စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ချုပ်ငြိမ်းစေရာ .


အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ အရံဖြစ်သော ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤတရားကို ဟောတော်မူ၏။

ရဟန်းတို့ - နှောင်ဖွဲ့ကြောင်း 'သံယောဇဉ်'၏ အကြောင်းဖြစ်သော
တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည် ဖြစ်၍ နေသောသူအား တပ်မက်မှု 'တဏှာ' ပွား၏၊

ရဟန်းတို့ - ဥပမာသော်ကား ဆီကိုလည်းကောင်း၊ မီးစာကိုလည်းကောင်း စွဲ၍ ဆီမီးသည် တောက်လောင်နေရာ၏။ ထိုဆီမီး၌ ယောက်ျားသည် အခါအားလျော်စွာ ဆီကို သွန်းလောင်းရာ၏၊ မီးစာကိုလည်း ထည့်ပေးရာ၏၊

ရဟန်းတို့ - ဤသို့ ဖြစ်သည်ရှိသော် ထိုဆီမီးသည် ထိုအစာရှိသည် ဖြစ်၍
လည်းကောင်း၊ ထိုမီးစာလျှင် စွဲလောင်ရာ ရှိသည် ဖြစ်၍လည်းကောင်း ကြာရှည်စွာသော ကာလပတ်လုံး တောက်လောင်နေရာ၏၊

ရဟန်းတို့ - ဤအတူသာလျှင် သံယောဇဉ်၏ အကြောင်းဖြစ်သော
တေဘူမိကတရားတို့၌ သာယာဖွယ်ဟု ရှုသည်ဖြစ်၍ နေသောသူအား . .
တပ်မက်မှု 'တဏှာ' ပွား၏၊
တဏှာ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်ဖြစ်၏။
ဥပါဒါန် အကြောင်းခံကြောင့် ဘဝ ဖြစ်၏၊
ဘဝ အကြောင်းခံကြောင့် ဇာတိ ဖြစ်၏၊
ဇာတိ အကြောင်းခံ ကြောင့် အိုခြင်း 'ဇရာ'၊ သေခြင်း 'မရဏ'၊ စိုးရိမ်ခြင်း 'သောက'၊ ငိုကြွေးခြင်း 'ပရိဒေဝ'၊ ဆင်းရဲခြင်း 'ဒုက္ခ'၊ နှလုံးမသာယာခြင်း 'ဒေါမနဿ'၊ ပြင်းစွာ ပင်ပန်းခြင်း 'ဥပါယာသ'တို့ ဖြစ်ကုန်၏။
ဤသို့လျှင် အလုံးစုံ သော ဆင်းရဲအစု ဖြစ်၏။

•••

ရဟန်းတို့ - ဥပမာသော်ကား ဆီကိုလည်းကောင်း၊ မီးစာကိုလည်းကောင်း စွဲ၍ ဆီမီးသည် တောက် လောင်နေရာ၏။ ထိုဆီမီး၌ ယောက်ျားသည် အခါအားလျော်စွာ ဆီကို မသွန်းလောင်း၊ မီးစာကိုလည်းထည့်မပေးတော့ချေ၊

ရဟန်းတို့ - ဤသို့ ဖြစ်သည်ရှိသော် ထိုဆီမီးသည် ရှေးဖြစ်သော မီးစာ၏ ကုန်ခြင်းကြောင့်လည်းကောင်း၊ တစ်ပါးသော မီးစာကို မရခြင်းကြောင့်
လည်းကောင်း လောင်စာ မရှိသည်ဖြစ်၍ ငြိမ်းအေးရာ၏။

ရဟန်းတို့ - ဤအတူသာလျှင် သံယောဇဉ်၏ အကြောင်းဖြစ်သော
တေဘူမိကတရားတို့၌ အပြစ်ဟု ရှုသည်ဖြစ်၍ နေသောသူအား . .
တဏှာ ချုပ်၏၊
တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန် ချုပ်၏။
ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝ ချုပ်၏၊
ဘဝ ချုပ်ခြင်းကြောင့် ဇာတိ ချုပ်၏၊
ဇာတိ ချုပ်ခြင်းကြောင့် အိုခြင်း 'ဇရာ'၊ သေခြင်း 'မရဏ'၊ စိုးရိမ်ခြင်း 'သောက'၊ ငိုကြွေးခြင်း 'ပရိဒေဝ'၊ ဆင်းရဲခြင်း 'ဒုက္ခ'၊ နှလုံးမသာယာခြင်း 'ဒေါမနဿ'၊ ပြင်းစွာ ပင်ပန်းခြင်း 'ဥပါယာသ'တို့ ချုပ်ကုန်၏။
ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

( ဒုက္ခဝဂ်။ သံယောဇနသုတ် )
3 Treasures: Buddha, Dhamma & Sangha

https://www.facebook.com/photo.php?fbid=417581561673014&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...