စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နှုတ်ဆက်ပါတယ် ဆူရာဘာယာ

ဂျာဗားပင်လယ်တွင် အလောင်းများမျောပါနေပုံကို ဖော်ပြထားသောသတင်းများ ကြည့်ရှုပြီးနောက် ဆူရာဘာယာမြို့ ဂျွန်ဒါနိုင်ငံတကာလေဆိပ်၌ အဲအေးရှား လေယာဉ်ပေါ်ပါ ခရီးသည်များ၏ မိသားစုဝင်များ ပူဆွေးနေကြစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)
 
၂၀၁၅ နှစ်သစ်ကို စင်ကာပူ၌ ဆင်နွှဲရန် အစီအစဉ်ဖြင့် အာဒီးတို့ မိသားစုငါးဦး လေယာဉ်အတူစီး၍ ခရီးထွက်ကြပါပြီ။ အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာလေဆိပ်မှ လေယာဉ်စတင် ပျံမတက်မီလေးတွင်မီရှဲလ်အာဒီးက အချစ်ဆုံးသူငယ်ချင်းထံ မက်ဆေ့ခ်ျပို့လိုက်၏။

သူ့ထိုင်ခုံ ဘေးပြတင်းမှန်ကတစ်ဆင့် မြင်နေရသည့် အဲအေးရှား QZ 8501 လေယာဉ်တောင် ပံကို ဓာတ်ပုံလှမ်းရိုက်ပြီး SnapChat ကတစ်ဆင့် ပို့လိုက်ခြင်း ဖြစ်သည်။ ဓာတ်ပုံနှင့်အတူ သူရေးထည့်လိုက်သည့် ပုံစာလေးက ‘‘နှုတ်ဆက်ပါတယ် ဆူရာဘာ ယာ’’ ဟူ၍။
‘‘သူက စကားအများကြီး သိပ်မပြောဘူး။ ဒါပေမဲ့ စမတ်ကျတဲ့ မိန်းကလေးတစ်ယောက် ပါ’’ဟု မီရှဲလ်၏ မက်ဆေ့ခ်ျကို လက်ခံရရှိခဲ့သူ ရာဗင် လီမာဒီနတ္တ က ပြန်ပြောင်းပြောပြသည်။

သူနှင့် မီရှဲလ်တို့က ဟိုးယခင်ပထမဆုံး တွေ့ခဲ့သည့်အချိန်မှ စ၍ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာကြသူများပင်။ မီရှဲလ်အာဒီး ၊ မာရီယန်း အာဒီး နှင့် ဂျေဒင်းအာဒီးတို့ မောင်နှမသုံးဦးသည် ဆူရာဘာယာ ကန်းဘရစ်ခ်ျ ကျောင်း၌ အတူတကွ ပညာသင်ကြားနေခဲ့ကြသည်။ ဒီဇင်ဘာ ၂၈ ရက်၌ မိသားစုတစ်ခုလုံး နှစ်သစ်ကူးအားလပ်ရက် ခရီးရှည်အဖြစ် စင်ကာပူသို့ လည်ပတ်ရန် ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။
အာဒီးမိသားစု အပါအဝင်လူပေါင်း ၁၆၂ ဦး စီးနင်းလိုက်ပါသွားခဲ့သော အဲအေးရှား QZ8501သည် ဆူရာဘာယာ လေဆိပ်မှ ထွက်ခွာပြီး ၄၂ မိနစ်အကြာ ဂျာဗားပင်လယ်ပြင်ပေါ် ပျံသန်းနေစဉ် မြေပြင်ရှိ လေကြောင်းလမ်း ထိန်းသိမ်းရေးဌာနနှင့် အဆက်အသွယ်အားလုံး ပြတ်တောက်ပြီး ပျောက်ဆုံးသွားခဲ့ သည်။ 

ထိုသတင်းကို သိပြီးနောက်ဆူရာဘာယာ ကန်းဘရစ်ခ်ျ ကျောင်းသူလေးတစ်ယောက်မှာ မာရီယန်းထံ မက်ဆေ့ခ်ျတစ် စောင်ပို့ရန် ကြိုးစားခဲ့ရှာ၏။ ဖုန်းမှာပါသည့် ဂျီပီအက်စ်ကို ဖွင့်ရန် လှမ်းပြောသည့် မက်ဆေ့ခ်ျ ဖြစ် သည်။ ဂျီပီအက်စ်ကတစ်ဆင့် တည်နေရာကို သိနိုင်ပေလိမ့် မည်။ သို့သော် မာရီယန်းထံမှ စာတစ်စောင်မှ ပြန်မလာခဲ့ပါ။ ဒီဇင်ဘာ ၂၉ ရက်အရောက်တွင် လေယာဉ်မှာ ပင်လယ်ကြမ်းပြင်ဆီ ရောက်သွားပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေး အဖွဲ့က သုံးသပ်ခဲ့၏။ ဒီဇင်ဘာ ၃၀ ရက်တွင်မူ  ပင်လယ်ပြင်၌ လေယာဉ်အပျက်အစီး အစအနနှင့် လူသေအလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြပြီ။

လက်ထပ်ခါနီး သတို့သားလောင်းတစ်ယောက်၊ သာသနာ
ပြုအဖွဲ့ဝင်များ၊ ဇီဝဗေဒဆရာတစ် ဦး၊ စွမ်းအင်ကုမ္ပဏီမှ အလုပ်အမှု ဆောင်တစ်ဦး၊ အားလပ်ရက် အပန်းဖြေခရီးထွက်နေသည့် မိသားစုများ၊ နှစ်ပေါင်းများစွာအတွေ့ အကြုံရှိ ဝါရင့်သမ္ဘာရင့် လေယာဉ်မှူးများ...။ အင်ဒိုနီးရှားမှ စင်ကာပူ အကြမ်းဖျင်း နှစ်နာရီခန့်သာ ကြာသည့် လေကြောင်းခရီးစဉ် တစ်ခု၌ လူသား ၁၆၂ ဦးတို့၏ ဘဝများသည် ကန့်လန့်ပိုင်းဖြတ် အဆုံးသတ်သွားခဲ့ကြရချေပြီ။

ဒီဇင်ဘာ ၃၀ ရက်တွင် အင်ဒိုနီးရှား ရုပ်မြင်သံကြားဌာနက ဂျားဗားပင်လယ် ရေပြင်ပေါ်တွင် ပေါလောမြောနေသည့် ရုပ်အလောင်းတစ်ခုကို ရှာဖွေရေးအဖွဲ့၏ လေယာဉ်ပေါ်မှ ရိုက်ကူးထားသည့် ဗီဒီယိုကိုထုတ်လွှင့်ပြသခဲ့သည်။

အင်ဒိုနီးရှားအရာရှိများက ပြန်လည်ရှာဖွေ တွေ့ရှိသည့် ပျောက်ဆုံးလေယာဉ်မှ လူသေအလောင်းများ၏ ထိတ် လန့်တုန်လှုပ်စဖွယ် ရုပ်ပုံများ ကို တိုက်ရိုက်ထုတ်လွှင့်ပြသနေသည်။ ရေပြင်တွင်မျောပါ နေသည့် အလောင်းခြောက် လောင်းကို ပထမဆုံးတွေ့ရှိခဲ့သည့်နေရာက ဂျာဗားပင်လယ်တွင်ဖြစ်ပြီး လေယာဉ်ကို နောက်ဆုံးအဆက်အသွယ် ရခဲ့သည့် နေရာမှ ၁၀ ကီလိုမီတာအကွာ၌ဖြစ် သည်။ အလောင်းတို့မှာ ဖူးရောင်နေပြီး အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားခြင်း မရှိကြောင်း တွေ့ရသည်။ အပျက်အစီး အစိတ်အပိုင်းများကို နောက်ဆုံးအ ဆင့် စစ်ဆေးမှုများ မပြုလုပ်ရ သေးသော်လည်း အဲအေးရှား ခရီးစဉ်အမှတ် QZ8501 မှ ဖြစ်ရန် ၉၅ ရာခိုင်နှုန်း သေချာခိုင်မာကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ယင်းအပျက်အစီးသည် QZ8501 မှဖြစ်ကြောင်း အဲအေးရှားက အတည်ပြုလိုက်ပါ သည်။

လေယာဉ်ပေါ် ပါသွားသူ ၁၆၂ ဦး၏ ကျန်ရစ်သူ မိသားစုများအတွက် ယခုသတင်းက လက်ကျန်မျှော်လင့်ချက် ငွေ့ငွေ့ကို ပျက်သုဉ်းသွားစေခဲ့သည်။ ရေပြင်တွင် ပေါလောမျောပါနေသည့် အလောင်းများ သတင်းကို မြင်ကြားလိုက်သည့် တစ်ပြိုင်နက်မှာပင် စောင့်ဆိုင်းဧရိယာ၌ နှစ်ရက်ကြာ စောင့်မျှော်နေခဲ့ကြသော မိသားစုဝင်များ၏ အော်ဟစ်ငိုယိုသံများဆူညံသွားတော့သည်။ ယောက်ျားအချို့က နံရံကိုထုရိုက်ပြီး အချို့က ပြိုလဲကျကုန်သည်။

အဲအေးရှား လေကြောင်း လိုင်း အမှုဆောင် အရာရှိချုပ်ဖြစ်သူ တိုနီဖာနန်ဒက်စ်က ၎င်း၏ ဝမ်းနည်းပူဆွေးကြောင်း အမှာစကားတစ်စောင်ကို တွစ်တာ၌ ဖော်ပြလိုက်သည်။

လတ်တလောတွင် သင်္ဘောအစီး ၃၀၊ လေယာဉ် ၁၅ စီး၊ရဟတ်ယာဉ် ခုနစ်စီးတို့က ပျောက်ဆုံးပျက်ကျပျက်စီးလေယာဉ်ကို ရှာဖွေနေကြောင်း အင်ဒိုနီးရှားက ကြေညာထားသည်။ ရှာဖွေလုပ်ငန်း၏ အများစုကို အင်ဒိုနီးရှားက ဆောင်ရွက်ခြင်းဖြစ်ပြီး စင်ကာပူ၊မလေးရှားနှင့် သြစတြေးလျတို့ လည်း ပါဝင်လျက် ရှိသည်။ ထိုင်းနိုင်ငံကလည်း ရှာဖွေရေးတွင် ပူးပေါင်းပါဝင်ရန် စီစဉ်နေပြီး အမေရိကန်က အကူအညီပေးရန် စစ်သင်္ဘောတစ်စီး ပို့လွှတ်ထား သည်။

အဲအေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် လေယာဉ်မောင်း နှစ်ဦး၊ ဝန်ထမ်းငါးဦးနှင့် ခရီးသည် ၁၅၅ ဦး လိုက်ပါသွားသည်။ ခရီးသည်များအနက် လူကြီး ၁၃၈ ဦး၊ ကလေး ၁၆ ဦးနှင့် ရင်ခွင်ပိုက်ကလေးငယ် ၁ဦးတို့ ပါဝင်နေသည်။ ၎င်းတို့အနက် စင်ကာပူနိုင်ငံသား တစ်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ပြင်သစ် တစ်ဦး၊ တောင်ကိုရီးယား သုံးဦးနှင့် အင်ဒိုနီးရှား ၁၅၆ ဦးဖြစ်ကြောင်း လေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၂၈ရက်က အဲအေးရှားလေယာဉ် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံး မသွားမီအတွင်း ရာသီဥတုအခြေအ နေကြောင့် လေကြောင်းလမ်းကို ပြောင်းလဲမောင်းနှင်ရန် မြေပြင်ရှိ လေကြောင်း ထိန်းသိမ်းရေး စခန်းသို့ လေယာဉ်မှူးက လှမ်းအကြောင်းကြား မေးမြန်းမှု ရှိခဲ့ သည်။

လေယာဉ်တစ်စီးသည် ရေပြင်အပေါ်၌ ပျောက်ဆုံးသွားသည့်အခါ ပျက်ကျရာမှ ရှင်သန်လွတ်မြောက်နိုင်သူ တစ်ဦးဦးရှိနိုင်ခြေမှာ အလွန်တရာ နည်းပါးကြောင်း လေကြောင်းလုပ်ငန်း ၌ နိုင်ငံတကာ အတွေ့အကြုံ နှစ်ပေါင်းများစွာရှိသူ လေယာဉ်နှင့် လေကြောင်းဆိုင်ရာ ဂျာမန်ကျွမ်း ကျင်ပညာရှင် ဟိန်းရစ်ခ်ျဂရော့စ် ဘွန်းဂတ်ဒ်က ပြောကြားကြောင်း ဂျာမန်သတင်းဌာန ဒီဒဗလျူက ဖော်ပြသည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ က အင်္ဂါနေ့ နေ့လယ်က သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ရှာ ဖွေ ကယ်ဆယ်ရေးကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ဆွေမျိုးသားချင်းများ ဆုံးရှုံးလိုက် ရသူများနှင့်ထပ်တူ ခံစားရ ကြောင်းသာ သမ္မတက ပြောနိုင် ခဲ့သည်။

အဲအေးရှား လေယာဉ် QZ8501 မပျက်ကျမီ ၂၀၁၄အတွင်း လေကြောင်းမတော်တဆ ဖြစ်ပွားမှုကြောင့် လူပေါင်း၁,၀၅၀ ဦး သေဆုံးခဲ့ရပြီဖြစ်သည်။ လေယာဉ်အပိုင်စီးမှုများ အပါအဝင် လေကြောင်း မတော်တဆမှုများကို ခြေရာကောက် စောင့်ကြည့်နေသော လေယာဉ်လုံခြုံရေးကွန်ရက်၏ စစ်တမ်းအရ ယခုလေယာဉ်ပျက်ကျမှု ကြောင့် ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် လေကြောင်းခရီး ကြောင့် လူသေဆုံးသည့် အရေအတွက်မှာ ၁၂၁၂ ဦးအထိရှိသွား ပြီး ဆယ်စုနှစ်အတွင်း လေကြောင်းကဏ္ဍ၌ လူသေဆုံးမှု အ မြင့်ဆုံးနှစ် ဖြစ်သွားခဲ့ရပြီ။

အဲအေးရှား လေယာဉ် QZ8501 ပျောက်ဆုံးနေကြောင်း သတင်းကို ကြားလိုက်ရချိန်က လူးဝစ် ဆစ်ဟာတာမှာ ၎င်း၏ချစ်သူ သတို့သားလောင်းကို သွားကြိုဖို့ လေဆိပ်သို့ထွက်ခွာလာနေ စဉ် လမ်းတစ်ဝက်၌ ဖြစ်သည်။ သူတို့နှစ်ယောက် လက်မထပ်မီ သတို့သားလောင်း အာလိန်းက မိသားစုနှင့် အပန်းဖြေ ခရီးထွက်နေခဲ့ခြင်းဖြစ်သည်။ ရုပ်မြင် သံကြားကင်မရာများ အလယ် တွင် သတို့သမီးလောင်းဟောင်း ဖြစ်ခဲ့သူ လူးဝစ်က ယခုလို ရှင်းပြ ခဲ့ပါသည်။
‘‘အဲဒါ သူ့မိသားစုနဲ့ နောက်ဆုံးအားလပ်ရက် အပန်းဖြေခရီး ဖြစ်သွားခဲ့ပါပြီ’’   
—Ref: CNN

http://7daydaily.com/story/28228#.VKNegP9cBg

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...