စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ဈေးအကြီးဆုံး ချစ်သက်သေ စေ့စပ်လက်စွပ်များ

စေ့စပ်လက်စွပ် ဆိုသည်မှာ အမျိုးသား တစ်ဦးက မိမိချစ်ခင်မြတ်နိုးသည့် အမျိုးသမီးကို ထာဝရ လက်တွဲသွားလိုကြောင်း ကမ်းလှမ်းလိုက်သည့် ချစ်ခြင်းသက်သေ ပြယုဂ်တစ်ခုဖြစ်သည်။
ထို့ကြောင့်လည်း အမျိုးသားများက မိမိတို့၏ ချစ်သူများအတွက် တတ်စွမ်းနိုင်သမျှ တန်ဖိုးမြင့်မြင့်မားမားဖြင့် စေ့စပ်လက်စွပ်များ ပြုလုပ်ကမ်းလှမ်းလေ့ရှိပြီး ချစ်ခြင်းမေတ္တာ၏ လေးနက်မှု သင်္ကေတအဖြစ် ပြသကြသည်။
အမျိုးသမီး တစ်ဦး၏ စိတ်နှလုံးကို သိမ်းကျုံးယူငင်ရန် ရည်ရွယ်ထားပြီး အမျိုးသား တစ်ဦး၏ စစ်မှန်သော ချစ်မေတ္တာကို ပြဆိုသည့် လက်စွပ်လေးများကို အရွယ်အစား၊ ပုံသဏ္ဍန်၊ အရောင်အသွေး၊ တန်ဖိုးအမျိုးမျိုး ပြုလုပ်လေ့ ရှိကြပြီး ငွေကြေးကြွယ်ဝသူများ၏ အသိုက်အဝန်းတွင်မူ စေ့စပ်လက်စွပ်များ၏ တန်ဖိုး အလွန်မြင့်မားနေတတ်သည်မှာ မဆန်းချေ။
ကမ္ဘာပေါ်တွင် ချစ်သူကို  ဘဝလက်တွဲဖော်အဖြစ် ပိုင်ဆိုင်ခွင့်အတွက် ကမ်းလှမ်းခဲ့ဖူးသမျှ တန်ဖိုးအကြီးဆုံး လက်စွပ်(၁၀)ကွင်းနှင့် ယင်းတို့၏ ပိုင်ရှင်များကို စုစည်းဖော်ပြလိုက်ရပါသည်။
၁၀။ ကင်းဘရစ်ဂ်ျနယ်စားကတော်၏ စေ့စပ်လက်စွပ်

အရည်အသွေး ကောင်းမွန်လှသည့် (၁၈)ကာရက် အပြာရောင် နီလာကျောက်ကြီးကို စိန်ပွင့်ငယ်များဖြင့် ဝန်းရံထားပြီး ဒီဇိုင်းဖော်ထားသော လက်စွပ်ဖြစ်သည်။
ဗြိတိသျှ တော်ဝင်မင်းသားနှင့် ကင်းဘရစ်ဂ်ျနယ်စား ဝီလျံက ၎င်း၏ ကြင်ရာတော် ကက်သရင်း အဲလိဇဘက်သ် ကိတ်မစ်ဒယ်လ်တန်ကို လက်ထပ်ရန် ခွင့်ပန်စဉ်က ပေးအပ်ခဲ့သော လက်ဆောင်လည်း ဖြစ်သည်။
အဆိုပါ လက်စွပ်သည် (၁၉၈၁)ခုနှစ်က ဗြိတိသျှ အိမ်ရှေ့မင်းသား ချားလ်စ်က ကြင်ရာတော် ဒိုင်ယာနာကို ပေးအပ်ခဲ့သည့် လက်ဆောင်လည်း ဖြစ်သည်။
အရည်အသွေး ကောင်းမွန်ပြီး အနာအဆာ ကင်းမဲ့သည့် အဆိုပါ နီလာလက်စွပ်ကြီးသည် ယနေ့ခေတ်တွင် ပေါက်ဈေး ဒေါ်လာ (၁၃၇၂၀၀)မျှ ရှိနိုင်ကြောင်းလည်း သိရသည်။
၉။ အန်နာကော်နီကိုဗာ၏ စေ့စပ်လက်စွပ်

ပန်းရောင် စိန်ပွင့်ကြီးကို သစ်တော်သီး ပုံစံပေါ်လွင်အောင် သွေးထားပြီး ဒီဇိုင်းဖော်ထားသည့် လက်စွပ်ကိုမူ ရုရှားနိုင်ငံဖွား တင်းနစ်ကြယ်ပွင့်ဟောင်း အန်နာကော်နီကိုဗာက သူမ၏ ချစ်သူ ပေါ့ပ်ဂီတသမား အင်းနရစ် အစ်ဂလီဆိုင်းရပ်စ်ထံမှ လက်ဆောင်ရရှိခဲ့သည်။
ပန်းရောင်စိန်ပွင့်ကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် ထရိုင်လီယန် ကျောက်မျက်နှစ်တုံးကို ဝန်းရံစီခြယ်ထားခြင်းဖြင့် လက်စွပ်၏ အလှမှာ ပိုမိုပေါ်လွင်လျက်ရှိသည်။
ကော်နီကိုဗာ၏ လက်စွပ်မှာ Argyle Jewelers၏ လက်ရာဖြစ်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ(၂.၅)သန်းမျှထိ ရှိနေသည်။
၈။ ကက်သရင်းဇီတာဂျုံးစ်၏ စေ့စပ်လက်စွပ်

Fred Leighton Vintage & Estate Jewelry၏ လက်ရာဖြစ်သော စေ့စပ်လက်စွပ်မှာမူ (၁၀)ကာရက် အလေးချိန်ရှိ အဖြူရောင် စိန်ပွင့်ကြီးကို အသားပေး ပုံဖော်ထားသည်။
ဗဟိုချက်မှ စိန်ပွင့်ကြီးအား ပိုမိုသေးငယ်သည့် စိန်ပွင့်များဖြင့် ဝန်းရံကာ ဒီဇိုင်းဖန်တီးထားသည့် လက်စွပ်ကို ဟောလိဝုဒ်မင်းသားကြီး မိုက်ကယ်ဒေါက်ဂလက်စ်က ဇနီးဖြစ်သူ ကက်သရင်း ဇီတာဂျုံးစ်အား လက်ထပ်ခွင့် တောင်းခံချိန်၌ လက်ဆောင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
လက်စွပ်၏ တန်ဖိုးမှာ ဒေါ်လာ(၂.၅)သန်းမျှ ဖြစ်သည်။
၇။ ဂျက်ကလင်းအိုနာဆစ်၏ စေ့စပ်လက်စွပ်

(၄၀.၄၂) ကာရက်ရှိသော စိန်ပွင့်ကြီးကို အခြားသော ကျောက်မျက်ရတနာများနှင့် မွမ်းမံ စီခြယ်ထားသော လက်စွပ်ဖြစ်သည်။
ယင်းလက်စွပ်ကို Lesotho III ကုမ္ပဏီက ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဂရိသင်္ဘောလုပ်ငန်းရှင် သူဌေးကြီး အရစ္စတိုတယ်လ် အိုနာဆစ်က ဇနီးသည် ဂျက်ကလင်း အိုနာဆစ်ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဂျက်ကလင်းသည် ဒေါ်လာ(၂.၆)သန်းမျှ တန်ဖိုးရှိသော အဆိုပါ လက်စွပ်ကို (၂)ကြိမ်မျှသာ ဝတ်ဆင်ခဲ့ကြောင်း သိရှိရသည်။
၆။ မယ်လာနီယာနော့စ်ထရမ့်၏ စေ့စပ်လက်စွပ်

Graffက ဖန်တီးခဲ့သော လက်စွပ်ဖြစ်ပြီး ဒေါ်လာ(၃)သန်းမျှ တန်ဖိုးရှိသည်။
(၁၅)ကာရက် အဖြူရောင် စိန်ပွင့်ကြီးတစ်ပွင့်ကို လေးထောင့်ကျကျသွေးပြီး ရိုးရိုးရှင်းရှင်းပင် ဒီဇိုင်းထုတ်ထားသည်။
ဆလိုဗေးနီးယန်း စူပါမော်ဒယ်လ် မယ်လာနီယာနော့စ်ကို သူမ၏ ခင်ပွန်းဖြစ်သူ ဒေါ်နယ်လ်ထရမ့်က လက်ထပ်ခွင့်တောင်းခံစဉ် ကမ်းလှမ်းပေးအပ်ခဲ့သော လက်စွပ်ဖြစ်သည်။
၅။ ဂျနီဖာလိုပက်ဇ်၏ စေ့စပ်လက်စွပ်

Neil Lane ၏ လက်ရာဖြစ်သော စိန်ပြာပွင့် လက်စွပ်ကြီးကို အမေရိကန် အဆိုတော် မင်းသမီး ဂျနီဖာ လိုပက်ဇ်အတွက် ခင်ပွန်းဟောင်း မာ့ခ်အန်ထော်နီက ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။
ဒေါ်လာ(၄)သန်းတန် လက်စွပ်တွင် အပြာရောင် အနည်းငယ် လွှမ်းနေသည့် (၈.၅)ကာရက် စိန်ပွင့်ကြီးကို သေးငယ်သော ကျောက်ပွင့်လေးများဖြင့် ဝန်းရံ အလှဆင်ထားသည်။
စိန်ပြာကို အသုံးပြုထားခြင်းကြောင့် လိုပက်ဇ်၏ လက်စွပ်သည် အရှားပါးဆုံးနှင့် အဖိုးအထိုက်ဆုံး စာရင်းဝင် စေ့စပ်လက်စွပ်တစ်ကွင်းအဖြစ် သတ်မှတ်ခံခဲ့ရသည်။
၎။ ဂရေ့စ်ကယ်လီ၏ စေ့စပ်လက်စွပ်

Cartier၏ ဂုဏ်ယူဖွယ် လက်ရာတစ်ခုဖြစ်သော လက်စွပ်တွင် လေးထောင့်ကျကျ သွေးထားသည့် စိန်ပွင့်ကြီးက ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား ရှိနေသည်။
ကြည်လင်တောက်ပသော အဖြူရောင် စိန်ပွင့်ကြီး၏ အလေးချိန်မှာ (၁၀.၄၇)ကာရက်ဖြစ်သည်။
မိုနာကိုမင်းသား တတိယ ရိုင်နီရာက ကြင်ရာတော် ဂရေ့စ်ကယ်လီကို ပေးအပ်ခဲ့သည့် ယင်းလက်ဆောင်မွန်မှာ ဒေါ်လာ (၄.၀၆)သန်းမျှ တန်ဖိုးရှိသည်။
၃။ ပဲရစ်ဟီလ်တန်၏ စေ့စပ်လက်စွပ်

အဖြူရောင် စိန်ပွင့်ကြီးကို ထောင့်မှန်စတုဂံပုံ တိတိကျကျ သွေးထားပြီး အဖြူရောင်ကျောက် နှစ်ပွင့်ကို နံဘေးမှ ဝန်းရံကာ အလှဆင်ထားသည့် လက်စွပ်ဖြစ်သည်။
ကြီးမားသော စိန်ပွင့်ကြီး၏ အလေးချိန်သည်ပင် (၂၄)ကာရက်မျှ ရှိခဲ့သည်။
ရွှေသားကွပ်ထားသည့် ယင်းလက်စွပ်ကို ပဲရစ်ဟီလ်တန်၏ ချစ်သူဟောင်း ပဲရစ်လက်တစ်က လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ကာလပေါက်ဈေးအားဖြင့် ဒေါ်လာ(၄.၇)သန်းနီးပါးမျှ တန်ဖိုးကျသင့်သည်။
၂။ ဘီယွန်းဆေး၏ စေ့စပ်လက်စွပ်

ယနေ့ခေတ် နာမည်ကျော် အမျိုးသမီးတစ်ဦး ပိုင်ဆိုင်ထားသမျှ တန်ဖိုးအကြီးဆုံး စေ့စပ်လက်စွပ်အဖြစ် Lorraine Schwartz၏ ပလက်တီနမ် လက်စွပ်ကို ညွှန်းဆိုရမည် ဖြစ်သည်။
(၁၈)ကာရက် အလေးချိန်ရှိပြီး အဋ္ဌဂံပုံ သွေးထားသည့် စိန်ပွင့်ကြီးကို သေးငယ်သော စိန်ပွင့်လေးများ ပါရှိသည့် လက်စွပ်ကွင်းပေါ်တွင် တပ်ဆင်ထားသည်။
ဒေါ်လာ(၅)သန်းမျှ တန်ကြေးရှိသည့် အဆိုပါ လက်စွပ်အား ဘီယွန်းဆေးအတွက် ခင်ပွန်းဖြစ်သူ ရက်ပ်ဂီတအဆိုတော် ဂျေးဇီးက ရွေးချယ်ပေးခဲ့သည်။
၁။ အဲလိဇဘက်သ်တေလာ၏ စေ့စပ်လက်စွပ်


ယခုစာရင်းတွင် တန်ဖိုးအကြီးဆုံး စေ့စပ်လက်စွပ်အဖြစ် မင်းသမီးကြီး အဲလိဇဘက်သ်တေလာ ပိုင်ဆိုင်ခဲ့သည့် စိန်လက်စွပ်ကို ရွေးချယ်ရမည် ဖြစ်သည်။
Asscherက သွေးထားသည့် (၃၃.၁၉)ကာရက် စိန်ပွင့်ကြီးကို အသားပေး ဖန်တီးထားသည့် လက်စွပ်ကို ခင်ပွန်းဖြစ်သူ ရစ်ချတ်ဘာတန်က တေလာ့အတွက် ရွေးချယ်ပေးခဲ့သည်။
တေလာကွယ်လွန်ခဲ့ပြီးနောက် (၂၀၁၁)ခုနှစ်၊ ဒီဇင်ဘာလက အဆိုပါ လက်စွပ်ကို Christie လေလံဌာနက ရောင်းချခဲ့ရာ အာရှတိုက်မှ လက်ဝတ်ရတနာ စုဆောင်းသူ တစ်ဦးက ဒေါ်လာ(၈.၈)သန်းထိ ဈေးပေးဝယ်ယူသွားခဲ့သည်။
_Ref: Topteny

http://7daydaily.com/story/13003#.U5mo7ihIPYg

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...