စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထေရ၀ါဒ ၏ အတွင်းရန်များ


                   

  မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာတရားတော်ကို လက်ခံယုံကြည်နေသော နိုင်ငံ ဖြစ်သည်။ ထေရ၀ါဒ တရားတော်သည် လူသားတို့အတွက် ရသင့် ရထိုက်သော လက်တွေ့ဒေသနာတို့ကို ဖော်ပြသည်။ မဖြစ်နိုင်သော၊ မရနိုင်သော စိတ်ကူးယဉ် အယူအဆတို့ကို မဖော်ပြ ပေ။ ဗုဒ္ဓဘုရားကလည်း စိတ်ကူးယဉ်တရားသဘောကို ဟောကြားခြင်း မရှိပေ။

  မြန်မာတို့သည် ဗုဒ္ဓဒေသနာ၌ မပါရှိသော စိတ်ကူးယဉ် အတွေးဖြင့် ကြံဆပြုလုပ်ထား သော စာပေတို့ကိုလည်း ဖတ်ရှုခဲ့ကြသည်။ လက်ခံ ယုံကြည်သူတို့လည်း ရှိသည်။ ထိုစာပေများ မှာလည်း အများအားဖြင့် အိန္ဒိယမှပင် သယ်ဆောင်လာခဲ့ကြသည်။

  မြန်မာတို့သည် ခေတ်ဦးပိုင်းကပင် အိန္ဒိယနိုင်ငံနှင့် ဆက်သွယ်မိခဲ့ကြသည်။ အိန္ဒိယတို့ အထံမှ နည်းပညာများစွာကို ရယူခဲ့ကြသည်။ မြန်မာမင်းစဉ်တစ်လျှောက်တွင် အိန္ဒိယနှင့် အဆက်အသွယ် မပြတ်ခဲ့ကြ။ အိန္ဒိယ ယဉ်ကျေးမှုတို့ကို မြန်မာမှု ပြုနေခဲ့ကြသည်။

{ * ဘိုးတော် ဗဒုံမင်းလက်ထက်တွင် အိန္ဒိယသို့ လူလွှတ်၍ မြန်မာပြည်၌ မရှိသေးသော စာပေတို့ကို သယ်ဆောင်စေခဲ့၏။ ရရှိလာသော စာပေတို့ကို မြန်မာဘာသာဖြင့် ပြန်ဆိုစေခဲ့သည်။ ဤသို့သော နည်းများဖြင့် အန္ဒိယကျင့်ဝတ်များ၊ အတတ်များ၊ ယုံကြည်မှုများသည် မြန်မာတို့ထံ ကူးစက်ခဲ့ကြသည်။ * }

  ရှေးခေတ်က မြန်မာတို့သည် အိန္ဒိယက စာ မှန်တာတွေချည်း ဟု သဘောထားကာ လက်ခံခဲ့ကြသည်။ အိန္ဒိယက စိတ်ကူးယဉ် ယုံကြည်မှုများကို လောကီအယူ ဟုဆိုကာ ကဏ္ဍ ခွဲ၍ ယုံကြည်ကြသည်။ မြန်မာနိုင်ငံသို့ အိန္ဒိယက သယ်ဆောင်လာသော ဗြုတ်စဗျင်းတောင်း ယုံကြည်မှု အပေါင်းမှာလည်း ထောင်သောင်းမက ရှိလေသည်။

ဂန္ဓာရီအတတ် ယုံကြည်မှု

အိန္ဒိယကလာသော ယုံကြည်မှုများထဲတွင် ထူးခြားဆန်းကြယ်သည့် ဘ၀မျိုးကို မျှော်လင့် ရာမှ ပေါ်ပေါက်လာသော ဂန္ဓာရီလမ်းခေါ် ယုံကြည်မှုလည်း ပါဝင်ပေသည်။

ဂန္ဓာရီအတတ် ဆိုသည်မှာ အိန္ဒိယနိုင်ငံ ဂန္ဓာရတိုင်းမှ ပေါ်ပေါက်လာသော အတတ်ကို ဆိုလိုသည်။ တစ်နည်းအားဖြင့် ဂန္ဓာရမည်သော ရသေ့သည် ပြုစီရင်ထားသော အတတ်ကို ဆို ပေသည်။ ဂန္ဓာရီလမ်းကြောင်းတွင် -
- စူဠဂန္ဓာရီလမ်း ၊
- မဟာဂန္ဓာရီလမ်း ဟူ၍ ခွဲခြားထား၏။

စူဠဂန္ဓာရီလမ်းဆိုသည်မှာ ဖုတ်ကြီး ၄၀၊ ကဝေ ၉၉၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗ စသော နတ်တို့ကို အစွဲပြု၍ စီရင်ထားသော အင်း အိုင် မန္တန် ခလှည့် လက်ဖွဲ့စသည်တို့ကို တတ်ကျွမ်းသူ မှော်ဆရာ၊ ပယောဂဆရာ၊ အောက်လမ်းဆရာ စသည်တို့ကို ခေါ်သည်။

မဟာဂန္ဓာရီလမ်း ဆိုသည်မှာ သူရဿတီမယ်တော်မှ စ၍ ဒေ၀ီ ၂၁-ပါး၊ နတ်မင်းကြီး ၅-ပါး၊ လောကပါလနတ်မျိုး ၄-ပါး၊ ဘိုးတော်သိကြားမှ စ၍ အထက်နတ်များဖြင့် ဆောင်ရွက်ရ သော အတတ်ကို ဆိုလိုသည်။ လက်ယာတန္တရဂိုဏ်းနှင့် သဘောတူသည်။

ဂန္ဓာရီလမ်း၏ အဓိကလိုအပ်ချက်မှာ ၀ိဇ္ဇာဖြစ်ရေးပင် ဖြစ်သည်။ ၀ိဇ္ဇာဘ၀သို့
ရောက်လျှင် သိဒ္ဓိတန်ခိုး အမျိုးမျိုး ပြီးစီးသည်ဟု ယုံကြည်ကြသည်။ ယင်းတို့၏ စာပေများ၌ သိဒ္ဓိ ၁၀-မျိုးကို ပြဆိုထားသည်။
(၁) စိန္တာမယိဒ္ဓိ = စိတ်ကြံရာ ဖြစ်စေနိုင်ခြင်း ၊
(၂) ဥဒကသိဒ္ဓိ = ရေပြင်ပေါ် လမ်းလျှောက်နိုင်ခြင်း ၊
(၃) ပထ၀ီသိဒ္ဓိ = မြေကိုလျှိုးနိုင်ခြင်း၊ မြေကြော ရှုံ့နိုင်ခြင်း ၊
(၄) ဓနသိဒ္ဓိ = ရွှေ ငွေ ရတနာ လိုရာရနိုင်ခြင်း ၊
(၅) အာယုသိဒ္ဓိ = အသက်ရှည်၍ အရွယ်နုပျိုစွာ နေနိုင်ခြင်း ၊
(၆) အာကာသသိဒ္ဓိ = ကောင်းကင်ခရီးဖြင့် သွားလာနိုင်ခြင်း ၊
(၇) အာရောဂျသိဒ္ဓိ = အနာရောဂါ ကင်းခြင်း ၊
(၈) ကာယသိဒ္ဓိ = ဓား လှံ သေနတ် မထိနိုင်ခြင်း ၊
(၉) ပိယသိဒ္ဓိ = သတ္တ၀ါအားလုံးတို့က ချစ်ခင်ခြင်း ၊
(၁၀) ဣဒ္ဓိသိဒ္ဓိ = တန်ခိုးဖြင့် အမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း ၊

  ဖော်ပြပါ သိဒ္ဓိဆိုသည်များမှာ လူသားတို့အတွက် ထူခြားလှသော မက်လုံးများ ဖြစ်ရာ ၀ိဇ္ဇာဘ၀ ရရှိရေးကို ရမ္မက်ကြီးစွာ မျှော်လင့်ကြကုန်၏။ မျှော်လင့်သည့်အတိုင်း ၀ိဇ္ဇာဖြစ်ရေး လမ်းစဉ်ကို ရှာဖွေကျင့်သုံးကြသည်။ ၀ိဇ္ဇာဖြစ်ရေးလမ်းးစဉ်ကို ယင်းတို့၏ စာပေများ၌ တွေ့ရှိရ၏။

ဝိဇ္ဇာဖြစ်သူတို့မှာ အောက်ပါ ၄-မျိုးကို ကျင့်သုံး၍ ရရှိကြသည်ဆို၏။
(၁) ပြဒါးဝိဇ္ဇာ = ပြဒါးရှင်လုံးဖြင့် စီရင်သူ ၊
(၂) ဆေးဝိဇ္ဇာ = ဆေးဖြင့် သိဒ္ဓိပြီးသူ ၊
(၃) သံဝိဇ္ဇာ = သံသေလုံးဖြင့် စီရင်သူ ၊
(၄) အင်းဝိဇ္ဇာ = အင်း မန္တန်စသည်ဖြင့် သိဒ္ဓိပြီးသူ ၊

  ဖော်ပြပါ ၄-မျိုးကို ၀ိဇ္ဇာ ၄-မျိုးဟု ခေါ်ကြသည်။ ၀ိဇ္ဇာကို မြန်မာတို့က ဇော်ဂျီဟုလည်း ခေါ်၏။ ဇော်ဂျီ၏ မူလပုဒ်မှာ ယောဂီဖြစ်သည်။ ယောဂီကို ဂျောဂျီ၊ ဇော်ဂျီဟူ၍ ပြောင်း လဲခေါ်ဆိုလာကြသည်။

  ဇော်ဂျီသည် မြန်မာနိုင်ငံသားတို့နှင့် ရင်းနှီးနေသော ပုဂ္ဂိုလ်ဖြစ်သည်။ နီညိုရောင် အထည်စကို ပန်ချာပီ ကုလားဝတ်စုံသဏ္ဌာန် ချုပ်၍ ၀တ်ဆင်ပြီးလျှင် ဆေးတောင်ဝှေးခေါ် တုတ် ချောင်းကို ကိုင်ဆောင်ထားသည့် ဇော်ဂျီပုံများကို မြန်မာပြည် အနှံ့အပြား၌ တွေ့မြင်နိုင်လေသည်။ ထိုပုဂ္ဂိုလ်မျိုးကို ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဟုလည်း ခေါ်ကြပြန်သည်။ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တို့မှာ အသေထွက်ပုဂ္ဂိုလ်၊ အရှင်ထွက်ပုဂ္ဂိုလ်ဟု၂-မျိုး ရှိသည်။

အသေထွက်ပုဂ္ဂိုလ်မှာ သေလွန်ပြီးနောက် ထွက်ရပ်ပေါက်သွားသည်ဟု ယုံကြည်ကြ သည်။ အရှင်ထွက်ပုဂ္ဂိလ်မှာ အသက်မသေဘဲ လူမမြင်ရသော ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပြီး နှစ်ပေါင်းများစွာ အသက်ရှင်လျက် တရာဓမ္မကို ကျင့်ကြံနေသည်ဟု ယုံကြည်ကြသည်။

  မြန်မာနိုင်ငံတွင် ထွက်ရပ်ပေါက်ပုဂ္ဂိုလ် လုပ်သွားသော သူတို့ရှိသည်။ ထိုပုဂ္ဂိုလ်များသည် အရှင်ထွက်သည်ဟုကား မကြားဖူးပေ။ အားလုံးမှာမူ အများနည်းတူ သေဆုံးကြရလေသည်။

ဤကဲ့သို့ ၀ိဇ္ဇာဘ၀၊ ဇော်ဂျီဘ၀၊ သိဒ္ဓိရှင်ထွက်ရပ်ပေါက်ဘ၀ စသည်တို့မှာ လူ့လောက ၌ တကယ်တမ်း ဖြစ်နိုင်သော ဘ၀မျိုး မဟုတ်ပေ။ ကြံကြံဖန်ဖန် စိတ်ကူးဥာဏ်ဖြင့် ကြံဆထားသော ဘ၀မျိုးသာ ဖြစ်သည်။ ဤစိတ်ကူးယဉ် ဘ၀မျိုးကို ရလိမ့်နိုးဖြင့် မျှော်ကိုး၍ လုပ်ကိုင်နေသူများလည်း ရှိသည်။ ကျေနပ်နှစ်သိမ့်နေသူများလည်း ရှိသည်။ ထိုပုဂ္ဂိုလ်များသည် အိမ်မက်ထဲက ရတနာထုပ်ကို လိုက်လံရှာဖွေနေသူများ ဖြစ်ပေသည်။

  ဗေဒင် ယုံကြည်မှု

  ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ရောနှောသော ယုံကြည်မှုများထဲတွင် ဗေဒင်ယုံကြည်မှုလည်း အပါအ၀င် ဖြစ်သည်။ ဗေဒင်ယုံကြည်မှုသည် မြန်မာနိုင်ငံတွင်းသို့ သရေခေတ္တရာခေတ်ကပင် ရောက်ရှိနေပြီ။ ဤဗေဒင်ကျမ်းများကို အိန္ဒိယတိုင်းသား ဗြဟ္မဏဘာသာဝင် ပုဏ္ဏားများ သယ် ဆောင်လာရာမှ မြန်မာတို့ အမွေရကြသည်။

  မြန်မာမင်းများ လက်ထက်တွင် ဗေဒင်လိုက်စားသူ ပေါများလှသည်။ ဗေဒင်လိုက်စားသူ များတွင် ထေရ၀ါဒ ရဟန်းတော်များလည်း ပါဝင်သည်။ ရဟန်းတို့သည် ဗေဒင်ဟော၍ မစားသော်လည်း ဗေဒင်အတတ်ကို လောကီရေးရာ သိမှတ်စရာ အတတ်တစ်ခု အနေဖြင့် လေ့လာလိုက်စားခဲ့ကြသည်။

ဗုဒ္ဓဘုရားက ဗေဒင်ဟောခြင်းစသော အဟောအပြောအလုပ်မျိုးကို မပြုလုပ်ရန် တားမြစ်ထားသည်။ သို့သော်လည်း အချို့ရဟန်းတို့မှာ ၀ိနည်းဒေသနာတော်ကို မျက်ကွယ်ပြု၍ ဗေဒင်ဟောကာ လာဘ်ရှာကြသည်။ ဓမ္မစေတီမင်းလက်ထက်တွင် ဗေဒင်ဘုန်းကြီးများကို သာသနာတော်၌ မထားရန် အရေးယူဆောင်ရွက်ခဲ့ဖူးသည်။

  ဗေဒင်ကျမ်းများသည် ဗုဒ္ဓဘုရား မပွင့်မီ ဘီစီ ၁၅၀၀-နှင့် ၁၀၀၀-ကြားကပင် ပေါ်ပေါက်ခဲ့သော ကျမ်းများဖြစ်သည်။ အာရိယန်လူမျိုးတို့သည် ဆရဆွတီမြစ်ညာဒေသ၌ နေစဉ်က ပြုစုထားသော ကျမ်းများဖြစ်သည်။ မူလက ဗေဒင်ကျမ်းအမျိုးအစား ၃-ပုံ ရှိသည်။ နောက်ပိုင်းတွင် ၄-ပုံ ဖြစ်လာသည်။ ဗေဒင် ၄-ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ဣရုဗေဒင်။ ။ နေကြတ်၊ လကြတ်၊ နက္ခတ်တာရာတို့ကို ကြည့်၍ ဘေးဥပဒ်အန္တရာယ်
ဖြစ်တတ် ပျက်တတ်ပုံကို ပြသောကျမ်း ၊

(၂) ယဇုဗေဒင်။ ။ မိမိတို့အပေါ်၌ ရောက်ဆဲ ရောက်လတံ္တ့ဘေးရန်များမှ လွတ်ကင်း
ပျောက်ပြေရန် ဂြိုဟ်နက္ခတ်တို့ကို ပူဇော်သောနည်း၊ ယတြာပြုနည်းကို ပြဆိုရာကျမ်း၊

(၃) သာမဗေဒင်။ ။ နေ လတို့ သွားရာ လမ်းကို ၁၂-ရာသီခွင်ပြု၍ မည်သည့်ရာသီခွင်၌
မည်သည့်ဂြိုဟ် ရပ်တန့်နေသည်ကို ကြည့်ပြီးလျှင် အံသာ၊ လိတ္တာ၊ တြင်း၊ န၀င်းစသည်
ဖြင့် ဝေဖန်လျက် ကောင်း မကောင်းကို ဟောရာကျမ်း ၊

(၄) အာထဗ္ဗဏဗေဒင်။ ။ အာထဗ္ဗရသေ့ စီရင်သဖြင့် ထိုအမည်ကို ရရှိခြင်း ဖြစ်သည်။
မီးထွန်းခြင်း၊ မန္တန်စုပ်ခြင်း စသော တစ်ပါးသူတို့ ပျက်စီးရန် အစီအရင်ကို ပြဆိုရာကျမ်း၊

  ဗေဒင် ၃-ပုံကို အဋ္ဌကရသေ့စသော ရသေ့ ၁၀-ဦးတို့က ပြုစီရင်ထားသည်ဟု ဗုဒ္ဓပိဋကတ်တော်နှင့် ပါဠိအဘိဓာန်ကျမ်းတို့၌ ဖော်ပြထား၏။ ရသေ့တို့ စီရင်ထားသော ဗေဒင် ကျမ်းများမှာ အများအားဖြင့် ရှေးခေတ်လူတို့ ယုံကြည်မှုကို အခြေခံ၍ ရေးသားထားသော စိတ္တဇ ဝေဒနာ မှတ်တမ်းစာများသာလျှင် ဖြစ်ပေသည်။

  မြန်မာတို့က လောကီကျမ်းဟု လက်ခံနေကြသော အိန္ဒိယကျမ်းများမှာ အများအားဖြင့် ရသေ့တို့ ရေးပြုသော ကျမ်းများဖြစ်သည်။ ၀ါကျဆရာ၊ ၀ဂ္ဂဆရာ၊ ဟရီတဆရာ၊ ဗျာသဆရာ စသော ကျမ်းပြုဆရာ ရသေ့များစွာတို့ကို တွေ့ကြရသည်။

  နောက်ပိုင်းတွင် ရသေ့တို့ ရေးသော စိတ္တဇကျမ်းစာများမှာ အလွန်များပြားလှသောကြောင့် နာမည်ကိုပင် မဖော်ပြနိုင်တော့ပေ။ ရသေ့ ရှစ်သောင်း ဆရာပေါင်း တို့၏ လက်ရာဟူ၍ လက်သည်မဖော်ဘဲ ထင်ရာမြင်ရာကို ရေးသားနေကြလေတော့သည်။

ရသေ့တို့လက်ရာ ကျမ်းစာများအနက် သဒ္ဒါကျမ်း၊ ဆန်းကျမ်းစသည်တို့မှာ အကျိုးပြုကျမ်းစာများ ဖြစ်ပါ၏။ သို့သော် ကျမ်းစာအများစုမှာမူ ရသေ့တို့သည် အလုပ်မရှိ၍ အလုပ်ရှာကာ လေ့လာပြုစုထားသော စာပေများ ဖြစ်ချေသည်။

ဤသို့ ဆိုလိုက်သဖြင့် ရသေ့တို့၏ ကျမ်းစာများကို စော်ကားသည်ဟူ၍ မမှတ်ယူသင့် ပေ။ ရသေ့တို့၏ ဘ၀ဖြစ်စဉ်ကို လေ့လာသောအခါ၌ ဤစကားကို သဘောပေါက်လာပေလိမ့် မည်။ ဤဖြစ်စဉ်ကို အနည်းငယ် လေ့လာကြည့်ရလိမ့်မည်။

  ရှေးခေတ် အိန္ဒိယနိုင်ငံ ဟိန္ဒူတို့၏ ဓလေ့ထုံးစံများတွင် အာရှရမ ခေါ် ကျင့်ဝတ် ကျင့်ထုံးလည်း တစ်ပါးအပါအ၀င် ဖြစ်သည်။ အာရှရမဆိုသည်မှာ လူ့ဘ၀တွင် အရွယ်အလိုက် လုပ်ဆောင်ရမည့် တာဝန်ပိုင်းကို ဆိုလိုသည်။ အရွယ်ကို ၄-ပိုင်း ခွဲခြားထားသည်။

(၁) ပထမအရွယ် ။ ။ ပညာအမျိုးမျိုးကို ရှာဖွေ ဆည်းပူးရမည်။
(၂) ဒုတိယအရွယ်။ ။ အိမ်ရာထောင်၍ စီးပွားရှာဖွေ စုဆောင်းရမည်။
(၃) တတိယအရွယ်။ ။ စီးပွားတို့ကို သားသမီးတို့အား လွှဲအပ်၍ မယားနှင့်အတူ တော
ထွက်ရမည်။ ( ဆံပင်ဖြူခြင်း၊ အသားအရေ တွန့်ခြင်း၊ မြေးရသောအခါကို ဆိုသည်။)
(၄) စတုတ္ထအရွယ်။ ။ မိမိနှင့် ပါလာသော မယားကိုပါ စွန့်၍ ရသေ့ဘ၀ဖြင့် တစ်ဦးတည်း
ကျင့်ကြံနေရမည်။

  ရှေးခေတ် အိန္ဒိယဓလေ့အရ အရွယ်ကြီးရင့်သူတို့မှာ ရသေ့ဝတ်၍ တောထဲ၌ တစ်ယောက်တည်း နေကြရသည်။ နိပါတ်တော် ဇာတကများတွင် ရသေ့များစွာ ပါရှိနေသည်မှာ ထိုဓလေ့မှ ဖော်ထုတ်ပေးသော ဇာတ်ကောင်များ ဖြစ်ပေတော့သည်။

[ မိတ်ဆွေဟန်ဆောင်သူ သည် ( ကြောက်စရာ အကောင်းဆုံးသော ရန်သူ)ူဖြစ်၏ ။]

( သလ္လာဝတီ အွန်လိုင်းစွယ်စုံကျမ်း-မှ ကူးယူဖေါ်ပြပါသည် )

…အယူလွဲ ကင်းကြပါစေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...