စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပထမဇောများလားနော်

http://blogs.softchoice.com/microsoftnavigator/files/2010/12/present.jpg

             ထိုင်စဉ်းစားရင်း လက်ချိုးရေကြည့်လိုက်တော့ အော နောက်ထပ် ငါးရက် ဆိုရင် ငါ့အသက် တစ်နှစ်ထပ်တိုးရတော့မှာပါလားနော်။ တဖြည်းဖြည်း နဲ့ တော့ သေရန်တစ်နှစ်နီးလာပြန်ပါပေါ့လား။ ဒီနှစ် မွေးနေ့ကျရင် နင်ဘာတွေ လုပ်ချင်ပါသလဲလို့ ကိုယ့်စိတ်ကလေးကို မေးကြည့်မိသည်။ အင်း အရင်ဆုံးက တော့ မြတ်စွာဘုရားကို ကိုယ်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်မည်။ နောက် တရားဖြင့် ပူဇော်မည်။ နံက်ဆွမ်းခံ ကြွလာသမျှ သံဃာတော်များအားလုံးကို ဆွမ်းနှင့် ကြက်သားကြော် လောင်းလှူမည်။ ပြီးရင် မိဘ နှစ်ပါးကို ကိုယ့် လုပ်အားခဖြင့် တတ်အားသ၍ ပူဇော်ကန်တော့မည်။ အိမ်မိသားစုကို စားသောက်ဖွယ် တစုံတရာဖြင့် ကျွေးမွေးမည်။ အင်း နောက်ဆုံး အစီအစဉ်က တော့ အမြဲကူညီဆောင်ရွက်ပေးကြကုန်သော တပည့်လေးများအား မဲဖောက် ၍ လက်ဆောင်ပစ္စည်းများ ပေးအပ်မည်။ ဒါတွေလုပ်ချင်သည် ဆိုသော အဖြေ ထွက်လာပါတယ်။

           ဒါဆို တပည့်ကလေးများကို ဘာလေးများလက်ဆောင် ပေး ရပါ့လို့ ဆက်တွေးလိုက်တော့ အင်းသူတို့တွေက ငယ်လည်းငယ်သေးတယ်၊ နောက်ပြီး မိန်းကလေးလည်းဖြစ်တယ် ဆိုတော့ အင်း လှတ ပတ လေးတွေ တော့ မဲဖောက်ပေးမှဖြစ်မယ်လို့ စဉ်းစားမိတယ်လေ။ ဒါနဲ့ မွေးနေ့ မရောက်ခင် အရင်ဈေးဝယ်ထွက်ရပါတယ်။ ၀ယ်ဖြစ်သွားသော ပစ္စည်းလေးတွေကတော့ ဒေါက်ဖိနပ်လေးရယ် ၊ အိတ်လှလှလေးရယ် ၊ နောက်တော့ အပေါ်ဝတ် အနွေး ထည်သဘောမျိုး ကုတ်အင်္ကျီအလှလေးရယ်၊ ပြီးတော့ အင်္ကျီလက်တို လှတ ပတလေးရယ် စသဖြင့်ပေါ့ ။ အားလုံးကို စိတ်တိုင်းကျလည်း ၀ယ်ပြီးရော ဒါလေးကတော့ ဘယ်သူနဲ့ဆို အတော်ပဲရယ်လို့ တွေးပြီးပျော်နေမိပါတယ်။ အဲ အရေးအကြီးဆုံးလက်ဆောင် ပစ္စည်းလေးလည်း ထည့်ဦးမှပဲ ဆိုပြီး အပြေး အလွှား ၀ယ်လိုက်ရတဲ့ အရာကတော့ ဓမ္မ စာအုပ်လေးတွေပါပဲ။ သူတို့ နဲ့ကိုက် ညီနိုင်မယ့် ဓမ္မ စာအုပ်လေးတွေကို တစ်ဦး တစ်အုပ်နှုန်း ၀ယ်ပြီး စာတန်းလေး တွေပါကပ်လို့ မဲဖောက်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။

   ဒါပေမယ့် မွေးနေ့ ရောက်ဖို့က စောင့်ရပေဦးမယ် ဆိုတော့ စိတ်ထဲမှာ မစောင့်ချင်တော့ ခုပဲ ပေးချင်လှပြီ။ သူတို့ ပစ္စည်းလေးတွေကို ဘယ်သူကများ ဘယ်ပစ္စည်းလေးရမှာပါလိမ့်ဆိုတာ သိချင်လှပီ။ သူတို့လေးတွေ ဒီပစ္စည်းလေးတွေပိုက်လို့ ပျော်နေတာကိုမြင်ချင်လှပြီလေ။ ဒါနဲ့ပဲ ထိန်းမရသော သဒ္ဓါစိတ်တို့က ယိုဖိတ် ကျလာပါပြီ။ ဒါနဲ့ပဲ မွေးနေ့ထိ မစောင့်နိုင်တော့ပဲ နက်ဖန်ကိုပဲ မဲဖောက်မယ့် အစီအစဉ် စကြမယ်နော်လို့ ကြေငြာခဲ့တယ်။ ကဲ ကြည့်ပါဦး။ ဘယ်လောက် ပေးချင်စရာကောင်းလဲဆိုတာ။ သူတို့ကိုမဲဖောက်ပေးမယ်လို့လည်း ကြေငြာ လိုက်ရော သူတို့လေးတွေမှာ ထအော်ကြပါရော။ နောက်ပြီး ဘာများကျမှာပါ လိမ့်ဆိုတဲ့ အတွေးလေးတွေနဲ့ ကြိုပျော်နေကြလေရဲ့။ ဒါနဲ့ပဲ သူတို့လေးတွေ အားလုံးကို နက်ဖန် (၁၀)နာရီကို လာကြဖို့ ချိန်းထားလိုက်ပါတယ်။

ကလင်…ကလင်…..ကလင်….ကလင်….

          ဖုန်းသံကြားလိုက်လို့ ဖုန်း ကိုင်လိုက်တယ်ဆိုရင်ပဲ အဆက်အသွယ်ပြတ် နေတာ ကြာပြီဖြစ်သော ရန်ကုန် မှ အန်တီ တစ်ယောက်ဆီက ဖုန်းဖြစ်နေပါတယ်။ “ဟဲလို”…အော “သမီး လား….” “ဟုတ်ကဲ့ပါ…”.ဆိုတော့ “သမီးလေး ပစ္စည်းတွေရလား”လို့ အန်တီ့ ဆီက မေးသံကို ကြားလိုက်ရပါတယ်။ “ရှင်..အန်တီ ဘာကိုပြောတာပါလဲ ”လို့ ပြန်မေးလိုက်တော့ အန်တီက မန်းကိုသွားမယ့် လူကြုံရှိတာနဲ့ သမီးကို သတိရပြီး လက်ဆောင်ပစ္စည်းလေးတွေ ထည့်ပေးလိုက်ကြောင်း၊ အဲဒီ ထည့်ပေးလိုက်တဲ့ လွယ်တဲ့ အိတ်ကလေးက အန်တီ ကမ္ဘောဒီးယားက ၀ယ်လာတာဖြစ်ကြောင်း၊ နောက်ပြီး အင်္ကျီ အနွေးထည်လေး ကလည်း ယိုးဒယားက မိတ်ဆွေက လက်ဆောင် ၀ယ်လာပေးတာဖြစ်ကြောင်း ၊ နောက် တော့ ဖိနပ်ကလေးကလည်း သမီး စီးရအောင် ထည့်ပေးလိုက်တယ် ဆိုတဲ့အကြောင်း၊ ပါတိတ်လုံချည်လေးလည်း ချုပ်ဝတ်ပါနော်ဆိုပါလား။
အင်း နားထောင်ရင်းနဲ့ အံ့သြမိနေပါတယ်။

ဘာလို့လဲဆိုတော့ တပည့်လေးတွေကို မဲဖောက်ပေးဖို့ လုပ်ထားတဲ့ ပစ္စည်း စာရင်းတွေနဲ့ တိုက်ဆိုင်နေလို့ပါပဲ။ ဒါနဲ့ပဲ ဆက်နားထောင်လိုက်တော့ အမလေး…ဘာပြောကောင်းမလဲနော်။ နောက် ထပ် သူက ဘာထပ်ပြောလိုက်လဲ ဆိုတာလည်း ကြည့်ပါဦးတော့။ သမီးဖတ်ဖို့ တရား စာအုပ်လေးရယ်၊ နောက် တရားခွေတွေရယ်လို့လည်း ပြောလိုက် ရော… ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ရပါတယ်။ ကဲ မတိုက်ဆိုင်လွန်း ပေဘူးလားနော်။ ကိုယ်ကလည်း တပည့်လေးတွေ အတွက် ဥာဏ်အလင်း လေးရစေဖို့ ဆိုပြီးမှ ပစ္စည်းလေးတွေ နဲ့အတူ တရားစာအုပ်လေးတွေပါဝယ်ပြီး ထည့်လို့ အဆင်သင့်တောင်လုပ်ထား ပြီးပါပြီနော်။ ခုက ဘယ်လိုများ ဒီအတိုင်းကို ဖြစ်နေရပါလိမ့်လို့ ကိုယ့်ဘာကိုယ်သာ အံ့အားတွေသင့်နေပါတော့တယ်။ ကြည့်စမ်း သူများကို ရစေချင်တဲ့ စေတနာရဲ့ဇောတွေ အကျိုးပေးပုံများ မမြန်လွန်း ပေဘူးလားနော်။
ကိုယ်ကသူတို့လေးတွေအတွက် လက်ဆောင်ပစ္စည်းလေးတွေဝယ်ပြီး ပီတိတွေ ဖြစ်နေရတဲ့ ကုသိုလ်ဇော တွေက ဘယ်လောက်တောင် အရှိန်အဟုန်ကြီးလိုက်သလဲလို့ ။ အော် ပထမဇော ရဲ့ အကျိုးပေးပုံက (၇)ရက်၊ (၇)လ၊ (၇)နှစ် အတွင်းလို့ ဆိုထား တာနော်။ အင်းကိုယ့်ကျတော့ (၇) နာရီ အတွင်းလို့တောင် ပြောရမလိုဖြစ် နေပါပြီ။

နောက်နေ့ရောက်တော့ (၁၀)နာရီမှာပဲ တပည့်လေးတွေကို မဲဖောက်ခြင်း အစီအစဉ်လုပ်ပေးခဲ့တယ်။ အဲဒီမှာလည်း ထူးခြားလိုက်တာ သူတို့ကျတဲ့ မဲနဲ့ သူတို့လိုချင်တာလေးတွေ တထပ်တည်းကျနေသလို ဖိနပ်ကစ တိုင်းဝယ် ထားတဲ့အတိုင်း အကုန်ကို ကွက်တိလေးတွေ ဖြစ်နေတာကြောင့် အားလုံးပျော် မြူးနေကြပါတယ်။

အဲဒီမှာပဲ အားလုံးကို တီချယ် ထူးခြားတာလေး ပြောစရာ ရှိတယ်ဆိုပြီး ရန်ကုန်က အန်တီတစ်ယောက်က ပို့လိုက်တယ်ဆိုတဲ့ အ ကြောင်း နဲ့ ပို့ပေးလိုက်တယ်ဆိုတဲ့ ပစ္စည်းတွေကို ပြောပြလိုက်တော့ သူတိုလည်း အံ့သြ ၀မ်းသာဖြစ်ကြရပါတယ်။ အဲဒီမှာပဲ ဘာကြောင့်ဒီလိုတွေ ဖြစ်ရ သလဲဆိုတဲ့ အကြောင်းအရင်းဖြစ်တဲ့ ဇော(၇)ဇောလေးတွေရဲ့ အကျိုးပေးပုံ တရားလေးပါ သူတို့အားလုံးကို မုန့်ကျွေးရင်း ပြောပြခဲ့ပါတယ်။

အင်း အဲလိုပါပဲ ကောင်းတာလုပ်ရင် ကောင်းတဲ့ဇောတွေရဲ့ အကျိုး ပေးကိုခံကြရမှာ ဖြစ်သလို မကောင်းမှု အကုသိုလ်မှာလည်း မကောင်းတဲ့ဇော တွေရဲ့ ဆိုးကျိုးတွေကို မလွဲမသေ ပြန်ခံကြရပါမယ်ဆိုတဲ့ အနှစ်ကလေးကို ဝေဌရင်းနဲ့ပဲ ပထမဇောရဲ့ လက်ငင်းအကျိုးပေးပုံလေးကို ကိုယ်တွေ့လေးနဲ့ ယှဉ်လို့ ဝေမျှလိုက်ပါတယ်နော်။

မှတ်ချက်။ ။ အဲလောက်တိုက်ဆိုင်မှုအပေါ် ပထမဇော အကျိုးပေးတာလို့ ယူဆမိတာမို့ ခုလို မှတ်တမ်းလုပ်ထား လိုက်ခြင်းဖြစ်ပါသည်။ သို့သော် ပထမဇောသည် ဘယ်လိုအချက်တွေကိုက်မှ အကျိုးပေးသလဲဆိုတာကိုတော့ စာပေမှာ ပြန်လည်ရှာဖွေလို့ စမ်းစစ်ရပါဦးတော့မည်။ ဆွေးနွေးခန်းမှာလည်း မေးမြန်းကြည့်ဖို့ မေးခွန်းတစ်ခုဖြစ်လာရပါပြီ။

စောသဇင်(မန္တလေး)
 http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A328245

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...