စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်ဦးနှောက်တွင် အားကစားချစ်စိတ် စွဲမြဲလာစေရန်




ကိုယ့်ခန္ဓာကိုယ် အချိုးအစားကျပြီး စမတ်ကျကျ ကြည့်ကောင်းနေဖို့ဆိုရင် အာဟာရနဲ့ အားကစားကို ဟန်ချက်ညီညီ အသုံးပြုဖို့ လိုအပ်ပါတယ်။ အားကစား လုပ်ခြင်းကြောင့် ရလာနိုင်တဲ့ အကျိုး ကျေးဇူးတွေကို သင့်ဦးနှောက်က လက်ခံသဘောကျမှသာ ဆက်လက်ပြီး အားကစားပြုလုပ်ချင်စိတ်ရှိလာမှာ ဖြစ်ပါတယ်။

အားကစားပြုလုပ်တဲ့အတွက် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုတော့ သိကြပြီး ဖြစ်ပေမယ့် အားကစား အစီအစဉ်တစ်ခုကို ပုံမှန်ပြုလုပ်ဖို့ အစပိုင်း တွန်းအားလိုနေ တတ်ပါတယ်။ အားကစားကို တကယ်ချစ်ခင်တဲ့သူတွေမှာတော့ အားကစား မလုပ်ရရင် မနေနိုင်တဲ့အထိ သဘောကျနေတတ်ပါတယ်။ အဲဒီလို ဖြစ်နေဖို့ရာ အတွက် အားကစားအကြောင်း တွေးတော စဉ်းစားသင့်တဲ့ နည်းလမ်းသုံးသွယ်ရှိပါတယ်။

Tips (1)
သင့်တော်တဲ့ အာဟာရရှိရင် အားကစားလုပ်တာက ကြည်နူးမှု ပေးတယ်
အားကစားလုပ်နိုင်တဲ့ စွမ်းအင်ရဖို့ အတွက် လုံလောက်တဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအစာစားပေးဖို့လိုပါတယ်။ ကြွက်သားတွေအတွက် အဓိက လောင်စာက ကာဗိုဟိုက်ဒရိတ်ကနေရတဲ့ ဂလူးကို့စ်ဓာတ်ဖြစ်တာကြောင့်ပါ။ ကာဗိုဟိုက်ဒရိတ်မရှိရင် သင်ဟာ အားကစားလုပ်နေချိန်မှာ ကြွက်သားတွေ အချိန်တိုအတွင်း နာကျင်တာနဲ့ ပင်ပန်းနွမ်းနယ်တာတွေကို ခံစားရတတ်ပါတယ်။

အဲဒီအခါမှာ နောက်တစ်ခါအားကစားလုပ်ရမှာကို ကြောက်လန့်သွားနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျချင်လို့ဆိုပြီး ကာဗိုဟိုက်ဒရိတ်ကို လုံးဝ မစားဘဲ မနေပါနဲ့။ အားကစားလုပ်တဲ့အချိန် ဆာလောင်ပင်ပန်းမှု မဖြစ်အောင် တစ်နေ့သုံးနပ် အစာစားတာနဲ့ သရေစာ နှစ်ကြိမ် စားပေးတာတွေကိုပါ လိုက်နာပေးပါ။ သက်လုံကောင်းစေဖို့ရာအတွက် ကယ်လိုရီ ၁၅၀-၂၀၀ ပါဝင်တဲ့ သရေစာကို အားကစားမလုပ်ခင် နာရီဝက်၊ တစ်နာရီအလိုမှာ စားပေးပါ။

စားသင့်တဲ့ သရေစာကို ဥပမာအနေနဲ့ ပြောရရင် မြေပဲထောပတ် ဒါမှမဟုတ် အခွံမာသီး ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ပန်းသီးတစ်လုံး ဒါမှ မဟုတ် ခရက်ကာမုန့် ခြောက်ချပ်နဲ့ အဆီနည်း ဒိန်ခဲအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

Tips (2)
အားကစားကို ငွေကြေး စုဆောင်းသလို သဘောထားနိုင်တယ်
ဘဏ်မှာငွေစုရင် အတိုးရော အရင်းပါရတဲ့အတွက် သင့်မှာရှိတဲ့ငွေက တိုးလာပါတယ်။ အားကစားလုပ်တာကိုလည်း အဲဒီလို သဘောထားပါ။ နေ့စဉ်အားကစားလုပ်ရင်း ပိုမိုကြံ့ခိုင်လာလေလေ အားကစားလုပ်ချိန်နဲ့ လုပ်ပြီးချိန်မှာ ကယ်လိုရီ လောင်ကျွမ်းနှုန်း များပြီး ခန္ဓာကိုယ်အချိုးကျလာလေလေဖြစ်မှာပါ။ အားကစားလုပ်တဲ့အတွက် ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာတဲ့ အကျိုးကျေးဇူးအပြင် စိတ်ပေါ့ပါးလန်းဆန်းခြင်းနဲ့ အရွယ်တင် နုပျိုလှပခြင်းဆိုတဲ့ အတိုးကိုပါ ရရှိပါလိမ့်မယ်။

အားကစားလုပ်တာဟာ ကြွက်သားတွေကို တည်ဆောက်ပေးပါတယ်။ ကြွက်သား တည်ဆောက်တာဟာ ကယ်လိုရီကို လောင်ကျွမ်းစေတာပဲ ဖြစ်လို့ အဝမလွန်အောင် ထိန်းသိမ်းနိုင်ပါတယ်။ တကယ်လို့ အားကစားလုပ်ဖို့ အစီအစဉ်မရှိသေးရင်တောင် လမ်းလျှောက်ခြင်းလို လွယ်ကူပေါ့ပါးတဲ့ အားကစားလုပ်ပါ။ လေ့လာမှု တစ်ရပ်အရ လမ်းလျှောက်ခြင်းဟာ အစာစားချင်တဲ့ ဆန္ဒကို အလွန်အကျွံမဖြစ်အောင် ထိန်းသိမ်း ပေးကြောင်း သိရပါတယ်။

Tips (3)
ကိုယ်ခန္ဓာကိုယ်ကို လေ့လာပြီး အားကစားရဲ့ အကျိုးကျေးဇူးကို ဆန်းစစ်ပါ
အားကစားလုပ်တာကောင်းကြောင်း သူများပြောတာကို မယုံရင်တောင် ကိုယ့်ဘာသာ အားကစားလုပ်ကြည့်ပြီး ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓာကိုယ်ကို လေ့လာဆန်းစစ်ကာ သိနားလည်အောင် ကြိုးစားပါ။ အားကစားလုပ်တဲ့အခါ အောက်ပါ အကျိုးကျေးဇူးတွေ သိသိသာသာ ရရှိနိုင်ပါတယ်။
- စိတ်ဓာတ်ကျခြင်း လျော့ပါးစေတယ်။
- ခန္ဓာကိုယ် ဟန်ချက်ညီပြီး ယိုင်နဲ့တာတွေ မဖြစ်လွယ်ဘူး။
- သွားလာနေထိုင်ရတာ ပေါ့ပါးသွက်လက်စေတယ်။
- အသားအရေ စိုပြေကျန်းမာစေတယ်။
- အဆုတ်နဲ့ နှလုံးကျန်းမာပြီး အမောခံနိုင်စေတယ်။
- နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေတယ်။

Ref: Good Health

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...