စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့တန်ဖိုးအကြီးဆုံး မော်တော်ဆိုင်ကယ်များ



အချို့သော သူများသည် အဝေးပြေး လမ်းမပေါ်တွင် နှစ်ဘီးတပ် ယာဉ်ငယ်တစ်စီးနှင့် ပြေးလွှားမောင်းနှင်နေရသည့် အရသာကို လွတ်လပ်ခြင်းနှင့် ပြီးပြည့်စုံခြင်းဟု ခံယူထားလေ့ ရှိသည်။ ကမ္ဘာပေါ်တွင် မော်တော်ဆိုင်ကယ်များကို ရူးသွပ်စွဲလမ်းသူ အများအပြား ရှိကြသလို မော်တော်ဆိုင်ကယ် ကုမ္ပဏီကြီးများကလည်း ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ဆိုင်ကယ်များကို ထုတ်လုပ်ရောင်းချခဲ့ကြသည်။

အသုံးပြု တည်ဆောက်ထားသည့်ပစ္စည်း၊ အမှတ်တံဆိပ်၊ အင်ဂျင်အား၊ မြန်နှုန်း အစရှိသည့် အချက်အလက်များအပေါ် မူတည်၍ မော်တော်ဆိုင်ကယ်များ၏ တန်ဖိုး အမျိုးမျိုး ကွဲပြားသွားပြီး ဒေါ်လာသန်းချီ တန်ဖိုးရှိသည့် ဆိုင်ကယ်များပင် ရှိနေသည်။

ဆိုင်ကယ်ဝါသနာအိုးများ၏ အိပ်မက်များကို ဖမ်းယူဆုပ်ကိုင်နေမည့် ကမ္ဘာ့
တန်ဖိုးအကြီးဆုံး မော်တော်ဆိုင်ကယ် အမျိုးအစား (၁၀)ခုကို စုစည်းဖော်ပြအပ်ပါသည်။
 
၁၀။ Suzuki AEM Carbon Fiber Hayabusa


လှပသပ်ရပ်သည့် မော်တော်ဆိုင်ကယ်၏ ကိုယ်ထည်တစ်ခုလုံးကို ကာဘွန်ဖိုင်ဘာဖြင့် ဖန်တီးထားသောကြောင့် အလေးချိန်အားဖြင့် အလွန်ပေါ့ပါးနေသည်။

ပေါ့ပါးသည့်အလျောက် မြန်နှုန်းလည်း အမြင့်မားဆုံးထိ မောင်းနှင်နိုင်ပြီး တစ်နာရီ (၁၈၆)မိုင်ထိ အရှိန်မြှင့်တင်နိုင်မည် ဖြစ်သည်။

အဆိုပါ မော်တော်ဆိုင်ကယ်၏ ဈေးနှုန်းသည် ဒေါ်လာ ၁၆၀,၀၀၀ မှ ဒေါ်လာ ၂၀၀,၀၀၀ ကြားထိ တန်ဖိုးရှိကြောင်းလည်း သိရသည်။
 
၉။ Ducati Testa Stretta NCR Macchia Nera Concept


မော်တော်ဆိုင်ကယ် ဒီဇိုင်းပညာရှင် အယ်လ်ဒိုဒရူဒီက ဖန်တီးခဲ့ပြီး NCR ကုမ္ပဏီက ထုတ်လုပ်ခဲ့သည့် အမျိုးအစားဖြစ်သည်။

ဆိုင်ကယ်၏ ကိုယ်ထည်တွင် တိုက်တေနီယမ် သတ္တု အစိတ်အပိုင်းများ တပ်ဆင်တည်ဆောက်ထားပြီး ၂၀၀၃ ခုနှစ်က ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့သည်။

မြင်းကောင်ရေ (၁၈၀)အား အင်ဂျင်ကို အသုံးပြုထားပြီး အလေးချိန် (၁၃၅)ကီလိုဂရမ်သာ ရှိသဖြင့် မြန်နှုန်းမြင့်မားစွာ မောင်းနှင်နိုင်ပြီး ဈေးနှုန်းမှာ ဒေါ်လာ ၂၂၅,၀၀၀ ဖြစ်သည်။

၈။ Ducati Desmosedici D16RR NCR M16


ဆိုင်ကယ်၏ ကိုယ်ထည် ဘောင်ကွပ်များတွင် ကာဘွန်ဖိုင်ဘာကို အသုံးပြု တည်ဆောက်ထားပြီး အခြားသော အစိတ်အပိုင်းများတွင်လည်း တိုက်တေနီယမ်၊ အေဗွိုင်နစ်၊ အလူမီနီယမ် အစရှိသည့် သင့်တော်ရာ သတ္တုများကို အသုံးပြု ပေါင်းစပ်ထားသည်။

သတ္တုအစိတ်အပိုင်းများ ပါရှိသော်လည်း ဆိုင်ကယ်၏ အလေးချိန်မှာ အလွန်မများလှဘဲ (၃၁၉)ပေါင်မျှသာ လေးလံသည်။
ဆိုင်ကယ်၏ တန်ဖိုးမှာ ဒေါ်လာ ၂၃၂,၅၀၀ ဖြစ်သည်။

၇။ Ecosse FE Ti XX Titanium Series


Ecosse Motor က ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်များ၏ ဈေးနှုန်းမှာ ဒေါ်လာ ၃၀၀,၀၀၀ ဝန်းကျင် ဖြစ်သည်။

အလူမီနီယမ် သတ္တုဖြင့် တည်ဆောက်ထားသည့် အင်ဂျင်ကို တပ်ဆင်ထားပြီး အင်ဂျင်၏ စွမ်းအားထုတ်လုပ်မှုမှာ မြင်းကောင်ရေ (၂၂၅)ကောင်အားဖြစ်သည်။

၆။ Legendary British Vintage Black


ဗြိတိန်နိုင်ငံမှ ထုတ်လုပ်သော ဆိုင်ကယ်တွင် ဆလင်ဒါ အင်ဂျင်နှစ်လုံး ပါရှိပြီး စွမ်းအား 250cc ယူနစ်မျှထိ ထုတ်ပေးနိုင်သည်။

ခေတ်ဟောင်းလက်ရာတစ်ခု ဖြစ်သော်လည်း ဆိုင်ကယ်ဝါသနာအိုးများအတွက် ဂန္ထဝင်လက်ရာတစ်ခုသဖွယ် ဖြစ်နေသောကြောင့် ဒေါ်လာ ၄၀၀,၀၀၀ မျှ ပေါက်ဈေးရှိသည်။

၅။ Yamaha Roadstar BMS Chopper


Gold Plated Custom Chopper ဟုလည်း ခေါ်ဝေါ်လေ့ရှိသည့် မော်တော်ဆိုင်ကယ်ကို Yamaha က ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ဆန်းကျယ်လှပသည့် ကိုယ်ထည် တည်ဆောက်မှုတွင် ရွှေပြားများ အုပ်မိုးကာ အလှဆင်ထားခြင်းကြောင့် အလွန်ဈေးနှုန်း ကြီးမြင့်နေခြင်းလည်း ဖြစ်သည်။

ဆိုင်ကယ်၏ အင်ဂျင်၊ ဘီးနှင့် ကိုယ်ထည် အစိတ်အပိုင်းအချို့တွင် ရွှေပြားများ တပ်ဆင်ထားပြီး ဒေါ်လာ ၅၀၀,၀၀၀ မျှ ဈေးနှုန်းကျသင့်မည် ဖြစ်သည်။

၎။ Dodge Tomahawk V10 Superbike


မြင်းကောင်ရေ (၅၀၀)အားရှိသည့် 8.3liter V10 အင်ဂျင်ကို တပ်ဆင်ထားခြင်းကြောင့် ခန့်မှန်းခြေ တစ်နာရီလျှင် မိုင်(၄၂၀)နီးပါး မြန်နှုန်းထိ မောင်းနှင်နိုင်စွမ်းရှိသည်။

Tomahawk V10၏ ထူးခြားချက်မှာ အခြားဆိုင်ကယ်များကဲ့သို့ နှစ်ဘီးတပ် မဟုတ်ဘဲ ရှေ့ဘက်ရော၊ နောက်ဘက်ပါ ဘီးနှစ်လုံးစီ တပ်ဆင်ထားခြင်း ဖြစ်သည်။
Dodge ကုမ္ပဏီ၏ မူပိုင်အငွေ့အသက် မပျောက်ပျက်အောင် ဖန်တီးမှု လက်ရာအတွက် ဈေးနှုန်းမှာ ဒေါ်လာ ၅၅၅,၀၀၀ မျှဖြစ်သည်။

၃။ Porcupine


Porcupine ကို မြန်နှုန်းမြင့်မြင့် မောင်းနှင်နိုင်ခြင်း၊ ဒီဇိုင်းဆန်းသစ်ခြင်းတို့ကြောင့် နာမည်ကြီးခြင်း မဟုတ်ဘဲ ရှားပါးသည့် ရှေးဟောင်းလက်ရာ တစ်ခုအနေဖြင့် ဆိုင်ကယ်ဝါသနာအိုးများက မက်မောကြခြင်း ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ်ကာလ အတွင်းက ထုတ်လုပ်ခဲ့သည့် ဆိုင်ကယ်၏ ဈေးနှုန်းသည် ဒေါ်လာ ၇၅၀,၀၀၀ မျှထိ ရှိနေသည်။

ဗြိတိန်နိုင်ငံ၊ ကိုဗင်ထရီရှိ အမျိုးသား မော်တော်ဆိုင်ကယ် ပြတိုက်တွင် Porcupine တစ်စီးကို တခမ်းတနား ပြသထားသည်။

၂။ Harley Davidson Cosmic Starship


နာမည်ကျော် Harley Davidson ကုမ္ပဏီအတွက် အဆိုပါ မော်တော်ဆိုင်ကယ်၏ ဒီဇိုင်းကို ဂျက်အမ်းစထရောင်းက ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။

ဒီဇိုင်းပိုင်း ဆန်းသစ်တီထွင်မှုကြောင့် လူအများ၏ အာရုံကို ဆွဲဆောင်နိုင်စွမ်း အပြည့်ရှိသော ဆိုင်ကယ်တွင် ဆလင်ဒါ ခြောက်လုံးတပ် အားကောင်းသော အင်ဂျင်ကိုလည်း တပ်ဆင်ထားသည်။
Cosmic Starship ၏ ဈေးနှုန်းမှာ ဒေါ်လာတစ်သန်းဖြစ်ပြီး ကမ္ဘာ့ဒုတိယ ဈေးအကြီးဆုံး မော်တော်ဆိုင်ကယ် အဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။
 
၁။ Ecosse ES1 Superbike

ကမ္ဘာပေါ်တွင်ရှိသမျှ မော်တော်ဆိုင်ကယ် အားလုံးနှင့် ထူးခြားစွာ ကွဲပြားနေသည့် ဝိသေသ လက္ခဏာများကြောင့်လည်း Ecosse ES1 သည် ကမ္ဘာ့ဈေးအကြီးဆုံး နံပါတ်(၁) နေရာမှ ရပ်တည်နေခြင်း ဖြစ်သည်။

ကမ္ဘာ့ဈေးအကြီးဆုံး မော်တော်ဆိုင်ကယ်အဖြစ် ရပ်တည်နေနိုင်လောက်အောင် ES1 သည် နှစ်ဘီးတပ် ဆိုင်ကယ်များတွင် ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး၊ ကမ္ဘာ့အပေါ့ပါးဆုံး အနေဖြင့်လည်း မှတ်ကျောက်တင်ခံထားနိုင်သည်။

ကမ္ဘာ့အသိအမှတ်ပြု ဆိုင်ကယ် အင်ဂျင်နီယာများ ဖြစ်ကြသည့် ရစ်ချတ်ဂလိုဗာ၊ အန်ဒီလီဖလီမင်း၊ ရစ်ချတ်တိုင်ရဲလ်တို့က ပူးပေါင်းဖန်တီးခဲ့ပြီး အားကောင်းသောအင်ဂျင်၊ အနားသတ်ဘောင် မပါသည့် အောက်ခံကိုယ်ထည်၊ ထူးခြားသည့် ဆိုင်းထိန်းစနစ်တို့ပါရှိပြီး ကာဘွန်ဖိုင်ဘာ ကိုယ်ထည် အသုံးပြုထားခြင်းနှင့် တီထွင်ဖန်တီးထားသည့် သားရေထိုင်ခုံ ဒီဇိုင်းတို့က စီးနင်းသူအတွက် သက်သောင့်သက်သာ ရှိစေသည်။

၂၆၅ ပေါင်မျှသာ အလေးချိန်ရှိပြီး တစ်နာရီလျှင် မိုင် ၂၃၀ ကျော် မြန်နှုန်းထိ မောင်းနှင်နိုင်သည့် မော်တော်ဆိုင်ကယ်အတွက် ကျသင့်မည့် ဈေးနှုန်းမှာ ဒေါ်လာ ၃ ဒသမ ၂ သန်းဖြစ်သည်။

_Ref:TopTeny

 မူရင်း= http://www.7daydaily.com/story/13963#.U6guEbHzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...