စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြောက်စိတ်ကင်းစွာ နေထိုင်ခြင်း



သင့်ရဲ့ အကြီးမားဆုံး ကြောက်စိတ်က ဘာလဲ?

ကြောက်စိတ်ဟာ အလွန်ပြင်းထန်တဲ့ စိတ်ခံစားမှုတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ကြောက်စိတ်ဟာ လူတွေကို သူတို့ စွမ်းအားရှိသလောက် မလုပ်နိုင်စေတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

လေးဘက်ထောက် ကလေးအရွယ်တုန်းက ကျနော်တို့ ခြေလှမ်းစမလှမ်းနိုင်ခင်မှာ လဲကျမှာကို ကြောက်ခဲ့ကြတယ်။ ကလေးတစ်ယောက်အဖို့ လဲကျတာဟာ ဘယ်လောက် ကြောက်စရာကောင်းလိုက်သလဲ။ ကျနော်တို့အားလုံး ပထမဆုံးခြေလှမ်းမှာ လဲကျဖူးကြပါတယ်။ ဒါပေမယ့် ကျနော်တို့ နောက်ထပ် တစ်လှမ်း လှမ်းတယ်။ ပြီးတော့ နောက်တစ်လှမ်း။ တစ်ဖြေးဖြေး တွားသွားရင်း၊ လှမ်းရင်း နဲ့ နောက်ဆုံးမှာတော့ ပြေးနိုင်လာတယ်။

အကယ်၍သာ လဲကျမှာကိုကြောက်ပြီး ပထမဆုံးခြေလှမ်းကို မလှမ်းခဲ့ဘူးဆိုရင် ဘာဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပါ။

စဉ်းစားလို့တောင် မရပါဘူး။ ပြီးတော့ ကျနော်တို့အများစုဟာ ဘ၀မှာ နောက်ထပ် အဲဒီလို ပထမခြေလှမ်းတွေကို လှမ်းဖို့ ငြင်းဆန်ကြတယ်။ တစ်နေရာမှာ ကျနော်တို့ အားကုန်သွားတယ်။ ကြောက်စိတ်ကို ကျနော်တို့ဘ၀တစ်ခုလုံးကို လွှမ်းမိုးဖို့၊ ကျနော်တို့ ဘာမှ မလှုပ်ရှားနိုင်ဖြစ်အောင် လုပ်ဖို့ အနိုင်ပေးလိုက်ကြတယ်။ ကျနော်တို့ဟာ အဲဒါထက်ပိုပြီး ထိုက်တန်ပါတယ်။ ကျနော်တို့ဟာ ကြောက်စိတ်တွေကင်းတဲ့ဘ၀၊ ပြည့်ဝတဲ့ဘ၀နဲ့ ထိုက်တန်ပါတယ်။ ကြောက်စိတ်ကို ဖျောက်ဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းတစ်ခုကဘာလဲ?

ကျနော်တို့ကြောက်တဲ့ အရာတွေကို လုပ်ကိုင်ဖို့ပါပဲ။

မကြာခင်ကပဲ ကျနော်ဟာ နေ့စဉ်နေ့တိုင်း ကျနော် ကြောက်တဲ့အရာတစ်ခုကို လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်လိုက်တယ်။

တစ်ခါတစ်ရံမှာ ကျနော်ရှုံးနိမ့်တယ်။ တစ်ခါတစ်ရံမှာ ကျနော်အောင်မြင်တယ်။ ကျနော် အောင်မြင်တဲ့အခါတိုင်းမှာ အဲဒါဟာ အင်မတန် ထူးကဲတဲ့ ခံစားမှုပါပဲ။ ကျနော် ကြောက်နေတဲ့အရာတစ်ခုကို လုပ်နိုင်သွားလို့ တအံ့တသြ ခံစားရတယ်။ ရလာဒ်ကဘာလဲဆိုတော့ ကျနော့်မျက်လုံးတွေရှေ့မှာ ကာကွယ်နေတဲ့ အဟန့်အတားတွေ ကွာကျသွားတာပါပဲ။ ရုတ်တရက်ဆိုသလို၊ ကျနော်ဟာ ဖြစ်နိုင်ခြေအသစ်တွေကို တွေ့မြင်ရတယ်၊ ပြီးတော့ ဘယ်တုန်းကမှ ဖြစ်နိုင်မယ်ထင်မထားတဲ့ အရာတွေကို ကျနော် လုပ်နိုင်တယ်လို့ ယုံကြည်သွားတယ်။ ပိုပြီး ခက်ခဲတဲ့ ရည်မှန်းချက်တွေကိုတောင် ကျနော်ချမှတ်လိုက်တယ်။ 


တစ်ခါတစ်ရံ ရှုံးနိမ့်လိုက်၊ တစ်ခါတစ်ရံ အောင်မြင်လိုက်။ ဒါကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းက လဲကျရတာ၊ ကြိုးစားရတာဟာ ရှက်စရာမဟုတ်ဘူးလို့ သင့်ကို သဘောက်ပေါက်လာစေတယ်။ အောင်မြင်ဖို့အတွက် ကျနော်တို့ဟာ ရှုံးနိမ့်ကြရမှာပါပဲ။ လမ်းလျှောက်သင်ခါစ ကလေးဘ၀တုန်းက ကြုံတွေ့ခဲ့ရသလိုပါပဲ။ အဆုံးသတ်မှာ ပြေးနိုင်ဖို့အတွက် အစမှာတော့ တွားသွားခဲ့ကြရတယ်။ တွားသွားရတာ၊ လဲကျတာ၊ တစ်ဖန်ပြန်စတာဟာ ရှက်စရာမဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့ကို လူသားတစ်ဦးအဖြစ် ကြီးထွားလာစေတဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။

ဒါကို ပြုလုပ်တဲ့အခါမှာ၊ အောင်မြင်မယ် ရှုံးနိမ့်မယ်ဆိုတာဟာ အရေးအကြီးဆုံးအရာ မဟုတ်ဘူးဆိုတာကိုလည်း ကျနော် တွေ့ရှိခဲ့တယ်။ အရေးအကြီးဆုံးအရာကတော့ အဲဒါကို မလုပ်နိုင်ဘူးလို့ ထင်နေတဲ့ ကျနော့်ရဲ့ ကြောက်စိတ်ကို အနိုင်ယူလိုက်နိုင်ခြင်းပါပဲ။ ဒါဟာ ကျနော့်ရဲ့ ပထမဆုံး တွားသွားတာနဲ့တူတယ်။ ကျနော် လဲကျချင်ကျမှာပဲ၊ ဒါပေမယ့် လဲကျပြီးတဲ့နောက် အဲဒါဟာ ကျနော် ထင်သလောက် မဆိုးရွားဘူးဆိုတာ သဘောက်ပေါက်လာတယ်။ ဒီတော့ ကျနော် ဆက်ပြီး တွားသွားတယ်၊ နောက်ဆုံး ကျနော်ဟာ လမ်းလျှောက်နိုင်၊ ပြေးနိုင်လာတဲ့အထိပေါ့။ လူတိုင်းလူတိုင်းဟာ ဒီ လွတ်လပ်ခြင်းကို ခံစားဖို့ ထိုက်တန်ပါတယ်။ မျက်နှာရှေ့တည့်တည့်က ကြောက်စိတ် နဲ့ သူ့ရဲ့လှည့်စားမှုတွေကို စိုက်ကြည့်နိုင်တဲ့ ခံစားမှု။

သင့်ကိုယ်သင် လဲကျဖို့ အခွင့်အလမ်းပေးပါ။ ဒါဟာ သင့်ကို နာကျင်စေနိုင်တယ်၊ ဒါပေမယ့် အချိန်နဲ့အမျှ သင့်ကို ခွန်အားဖြစ်စေ၊ သန်မာစေပါလိမ့်မယ်။

ကြောက်စိတ်ကို ကျော်လွှားဖို့ဆိုတာ ကျနော်တို့ ဘ၀တွေရဲ့ အကြီးမားဆုံး တိုက်ပွဲတွေထဲက တစ်ခုပါပဲ။ နေ့စဉ်ဘ၀မှာလည်း ကြောက်စိတ်ကို ကျော်လွှားပြီး တိုက်ပွဲငယ်လေးတွေကို အောင်နိုင်ဖို့ ကြိုးစားကြရပါမယ်။ ဒါက ခံနိုင်ရည်ကို တည်ဆောက်ပေးတယ်။ ပြီးတော့ ကျနော်တို့ရဲ့ ဘ၀ထဲကနေ ကြောက်စိတ်ကို ဖယ်ထုတ်ပေးတယ်။

ဒီနေ့ကစပြီး ကြောက်စိတ်ကင်းစွာ နေထိုင်လိုက်ပါ။ သင် လုပ်ရမှာကြောက်နေတဲ့ အရာတစ်ခုကို ချရေးလိုက်ပါ။ ပြီးတော့ အဲဒီအရာကို လုပ်ပါ။ လဲကျခဲ့ရင်လည်း သင့်ကိုယ်သင် ပြန်ထူပါ၊ နောက်တစ်ကြိမ် ပြန်လုပ်ပါ။ သင် အဲဒီအရာကို ကြောက်နေတဲ့စိတ်ကို အနိုင်ယူနိုင်တဲ့အထိ ထပ်ခါထပ်ခါ ပြုလုပ်ပါ။

ဒီဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။

`မကြောက်အောင်ဆိုတာ ကိုယ့်မှာ ခံယူချက်တစ်ခုရှိရမယ်။
ကိုယ်ကြောက်တဲ့စိတ်ထက် ပိုပြီးပြင်းထန်တဲ့ စိတ်တစ်ခုကို မွေးရမယ်။
ကိုယ်ကြောက်တဲ့စိတ်ထက် ပိုပြီးတော့ လုပ်ချင်တဲ့စိတ်က များရမယ်။
ဒီလို စိတ်ဓာတ်တွေမွေးမှ ရမှာပဲ´

ကြောက်စိတ်တွေ ပြီးဆုံးသွားတဲ့အခါ ဘ၀ဟာ စတင်ပါတယ်။

source : Fearless Living: Do What You Are Afraid to Do by Nmachi Jidenma
ref : yourlifesuccess.blog.com

https://www.facebook.com/photo.php?fbid=412766635487840&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...