စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂရပ်ဖစ်တီရေးဆွဲသူ အာကာကျော်နှင့် တွေ့ဆုံခြင်း



(သန့်ဇင်ဦး)

မြန်မာနိုင်ငံတွင် နံရံများပေါ် မှုတ်ဆေးသုံး၍ ဂရပ်ဖစ်တီအနုပညာ (Graffiti) ဖြင့် ပန်းချီရေးဆွဲမှုများကို လူအများစု မသိကြသေးပါ။ သိသိသာသာ မြင်တွေ့လာရသည်မှာလည်း မကြာသေး။ ရေးဆွဲသူများလည်း အများအပြားမရှိသေး။ တချို့က အဖွဲ့လိုက်ရေးဆွဲသည်။ တချို့က တစ်ဦးချင်းရေးသည်။ ယင်းသို့သော ရေးဆွဲသူ အနည်းငယ်ထဲတွင် အမေရိကန်သမ္မတအိုဘားမား၏ ပုံတူကို ဂရစ်ဖစ်တီအနုပညာဖြင့် ရေးဆွဲခဲ့ရာမှ လူအများ သတိထားမိလာသူ လူငယ်ဂရပ်ဖစ်တီပညာရှင် အာကာကျော်၏ ဂရပ်ဖစ်တီ အနုပညာကို လေ့လာခဲ့ပုံ၊ အထင်ကရ ခေါင်းဆောင်များ၏ ပုံတူများကို ရေးဆွဲဖြစ်သည့် ရည်ရွယ်ချက်၊ ဆက်လက်ဖန်တီးမည့် အနုပညာလက်ရာများ၊ ရေးဆွဲရာတွင် ကြုံတွေ့ရသည့် အခက်အခဲနှင့် ၄င်း၏ ရှုမြင်ပုံတို့မှာ ဤသို့ ...။

Voice : ဂရပ်ဖစ်တီဆိုတဲ့ အနုပညာကို ဘယ်အချိန်တုန်းက စပြီးထိတွေ့မိ ခဲ့တာလဲ။

AKK : စပြီး ထိတွေ့တာက ၂၀၀၆၊ ၂၀၀၇ လောက်ကပေါ့၊ ကျွန်တော်ကိုးတန်း နှစ်လောက်မှာ စတွေ့ခဲ့တာ။ အဲ့ဒီတုန်းက မြန်မာနိုင်ငံကို ရောက်လာတဲ့ ဟစ်ဟော့ သီချင်းတွေရဲ့ MTV တွေမှာ စတွေ့တယ်။ သူငယ်ချင်းတွေ တော်တော်များများကလည်း အဲ့ဒီအချိန်မှာ ဂရပ်ဖစ်တီတွေ ဆွဲနေကြပြီ။ ကျွန်တော်ကတော့ အွန်လိုင်းကပဲ လေ့လာ ဖြစ်သွားတာပါ။ ကျွန်တော့်ကို သင်ပေးခဲ့တဲ့ ဆရာရယ်လို့တော့ မရှိပါဘူး။ အင်တာနက် ကနေပဲ လေ့လာခဲ့တာပါ။ ကျွန်တော်က ငယ်ငယ်ကတည်းက ပန်းချီရေးတော့ နည်းနည်း အဆင်ပြေသွားတာပေါ့။

Voice : အင်တာနက်က လေ့လာတဲ့ နေရာမှာ ဘယ် Website တွေကနေ အဓိကလေ့လာခဲ့လဲ။


AKK : အဲ့ဒီတုန်းကတော့ ကျွန်တော်က အမြင်နဲ့ပဲ လေ့လာခဲ့ရတာပေါ့။ အင်တာနက် ကလည်း Google လောက်ပဲ သုံးတတ်သေးတာ ဆိုတော့ Google မှာ Graffiti လို့ ရိုက်ထည့်လိုက်ပြီး ပေါ်လာတဲ့ ပုံတွေကြည့်တယ်၊ အဲ့ဒီပုံတွေကို ရအောင် ကူးဆွဲတယ်။ အခုနောက်ပိုင်းတော့ နိုင်ငံတကာမှာ ဘယ်လိုတွေ ဆွဲနေကြတယ် ဆိုတာကို youtube မှာကြည့်ပြီး လေ့လာတယ်။

Voice : ဂရပ်ဖစ်တီနဲ့ပတ်သက်ပြီး အာကာကျော်ရဲ့ ပထမဆုံးလက်ရာက ဘာများဖြစ်မလဲ။

AKK : ကျွန်တော်စဆွဲခဲ့တဲ့ ပထမဆုံး လက်ရာကကြာပြီဗျ။ ဒီရွှေဂုံတိုင် နားမှာပဲ။ ဆေးဘူးနှစ်ဘူးရယ်၊ ကျွန်တော့် သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော့် နာမည်ကို ဆွဲခဲ့တာ။

Voice : သမ္မတအိုဘားမား မြန်မာနိုင်ငံ မလာခင် သူ့ရဲ့ပုံတူကို ဆွဲခဲ့သေးတယ်နော်၊ အဲ့ဒီအကြောင်း ပြောပြပေးပါဦး။

AKK : အိုဘားမားပုံကို မဆွဲခင် ကျွန်တော် ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ဆွဲခဲ့ သေးတယ်။ အိုဘားမားပုံ ကတော့ သူဒီကို လာမယ်ဆိုတဲ့ သတင်းက ကမ္ဘာမှာပျံ့နေတော့ ကျွန်တော့်အစ်ကိုနဲ့ တိုင်ပင်ကြည့်တယ်။ အစ်မတစ်ယောက်ကလည်း အကြံပေးတာနဲ့ ဒီပုံကို ဆွဲဖြစ်တာပါ၊ ကျွန်တော်တို့ နိုင်ငံက သူ့ကို ကြိုဆိုတယ်ဆိုတာ ပြတဲ့ အနေနဲ့ပေါ့ဗျာ။

Voice : ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပုံက ဘယ်တုန်းလောက်က ဆွဲခဲ့တာလဲ။

AKK : အဲ့ဒါကကြာပြီဗျ၊ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ဆွဲခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည် ပုံက အိမ်တစ်အိမ် ထဲမှာ ဆွဲခဲ့တာဆိုတော့ လူတွေသိပ်မသိ လိုက်ဘူး။ အဲ့ဒါ အခုရှိရင် ရှိနိုင်သေးတယ်။ ဦးသိန်းစိန်ပုံ ကတော့ ကမ်းနားလမ်းမှာ ဆွဲခဲ့တာ။ ကျွန်တော် မနက်ဆွဲတယ်၊ မနက်ပိုင်းမှာပဲ ဖျက်ခံရတယ်။ ဒီပုံနှစ်ခု လုံးက ညဖက်နှစ်နာရီ၊ သုံးနာရီလောက် မှာ ကျွန်တော်နေရာ လျှောက်ရှာပြီး ဆွဲခဲ့တာပါ။

Voice : ကိုယ်ဆွဲချင်တဲ့ အကြောင်းအရာ ရလာပြီဆို ဒီပုံတွေဆွဲဖို့ နေရာကျတော့ ဘယ်လိုရွေးချယ်လဲ၊ အချိန်ဘယ်လောက် ပေးရလဲ။

AKK : နေရာကတော့ ပုံဆွဲမယ့်နံရံပေါ် မူတည်တာပေါ့။ ဆေးအရမ်း စုပ်တာတို့ ဘာတို့ ရှိတော့လေ။ ဆေးသုတ်ထားတဲ့ နံရံတွေ များတယ်။ ပုံဆွဲတာကတော့ လူရှင်းတဲ့ အချိန်တွေ ဆွဲဖြစ်တယ်။ အချိန်ကတော့ အိုဘားမားပုံ ဆွဲတုန်းကဆို နှစ်နာရီလောက် ပေးရတယ်။

Voice : ပုံတွေ ဆွဲတဲ့အခါ အာကာကျော် တစ်ယောက်တည်း ဆွဲခဲ့တာလား။ ဘယ်သူ တွေက ကူညီကြသေးလဲ။

AKK : ကျွန်တော်နဲ့အတူ သုံးလေးယောက်လောက်တော့ ပါတယ်။ အဓိကက ကျွန်တော့် အစ်ကိုပါတယ်။ သူတို့ကဘေးကနေ အခြေအနေ စောင့်ကြည့်ပေးတယ်၊ ဥပမာ - ရဲလာပြီဆို ပုန်းလို့ရအောင် ကြည့်ပေးကြတယ်။ အန္တရာယ် ဖြစ်မှာတော့ စိုးရိမ်တာပေါ့နော်။ ဒါပေမဲ့ အတတ်နိုင်ဆုံး ဖြေရှင်းမယ်လို့ တွေးပြီး လုပ်ခဲ့တာပါ။

Voice : အခု ဒုတိယတစ်ခေါက် သမ္မတ ဦးသိန်းစိန်ပုံကို ဆွဲဖြစ်တာက ဘာကြောင့်လဲ။

AKK : သမ္မတကြီးကို ကျွန်တော်တို့ လူငယ်တွေကအစ လက်ခံတယ်ဆိုတဲ့ သဘောပါ။ သမ္မတကြီးက နိုင်ငံအတွက် အများကြီး လုပ်ပေးနေတယ်။ ဒီမိုကရေစီ လမ်းကြောင်းကို ဖြည်း ဖြည်းချင်း သွားနေတယ်။ အဓိကကတော့ ကျွန်တော်ဆို သမ္မတကြီးမွေးနေ့ကို သိတာ မကြာသေးဘူး၊ ကျွန်တော့်လိုပဲ ကိုယ့်နိုင်ငံ သမ္မတရဲ့ မွေးနေ့ကို လူတိုင်းသိစေချင်တယ်။ ဒီပုံဆွဲဖို့ ရွေးလိုက်တဲ့ နေရာကလည်း အဲ့ဒီဘက် က မနက်စောစော ရုံးတက်ပြီဆိုတာနဲ့ မြောက်ဥက္ကလာကလာတဲ့ လူတွေလည်း ရှိတယ်။ လူတွေအကုန်လုံး လှမ်းကြည့်လိုက် တာနဲ့ ဒီနေ့သမ္မတမွေးနေ့ ဆိုတာ သိစေချင်တဲ့ အတွက်ပါ။

Voice : ဒီပုံဆွဲဖို့အချိန် ဘယ်လောက် ယူခဲ့ရလဲ။

AKK : အဲ့ဒီပုံစဆွဲတာ အရမ်းနောက် ကျတယ်ဗျ၊ မနက် လေးနာရီလောက်ပေါ့။ လူတွေတောင် နည်းနည်းစည်နေပြီ၊ ကျွန်တော်ကြောက်လည်း ကြောက်တယ်၊။ အဲ့ဒီနားမှာ ဆိုင်ကယ် အရမ်းဖြတ်တော့ တော့်တော့်ကို ကြောက်ပြီးဆွဲလိုက်တာ ဆိုတော့ ပုံက Quality သိပ်မကောင်း လိုက်ဘူး။

Voice : သမ္မတကြီးပုံကို ဆွဲပြီး ဘယ်အချိန်လောက်မှာ အဖျက်ခံရတာလဲ။

AKK : နေ့လယ်တစ်နာရီလောက်မှာ လာဖျက်သွားတာပါ။

Voice : အာကာကျော် ဂရပ်ဖစ်တီ စဆွဲ တုန်းက ကျောင်းသားအရွယ်ပဲ ရှိသေး တာဆိုတော့ မှုတ်ဆေးဖိုးတွေ ဝယ်ဖို့ အခက်အခဲ ကြုံခဲ့ရတာရှိလား။

AKK : ကျွန်တော့် သူငယ်ချင်းတွေက ပုံဆွဲဖို့ ဆေးဘူးတွေ ဝယ်ပေးတယ်။ အဲဒီတုန်းက ကျွန်တော် ဒီလောက်ကြီး မဆွဲဖြစ်ဘူး။ ဆွဲဖြစ်လည်း စာအုပ်ထဲမှာပဲ ဆွဲတာ များတယ်၊ အပြင်မှာမဆွဲဖြစ်ဘူး။ အခုကတော့ ပုံဆွဲလို့ရတဲ့ငွေနဲ့ ကိုယ့်ဟာကိုယ် ဆေးဘူးတွေဝယ်ပြီး ဆွဲတယ်။

Voice : အာကာကျော်ရဲ့ ဇာတိက ဘယ်ကလဲ။ ပညာရေးပိုင်းကရော ဘယ်အထိ ရောက်နေပြီလဲ။

AKK : ကျွန်တော်ရဲ့ ဇာတိက ထားဝယ် ကပါ။ ပညာရေးကတော့ အနုပညာ တက္ကသိုလ်မှာ ပန်းချီမေဂျာ တက်တယ်။ စာမေးပွဲကျတော့ ကျောင်းထွက်ပြီး ခဏ နားထားတယ်။

Voice : စိုင်းစိုင်းမွေးနေ့ ရှိုး Billboard ကို ညီလေး ဆွဲတာလို့ကြားတယ်။ အရင်တုန်း ကတော့ ဝါသနာအရ ဆွဲတာပေါ့။ အခုက ဂရပ်ဖစ်တီနဲ့ ပတ်သတ်ပြီး Professional အဖြစ် ရပ်တည်သွားတော့မှာလား။

AKK : စိုင်းစိုင်းမွေးနေ့ရှိုး အပြင် ရန်ကုန် Expo 2013 အတွက် နောက်ခံ Background ကို လည်းဆွဲဖြစ်တယ်၊ Professional အဖြစ်ရပ်တည်ဖို့တော့ ဆုံးဖြတ်ထားပေမယ့် ကျွန်တော်က ဒီအဆင့် မရောက်သေးပါဘူး၊ ကြိုးစား နေတုန်းပါပဲ။ ကျွန်တော်က ဂရပ်ဖစ်တီကို မေဂျာအဖြစ် ထားခဲ့တာတော့ မဟုတ်ဘူး၊ ဝါသနာအရသာ ဆွဲခဲ့တာပါ။ ကျွန်တော် ငယ်ငယ်တည်းက ရူးရူးသွပ်သွပ် လုပ်နေတာ က ပန်းချီကားတွေ ရေးတယ်။ ဂရပ်ဖစ်တီ မဆွဲခင် ကတည်းက ပန်းချီကားတွေ အိမ်မှာ ရေးပြီးစုနေတယ်။ ကျွန်တော့်ရဲ့ Solo ပန်းချီ ပြပွဲကို ဒီနှစ်ထဲမှာ လုပ်ဖို့ကြိုးစားနေတယ်။ ဆွဲပြီးသား ပန်းချီကားက နှစ်ဆယ်ကျော် လောက်တော့ ရှိတယ်။ ဒီကားတွေထဲမှာ ဂရပ်ဖစ်တီနဲ့ ပတ်သက်တာတွေ ပါမယ်။ ပြီးတော့ Creation အဆန်းလေးတွေ လုပ်ထားတာရှိတယ်။

Voice : ဂရပ်ဖစ်တီပုံတွေကို ညဖက်မှာ အများဆုံးဆွဲဖြစ်တာ ဆိုတော့ ဘယ်လို အခက်အခဲ တွေကြုံရသေးလဲ။

AKK : ညဘက်က အခက်အခဲတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ရဲတွေဘာတွေ တွေ့မှာကြောက်တယ်၊ ကျွန်တော်ဂရပ်ဖစ်တီ ဆွဲတဲ့ အိမ်ရဲ့ပတ်ဝန်းကျင် တစ်ခုခုဖြစ်သွား မှာ ကြောက်တယ်။

Voice : စည်ပင်က အများနဲ့ဆိုင်တဲ့ နေရာတွေမှာ ဂရပ်ဖစ်တီ မဆွဲရဘူးလို့ ဥပဒေ ထုတ်ထားတဲ့ အပေါ်ဘယ်လိုမြင်လဲ။

AKK : ဒါကသူတို့ဘက်က ကြည့်ရင်တော့ လုပ်သင့်ပါတယ်။ ကျွန်တော်တို့ဘက် ကလည်း ပုံဆွဲတဲ့နေရာမှာ ဖျက်လိုဖျက်ဆီးတော့ မလုပ်သင့်ဘူးပေါ့။ ဂရပ်ဖစ်တီဆွဲဖို့ အတွက် နေရာတစ်ခုတော့ သတ်မှတ်ပေး စေချင်တယ်။ ဒါပေမဲ့ နေရာပေးလိုက်ရင်လည်း ဒါနဲ့ပတ်သက်ပြီး Side Effects တွေ ရှိလာနိုင်တယ်။ ကျွန်တော်ဆွဲထားတဲ့ ပုံပေါ်မှာ တစ်ယောက်က ထပ်ဆွဲရင် ပြဿနာ တက်လာနိုင်တာတွေ ရှိတယ်။ နေရာလုရတာတွေ ရှိလာမယ်။ ဘာလုပ်လုပ် အဆင်ပြေမှာ မဟုတ်ဘူး။ အဲ့ဒီအတွက် ခိုးဆွဲနေရတာပဲ ကောင်းပါတယ်။

Voice : ကိုယ်ပုံတွေ ခိုးဆွဲတဲ့အိမ်တွေကို သူတို့အိမ်မှာ ဒီလိုပုံတွေ လာဆွဲတာကို ကြိုက်ချင်မှ ကြိုက်မှာလေ၊ ပုံတွေမဆွဲခင် ဒီအချက်ကိုရော တွေးမိလား။

AKK : တွေးတော့ တွေးမိပါတယ်၊ ဒါပေမဲ့ ကိုယ့်ဟာကိုယ် မြှောက်ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော်က လှအောင်ပဲ လုပ်တာ။ ကျွန်တော်ဆွဲထားတဲ့ပုံက နည်းနည်းကြည့်လို့ ကောင်းနေရင်တော့ အဲဒီအိမ်က ပုံဆွဲသွားလို့ နည်းနည်းတော့ ဒေါသထွက်မယ်။ ဒါပေမဲ့ အိမ်ရှင်တွေက ပုံကကြည့်လို့ရလို့ တော်သေးတယ်ဆိုတာ မျိုးဆို ကျွန်တော် ကျေနပ်ပါတယ်။

Voice : အခုအာကာကျော် ဂရပ်ဖစ်တီ ဆွဲခဲ့တဲ့သူတွေက အထင်ကရ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်လေ။ သူတို့ပုံတွေကို ဆွဲဖို့ ရွေးချယ်ခဲ့တာက ဒီပုံတွေနဲ့တွဲပြီးကိုယ့် လက်ရာကို ပိုပြီး လူသိများလာမယ် ထင်လို့လား။

AKK : အဲလိုကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော်က သူတို့ကို Appreciate လုပ်တာပါ၊ ပထမဆုံး စဆွဲတုန်းကဆို လူတွေက ကျွန်တော့်ကို အဲ့လိုထင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်က ဖားတဲ့သဘောနဲ့ လုပ်တာ မဟုတ်ဘူး၊ ဘာမျှော်လင့်ချက်မှလည်း မရှိဘူး၊ ခုနောက်ပိုင်းဆွဲတဲ့ ပုံတွေမှာ ကျွန်တော့် နာမည်တောင် မထိုးတော့ဘူး။ ပထမဆုံး သမ္မတဦးသိန်းစိန်ပုံ စဆွဲတုန်းကဆို သူ နိုဘယ်လ်ဆု ရမယ်လို့ သတင်းကြားတယ်ဗျာ။ ဒါ ကိုယ့်နိုင်ငံသမ္မတ ဖြစ်တဲ့အတွက် ကျွန်တော်တို့က Appreciate လုပ်ရမှာ။ အဲဒီ့တော့ ဂုဏ်ပြုတဲ့ အနေနဲ့ သူ့ပုံဆွဲလိုက်တာ။ အဲ့ဒါ ဆွဲပြီးတော့ ကျွန်တော် နာမည်နည်းနည်း ရလာတယ်။ အဓိက ကျွန်တော့်အစ်ကို မြှောက်ပေးတာလည်း ပါတယ်။ ဘာဖြစ်လဲ ဆွဲပေါ့။ ကျွန်တော်လုပ်တဲ့ပုံက ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တဲ့ပုံတော့ ပေါက်ချင်ပေါက် နေမှာပေါ့ဗျာ။


The Voice Weekly
https://www.facebook.com/photo.php?fbid=158360704333724&set=a.13175070032805

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...