စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဇင်ဘာဘွေနိုင်ငံမှ မိမိကိုယ်ကိုယ် ကျွဲတစ်ကောင်အဖြစ် အထင်မှားနေသည့် ဆင်မလေး



ဆင်များသည် အမှတ်သညာကြီးသည့် တိရစ္ဆာန်များအဖြစ် သတ်မှတ်ခံရလေ့ ရှိသည်။ သို့သော်လည်း ဆင်မလေး နာဇူးမှာမူ ဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံများကြောင့် သူမ၏ မူလမျိုးနွယ်ကိုပင် မေ့လျော့နေရှာသူ ဖြစ်သည်။

နာဇူးသည် ဇင်ဘာဘွေနိုင်ငံရှိ အင်မိုင်ရာ ကြံ့နက်ထိန်းသိမ်းရေးနှင့် ဘေးမဲ့စခန်းတွင် ကျွဲတစ်အုပ်နှင့်အတူ မှီတင်းနေထိုင်ပြီး ၎င်းကိုယ်ကိုယ် ကျွဲတစ်ကောင်အဖြစ် အထင်ရောက်နေရှာသည့် ဆင်ကလေး ဖြစ်သည်။
၁၉၇၀ ပြည့်လွန်နှစ်များက နာဇူး၏ မိဘများကို ဆင်စွယ်မှောင်ခို မုဆိုးများက သတ်ဖြတ်ခဲ့သည့်နောက် မိဘမဲ့ဆင်မလေးကို အင်မိုင်ရာစခန်း၏ ပိုင်ရှင်ဖြစ်သူ နော်မန်ထရေဗာစ်က ခေါ်ယူစောင့်ရှောက်ထားခဲ့သည်။

စခန်းသို့ နာဇူးရောက်လာစဉ်က ဆင်ထီးကြီးတစ်ကောင်နှင့် ကျွဲအုပ်ကြီးများသာ အရွယ်အစား အကြီးမားဆုံး တိရစ္ဆာန်များအဖြစ် ရှိနေခဲ့ရာ ဆင်မလေးသည် ၎င်းတို့နှင့်ပင် အဖော်ပြုခဲ့ရသည်။ ထို့နောက် ဆင်ထီးကြီးပါ သေဆုံးသွားပြန်ရာ နာဇူးသည် ကျွဲများနှင့်ပင် အတူတကွ ရှင်သန်နေထိုင်ရင်း ၎င်းကိုယ်တိုင် ကျွဲတစ်ကောင်အဖြစ် အထင်မှားနေရှာခြင်း ဖြစ်သည်။

ယခုအခါ နာဇူးတွင် ဆင်တို့၏ ပင်ကိုအရည်အသွေးအချို့ ပျောက်ဆုံးနေပြီး ကျွဲတစ်ကောင်၏ စရိုက်လက္ခဏာများကို တွေ့မြင်နေရကြောင်း ထရေဗာစ်က ဆိုသည်။
“ဘေးမဲ့စခန်းကို ဆင်အုပ်တွေ ရောက်လာတဲ့နောက် နာဇူးက မျိုးနွယ်စုရဲ့ ဦးစီးဦးရွက် ဆင်မတစ်ကောင် ဖြစ်လာသင့်တာပါ။ ဒါပေမဲ့ သူက ကျွဲတွေနဲ့အတူ ဘဝကို ဖြတ်သန်းနေထိုင်ဖို့ ရွေးချယ်ခဲ့တယ်။ သူ့ကို ဆင်တစ်ကောင်အဖြစ် ပြန်ပြီးအမှတ်ရလာစေဖို့ ကျွန်တော်တို့ တော်တော်လေး ကြိုးစားခဲ့ပါတယ်။ ခက်တာက နာဇူးကိုယ်တိုင်က လက်ရှိဘဝမှာ ပျော်မွေ့နေတယ်လေ”ဟု ထရေဗာစ်က ပြောကြားခဲ့သည်။

နာဇူးကို ဆင်အုပ်အတွင်း ရောနှောနေထိုင်စေရန် အကြိမ်အတော်များများ အားထုတ်ခဲ့သော်လည်း နောက်ဆုံးတွင်မူ ကျွဲအုပ်ထဲသို့သာ ပြန်ရောက်သွားလေ့ ရှိကြောင်းလည်း သိရသည်။

မည်သို့ပင်ဖြစ်စေ နာဇူးသည် ဆင်တို့၏ သစ္စာစောင့်သိမှု ပင်ကိုဗီဇကိုမူ အပျောက်ဆုံး မခံခဲ့ချေ။ ယင်းကို အုပ်ထိန်းခဲ့သည့် ကျွဲထီးကြီး မက်သရူးကို တစ်နေ့တွင် သန်မာပျိုရွယ်သည့် ကျွဲတစ်ကောင်က ထိုးဝှေ့ခဲ့သည်။ ထိုစဉ်က မက်သရူးသည် ပြင်းထန်စွာ ဒဏ်ရာရပြီး သွေးအလူးလူးဖြင့် လဲလျောင်းနေခဲ့ပြီး ကျွဲပျိုက ထပ်မံရန်ပြုရန် အားထုတ်နေခဲ့သည်။ သို့သော်လည်း စခန်းမှ တာဝန်ရှိသူများ မရောက်လာမီ တစ်ချိန်လုံး နာဇူးက မက်သရူးရှေ့မှ မားမားမတ်မတ် ရပ်တည်ကာ အကာအကွယ် ပေးထားခဲ့သည်။ ယင်း၏ ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်ဖြင့် တားဆီးထားခြင်းကြောင့် ရန်လိုနေသော ကျွဲပျိုမှာ ရှေ့မတိုးနိုင်တော့ချေ။

နာဇူးသည် ကျွဲအုပ်နှင့် ဆက်သွယ်နိုင်သည့် နည်းလမ်းသစ်များကို အလိုလို သင်ယူတတ်မြောက်ပြီး ဖြစ်သည်။ ယင်း၏ အော်မြည်သံကို ကျွဲများက နားလည် သိမှတ်ထားပြီး ယင်းကလည်း ကျွဲများ၏ အသံကို နားလည်နေကြောင်း သိရသည်။

အင်မိုင်ရာတွင် လက်ရှိမှီတင်း နေထိုင်သော ဆင်အုပ်ကြီး၏ အသံများကို ကြားလျှင်လည်း နာဇူးသည် တစ်စုံတစ်ရာ တုံ့ပြန် အချက်ပြလေ့မရှိချေ။ ထရေဗာစ်က “ဒါဟာ ဆင်တွေရဲ့ ဘာသာစကားကို နာဇူးကိုယ်တိုင် နားမလည်တော့တာ ဖြစ်နိုင်ပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။ မည်သို့ပင်ဖြစ်စေ နာဇူးသည် ၎င်းကိုယ်တိုင် ကျေကျေနပ်နပ် လက်ခံထားသည့် ဘဝတွင် ပျော်ရွှင်နေပြီး ကျွဲများနှင့်သာ အတူတကွ ရှင်သန်နေထိုင်လျက်ရှိသည်။

_Ref:Dailymail


http://www.7daydaily.com/story/13962#.U6gs-bHzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...