန်မာ့ သမိုင်းကြောင်းကို လေ့လာလျှင် အနော်ရထာ (အနိရုဒ္ဓ) ဘုရင်မှ အစပြု၍
ရှေးမြန်မာ ဘုရင် အဆက်ဆက်တို့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပေရာ
မိမိတို့ လက်ထက်တွင် သာသနာတော် ပြန့်ပွား ထွန်းကားရေးကို စွမ်းအားရှိသလောက်
ချီးမြှောက် ခဲ့ကြသည်။ ဆရာတော်၊ သံဃာတော်များ၏ သာသနာ့ ဒါယကာ သြဝါဒခံများ
ဖြစ်ကြသည့် အတိုင်း သာသနာတော် သုံးရပ်တွင် ပိဋကတ် စာပေဟူသော ပရိယတ္တိ
သာသနာသည်သာ အရေးအကြီးဆုံး အခြေခံ ပဓာနအကျဆုံး ဖြစ်ကြောင်း ကောင်းစွာ
သိကြသည်။ ထိုခေတ် ထိုအခါက ဖြစ်ထွန်းနေသော ဘုန်းတော်ကြီးကျောင်း
ပညာရေးကိုလည်း အထူး အားပေး လိုကြသည်။ မြန်မာဘုရင်များသည် ပရိယတ္တိ သာသနာ
တိုးတက် ပြန့်ပွားရန်နှင့် ပညာရှင်များ ထွန်းကားလာစေရန် ဟူသော ဆန္ဒဖြင့် ပဋ္ဌမ
စာတော်ပြန်ပွဲကို နယုန်လ၏ ရာသီပွဲတော် အဖြစ် တခမ်းတ နားကျင်းပ ခဲ့ကြပေသည်။
နယုန်လတွင် စာပြန်ပွဲများ ကျင်းပရာ၌ ဗုဒ္ဓစာပေ ပထမပြန် စာမေးပွဲကို သာလွန်မင်းတရားကြီး လက်ထက် မြန်မာ သက္ကရာဇ် ၁ဝဝဝ ပြည့်နှစ်တွင် စတင် ကျင်းပခဲ့ကြောင်း သိရှိ ရပေသည်။ မင်းတုန်းမင်းကြီး လက်ထက်တွင် ပထမပြန် စာမေးပွဲ အတွက် ကျမ်းစာအုပ်များ ပြဋ္ဌာန်းပြီး သီပေါမင်း လက်ထက်သို့ ရောက်သောအခါ မြန်မာသက္ကရာဇ် ၁၂၄၅ ခုနှစ်မှ စတင်၍ ပထမပြန်ပွဲ ဆိုင်ရာ ဥပဒေစည်းမျဉ်း စည်းကမ်းများ ချမှတ်ကာ စနစ်တကျ ကျင်းပခဲ့သည်။ သီပေါမင်းသည် အဆင့်မြင့် ပါဠိစာပေတန်းများ အောင်မြင်ခဲ့သည်ဟု သိရှိရသည်။ ကုန်းဘောင်ခေတ်ဦးတွင် အင်ရုံရွာစား ဝန်ကြီး သီရိဥဇနာ ရေးသား ခဲ့သော လောကဗျူဟာ ကျမ်းတွင် ရှေးခေတ် မြန်မာမင်းများသည် နယုန်လ၌ စာတော်ပြန်ပွဲကို ကျင်းပခဲ့ ကြကြောင်း ရေးသား မှတ်တမ်း တင်ခဲ့ပေသည်။
ကုန်းဘောင် ခေတ်နှောင်းကာလ၌ စာတော်ပြန် ပွဲတော်များ ကျင်းပခဲ့သည်။ ရှေးခေတ် မြန်မာ့ဗိသုကာ လက်ရာများဖြင့် ကျွန်းသစ်များ အသုံးပြုလျက် တည်ဆောက်ခဲ့သော သုဓမ္မာ ဇရပ်တန်းကို မန္တလေးမြို့ရှိ နန်းတော် မြို့ရိုးကြီး၏ မြောက်ဘက်မြို့ရိုးနှင့် မန္တလေးတောင်တို့ အကြားဝယ် လွမ်းဆွတ် အောက်မေ့ ဖွယ်ရာ တွေ့မြင် နိုင်သည်။
စာတော်ပြန်ပွဲ ကျင်းပသည့် အချိန်သည် ဗုဒ္ဓဘာသာဝင်များ အလွန် အလေးထားကြသော အချိန်ဖြစ်သည်။ ဗုဒ္ဓပိဋကတ် စာပေကို လေ့လာလိုက်စားသည့် ရဟန်း၊ သံဃာများ ပွားများခြင်းသည် ဗုဒ္ဓဘာသာဝင်တို့ အတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ် ဖြစ်သည်။ သို့ဖြစ်၍ မြို့အလိုက်၊ နယ်အလိုက်၊ စာတော်ပြန်ပွဲသို့ ဝင်ရောက် မည့် ရဟန်း၊ သံဃာများအား လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ပြုစု အားပေး ကြသည်။ သာသနာတော် အတွက် ဝိုင်းဝန်း၍ အထောက် အပံ့ ဖြစ်စေကြသည်။
တိုင်တားမြို့သူကြီး ဦးဖက်က ဤ နယုန်လကို ''နန်းနယုန် နယ်လကို၊ ကြယ်ဗြဟ္မဏ တာရာ၊ ရွှေဇေဋ္ဌ ပုဏ္ဏာဝယ်၊ ယုန်စန္ဒာပြိုင်မျှ။ မုလေးပျံ့သေးသွယ် ငယ်၊ ရွှေစံပယ်သင်းတဲ့ မာသ။ သုဓမ္မ ရိပ်သာမှာ၊ သဘင်စာ သည်လ။ မင်္ဂလာ ထွန်တော်ချလို့၊ သေနင်္ဂ လေးအင်။ ထုံးစဉ်စံ သွေမခွတယ်၊ ဘုန်းရာများထွတ် ထိပ်ဘုရင်။ ဥာဏ်တမွတ် ဖန်ဆင်တယ်၊ မေထုန်ခွင် နွေစွန် လမှာမို့၊ မိုးမာန်က တအုံအုံ၊ မဲတဲ့လို့မှုန်။ မြဖဲရံ တိမ်ဂဠုန်လို၊ သိရ်တဂုဏ်ကူ ဖြိုးလှလေး။ ။ မနုံသူ့ ရွှေရင်မှာ၊ ဖြေတင်နိုင် ပူညှိုးရလေး။'' ဟု ရာသီဘွဲ့ တေးထပ်ဖြင့် ဂုဏ်ပြု မှတ်တမ်းပြု ခဲ့ပေသည်။
နယုန် လပြည့်နေ့သည် ဗုဒ္ဓရှင်တော်မြတ်၏ မဟာ သမယသုတ် ဟောတော်မူသော နေ့ဖြစ်သည်။ ထို့ကြောင့် နယုန်လပြည့် ''မဟာသမယနေ့'' ဟု အသိအမှတ်ပြုကြသည်။ နယုန်လ၌ ဟောသော မဟာသမယသုတ်ကို ''နတ်ချစ်သုတ်'' ဟု သတ်မှတ် သမုတ်ကြသည်။ စာဆိုတော် တစ်ဦးက မဟာသမယသုတ် ဟောတော်မူရ ခြင်း၏ သမိုင်းကြောင်းကို ကြည့်ပြီး ဆင့်ပွား အနက်အဓိပ္ပာယ် ကြံဆကာ ''ငြိမ်းချမ်းသောနေ့'' ဟု ဆိုသည်။ မဟာသမယ ဟူသည် များစွာသော ရဟန်းတို့ စည်းဝေးသော အခါ များစွာသော နတ်အပေါင်းဟု ပဒတ္ထမဉ္ဇူသာ ပါဠိ-မြန်မာ အဘိဓာန်တွင် ဖွင့်ဆိုထားသည်။ မဟာသမယ သုတ်တော်၌လည်း ရဟန္တာငါးရာ စည်းဝေးတော် မူကြရာ များစွာသော ရဟန်းတို့၏ အစည်းအဝေးဟု ဖွင့်ဆို ထားပေသည်။
မဟာသမယသုတ် ဟောတော်မူရခြင်း အကြောင်းပြုသော ပုဂ္ဂိုလ်တို့မှာ သာကီဝင် မင်းမျိုးဖြစ်သော ကောလိယ မင်းသား ၂၅ဝ နှင့် ကပိလဝတ်မင်းမျိုး မင်းသား ၂၅ဝ တို့ ဖြစ်ကြသည်။ ဘုရားရှင် လက်ထက် အခါ၌ တစ်ခုသော နွေလတွင် ရေအခက်အခဲနှင့် ကြုံတွေ့လေသည်။ ကပိလဝတ် ပြည်နှင့် ကောလိယ ပြည်တို့၏ အလယ်ကြားမှ ''ရောဟိဏီ'' မြစ်ရေသည် စီးဆင်းနေသည်။ နှစ်ပြည်ထောင်မှ လယ်သမား တို့သည် ရောဟိဏီ မြစ်ရေကို အားထား၍ လယ် စပါးသီးနှံ စိုက်ပျိုးကြသည်။ နွေရာသီ နယုန်လသို့ ရောက်လာပြီဖြစ်၍ ရောဟိဏီ မြစ်ရေက နည်းနေသည်။ မိုးကောင်းသော ရာသီ၌ နှစ်ပြည်ထောင် လယ်သ မားတို့သည် ရောဟိဏီမြစ်ရေကို ပြည့်ပြည့်ဝဝ အသုံးပြု၍ လယ် စပါးစိုက်ပျိုး ကြသည်။ မိုးခေါင်၍ ရေအားနည်းသော် နှစ်ပြည်ထောင် အတွက် ရေ မလုံလောက်သောအခါ ရောဟိဏီမြစ်မှ ရေကို ဝေစုခွဲ၍ သုံးကြရာ အဝေမတည့်၍ ရေလုပွဲတွင် လယ်သမားများ စကားများ ရန်ပွဲ ရိုက်ပွဲများ ဖြစ်ကြသည်။

လယ်သမားများကို အကြောင်းပြု၍
နှစ်ဖက်နိုင်ငံမှ မင်းညီမင်းသားများနှင့် စစ်သည်တော်များသည် ရောဟိဏီ
မြစ်တည်ရှိရာသို့ ရောက်လာပြီး မြစ်ကမ်း တစ်ဖက်စီတွင် နေရာယူ ထားကြသည်။
နှစ်ပြည်ထောင်မှ လူအများတို့သည်လည်း တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်လျက်
ထိုးခုတ် တိုက်ခိုက် မည့်၊ သွေးချောင်းစီးတော့မည့် အခြေအနေ
ရောက်ရှိနေကြသည်။ ထိုအခြင်းအရာကို သိမြင်တော်မူသော မြတ်စွာ ဘုရားသည် သဗ္ဗညုတ
ရွှေဥာဏ်တော်ဖြင့် ဆင်ခြင်တော်မူပြီး စစ်တပ် နှစ်တပ်တို့၏ အလယ်
ကောင်းကင်ယံ၌ ရောင်ခြည်တော် ခြောက်သွယ်ဖြင့် သပ္ပာယ်စွာ စံနေတော် မူသည်။
ဘုရားရှင်အား နှစ်ဖက်သော စစ်သည်များ ဖူးမြော်ရသော အခါ စစ်တိုက်လိုစိတ်များ
ပျောက်ကင်း၍ ရှိခိုး ဦးခိုက်ကြသည်။ ရန် စစ်ပြေငြိမ်းရန် မြတ်စွာဘုရားက
ဟောကြားသည်။
ထိုအခါ နှစ်ဖက် ကျေအေးကြပြီး နှစ်ပြည်စလုံးမှ လူအချို့သည်
မြတ်စွာဘုရား သာသနာတော်တွင်းသို့ ဝင်ရောက်၍ ရဟန်းပြုကြသည်။ စုစုပေါင်း
ရဟန်း အပါး ၅ဝဝ ရှိသည်။ ထိုရဟန်းတို့၏ ငြိမ်သက် တည်ကြည်မှုကို
လူနတ်ဗြဟ္မာတို့က အလွန်နှစ်သက် ကြည်ညို ကြသဖြင့် လာရောက် စုဝေးကြကုန်၏။
မြတ်စွာဘုရားက ဤသို့ စည်းဝေးခိုက်တွင် ''မဟာ သမယသုတ်'' ကို ဟောကြားတော်
မူသည်။ မဟာသမယ ဆိုသည် စုရုံး စည်းဝေးနေသည့် အချိန်အခါကို ဆိုလိုသည်။
နတ်ဗြဟ္မာများ ဤသို့ စည်းဝေး ပေါင်းဆုံခိုက်တွင် ဟောကြားတော်မူသည့်
မဟာသမယသုတ် ကို အမြဲ ရွတ်ဖတ်လျှင် နတ်ဗြဟ္မာတို့ လိုလား နှစ်သက်သည်။
ပစ္စည်းဥစ္စာ ရာထူးဌာနန္တရ တိုးတက်သည်ဟု ယုံကြည်ကြသည်။
လောကုတ္တရာဆိုင်ရာ ပညာသင်ကြားနေသူ ရဟန်းသံဃာတို့က စာတော်ပြန်ပွဲ ကျင်းပသည့်
နယုန်လ အချိန်အခါတွင် လောကီပညာ သင်ကြားနေသူ ကျောင်းသား၊ ကျောင်းသူများ
အဖို့မှာမူ ပညာသင်နှစ် စတင် ဖွင့်လှစ်ချိန်ဖြစ်သည်။ တပေါင်းလတွင်
စာမေးပွဲများ ကျင်းပခဲ့ပြီးနောက် စာမေးပွဲ အောင်မြင် လာသူများသည်
နယုန်လတွင် အတန်းတိုးမြှင့်၍ တက်ရောက် သင်ကြားခွင့် ရရှိကြပြီ ဖြစ်သည်။
သို့ဖြစ်၍ နယုန်လသည် ရဟန်းသံဃာများ အတွက် စာတော်ပြန်ပွဲ ကျင်းပသည့် လဖြစ်၍
အရေးပါ သကဲ့သို့ ကျောင်းသူ၊ ကျောင်းသားများ အတွက် ပညာသင်နှစ် အစ အတန်း
တက်ရသည့် အချိန် ဖြစ်၍ အရေးပါလှသည်။ ၁၃၁၅ ခုနှစ်မှစပြီး ရာသီဥတု
ပူပြင်းမှုကို အကြောင်းပြုကာ ရဟန်း သံဃာတော်တို့၏ ပါဠိ ပထမပြန် စာမေးပွဲကို
ဤနယုန်လတွင် မကျင်းပ ဖြစ်တော့ဘဲ တပေါင်းလ ဖြစ်စေ၊ တန်ခူးလ ဖြစ်စေ အလျဉ်း
သင့်သလို ကျင်းပ လာခဲ့သည်မှာ ယနေ့ကာလ အထိပင် ဖြစ်သည်။ သို့သော် နိကာယ်
စာမေးပွဲကိုမူ ဤနယုန်လမှာပင် ကျင်းပ သည်ကို တွေ့ရှိ ရပေသည်။
သို့ပါ၍ မုလေး (မြတ်လေး)၊ စံပယ်သင်းပျံ့သော လနယုန်သည် မိုးရွာသွန်းသောလ၊ မဟာသမယ အခါတော်နေ့ ကျင်းပသောလ၊ ရှေးအခါက ပါဠိ ပထမပြန် စာမေးပွဲ ကျင်းပသောလ၊ ယခုအခါ နိကာယ် စာမေးပွဲ ကျင်းပသော လ၊ လောကုတ္တရာ ဆိုင်ရာ၊ လောကီ ဆိုင်ရာ ပညာတို့ဖြင့် နှီးနွှယ်သောလ၊ ပညာဖြင့် နှီးနွယ် နေသဖြင့် လေးနက်သော အဓိပ္ပာယ် ဆောင်ပြီး မွန်မြတ်သန့်စင် ရိုသေလေးစားအပ်သော လတစ်လ ''စာသမကုန်၊ လနယုန်'' ဖြစ်သည်ဟု ဆိုရမည် ဖြစ်ပါကြောင်း ဂုဏ်မွှမ်း ဖော်ပြ ရေးသားလိုက်ရ ပါသည်။ ။

No comments:
Post a Comment