စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မလိဝမ်း သဘာဝရေတံခွန်နှင့် သဘာဝရေပူစမ်း တွင် အပန်းဖြေနိုင်

           





မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့မှ မြောက်ဘက်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်းသွားသော် ၂၅ မိုင်အကွာတွင် ကျေးရွာလေး တစ်ရွာရှိသည်။ ထိုကျေးရွာလေးအမည်ကို ''မလိဝမ်း''ဟုခေါ်သည်။ ၁၇၅ဝ ပြည့်နှစ်ဝန်းကျင်ခန့်က ပါချန်မြစ်ရိုးချောင်းဖျားဒေသများသို့ ရေကြည်ရာ မြက်နုရာရှာဖွေကြရင်း ထိုင်း-ရှမ်း၊ ပသျှူး၊ ဆလုံနှင့် လူနည်းစု မြန်မာလူမျိုး များသည် အခြေချနေထိုင်ကြရန် နယ်ပယ်ရှာဖွေကြရင်း တစ်နေ့တွင် ဇွန်ပွင့် တောပန်းလေးများ အစီစီအရီရီပွင့်ဖူးနေသည့် ကျယ်ဝန်းပြန့်ပြူးကာအခြေချ နေထိုင်ကြရန် သင့်တော်သည့်ထိုနေရာလေးကို စတင်တွေ့ရှိခဲ့ကြသည်။ ထိုင်း ဘာသာစကား(မာလိ=ဇွန်ပွင့်တောပန်း၊ ဝမ်=နေ့၊ မာလိဝမ်=ဇွန်ပွင့်တောပန်း လေးများပွင့်သောနေ့)မှ မလိဝမ်းကျေးရွာဟု ဆင်းသက်ခေါ်ဝေါ်ခဲ့ကြကြောင်း မှတ်သားခဲ့ရသည်။

မလိဝမ်းကျေးရွာတွင် အိမ်ခြေ ၈၅ဝ ခန့်၊ လူဦးရေ ၃၇ဝဝ ခန့်နှင့် ဘုန်းတော်ကြီးကျောင်း သုံးကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း၊ ကျေးလက်ဆေးပေးခန်းတို့ရှိသည်။ ကျေးရွာပြည်သူများမှာ မိရိုးဖလာ ဥယျာဉ်ခြံ၊ ရော်ဘာခြံ၊ လယ်ယာစိုက်ပျိုး၊ ရောင်းဝယ်ဖောက်ကားလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ကြည်နူးဖွယ်ကောင်းသည်မှာ ထိုရွာလေးတွင် ကော့သောင်းမြို့၏တစ်ခုတည်းသော သဘာဝအပန်းဖြေရေတံခွန်နှင့် သဘာဝရေပူစမ်းရှိသည်။

မလိဝမ်းကျေးရွာသည် ရှေးယခင်က ခဲသတ္တုထွက်ရှိကြောင်း မှတ်သားဖူးသည်။ မလိဝမ်းရေတံခွန်တွင် ဗြိတိသျှ လက်ထက်က သတ္တုတူးဖော်ရေး လုပ်ငန်းသုံး ရေအားလျှပ်စစ်ထုတ်ယူ ခဲ့ကြောင်းသိရသည်။ ယခင်ကာလများ က အဆိုပါရေတံခွန်နှင့် ရေပူစမ်းနေရာသည် သဘာဝအနေအထားအတိုင်း တောတောင်ထဲတွင် မလှမပဖြင့် ဒေသခံ ပြည်သူများ ခက်ခက်ခဲခဲသွားရောက်လည်ပတ် အနားယူအပန်းဖြေခဲ့ကြသည်။

ယခုအခါ ဒေသခံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်သည့် TZK ကုမ္ပဏီက ဒေသဖွံ့ဖြိုးတိုးတက်သာယာလှပရေးလုပ်ငန်းအဖြစ် အကျိုးတူပူးပေါင်း ဆောင်ရွက်ကာ ရေတံခွန်နှင့် ရေပူစမ်း ဝန်းကျင် စိမ်းလန်းစိုပြည်မှုလုပ်ငန်းများ၊ အပန်းဖြေရာနေရာများ၊ ဘန်ဂလို အဆောက်အအုံများ၊ အနားယူနားနေ ရန် ခေတ်မီအသုံးအဆောင်ပစ္စည်းများဖြင့် သဘာဝအလှ မပျက်ယွင်းစေရန် ဆွဲဆောင်ဖန်တီးမွမ်းမံတည်ဆောက်ထားပြီး သင့်တင့်လျောက်ပတ်သည့်ဝင် ကြေးငွေပေးဆောင်၍ ဒေသနေ ပြည်သူများ အားလပ်ရက်တွင် မိသားစု အလိုက် ပျော်ပွဲစားထွက်အနားယူ ခြင်းများအပြင် ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်သန်းကာ ကော့သောင်းမြို့သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြား ခရီးသွားဧည့်သည်များပါ အနားယူ အပန်းဖြေနေကြပြီဖြစ်ရာ နိုင်ငံတော်နှင့် ဒေသအတွက် နိုင်ငံခြားဝင်ငွေရှာ ဖွေပေးသည့် လုပ်ငန်းတစ်ခုအဖြစ် ကျယ်ပြန့်စပြုနေပြီဖြစ်သည်။

အခါအခွင့်သင့်၍ မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့သို့ ရောက်ခဲ့လျှင် သာယာတင့်မောဖွယ် သဘာဝအလှမပျက် ဖန်တီးထားသည့် မလိဝမ်းသဘာဝ ရေတံခွန်နှင့် သဘာဝ ရေပူစမ်းသို့ တစ်ခါတစ်ခေါက်လာရောက် လည်ပတ်ကြရန် တိုက်တွန်းဖိတ်ခေါ် လိုက်ပါသည်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...