စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဦးဇော်ဇော်နှင့်တွေ့ဆုံခြင်း

AFP

 မြန်မာနိုင်ငံပိုင် ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်သော Max Myanmar ကုမ္ပဏီအုပ်စု၏ ကုမ္ပဏီငွေကြေးဆိုင်ရာ စာရင်းဇယားများနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စများကို အမေရိကန်အခြေစိုက် ဒီလွိုက်(Deloitte) စာရင်းစစ်အဖွဲ့ဖြင့် စစ်ဆေးခြင်းများ ပြုလုပ်နေသည်။

ထို့အပြင် ဟောင်ကောင်အခြေစိုက် BSR ကုမ္ပဏီကို ငှားရမ်း၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် လူ့အခွင့်အရေးနှင့်ဆိုင်သော မူဝါဒများကို လေ့ကျင့်သင်ကြားမှုများ ပြုလုပ်နေသည်။
ယခု ထားဝယ်ရေနက်ဆိပ်ကမ်းမှ Max Myanmar ကုမ္ပဏီ ထွက်ခွာခဲ့ရခြင်း၊ မြေသိမ်းယာသိမ်းကိစ္စများ ပြန်လည်ပေးလျော်ခြင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရွေးကောက်ပွဲ စသည်များနှင့်ပတ်သက်၍ Max Myanmar ကုမ္ပဏီအုပ်စုအကြီးအကဲ၊ မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်အား တွေ့ဆုံမေးမြန်းခဲ့သည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

  မေး- ကုမ္ပဏီကို အပြောင်းအလဲတွေ အများကြီးလုပ်နေတယ်လို့ သိရပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ အပြောင်းအလဲတွေ လုပ်နေပါလဲ။
 
ဖြေ- အရင်ကလုပ်နေတယ်။ စီးပွားရေးအနေအထားက မြန်မာပြည်က ပွင့်လင်းမြင်သာမှုမရှိဘူး။ တစ်ယောက်နဲ့တစ်ယောက်ကလည်း သံသယတွေနဲ့ ရှိနေခဲ့တယ်။ ကျွန်တော် နိုင်ငံခြားမှာနေခဲ့တော့ ဟိုကကုမ္ပဏီတွေရဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုတွေရှိတာကို တွေ့ရတယ်။ အုပ်ချုပ်ပုံစနစ်တကျနဲ့ ဖွဲ့စည်းပုံတစ်ရပ်ရှိပြီး အဖွဲ့အစည်းကောင်းတစ်ခုဖြစ်ဖို့က လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု၊ အနာဂတ်ခိုင်မာတဲ့ မူဝါဒတွေရှိဖို့လိုတယ်။ လူအခွင့်အရေးမူဝါဒ၊ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးစတာတွေကလည်း အရေးကြီးတယ်။ ၀န်ထမ်းတွေ တစ်နှစ်မှာ ခွင့်ရက်ဘယ်လောက် ခံစားခွင့်ရှိတယ်။ ကိုယ်ဝန်ဆောင်ရင် အမျိုးသမီးများ ခွင့်ခံစားခွင့် စတဲ့အခွင့်အရေးတွေ အပြောင်းအလဲလုပ်တယ်။ လုပ်တာတွေကိုလည်း ၀န်ထမ်းတွေသိအောင် အသိပေးတယ်။ ပြီးတော့ ကုမ္ပဏီမှာ ဌာနအကြီးအကဲတွေပေါ် ၀န်ထမ်းတွေ မကျေနပ်ရင် တိုင်ကြားအသိပေးနိုင်အောင်လည်း စီစဉ်ပေးထားတယ်။ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး မူဝါဒတွေမျိုး ပြီးတော့ ကုမ္ပဏီရဲ့ ငွေစာရင်းကို တတိယအဖွဲ့အစည်းများက စစ်ဆေးတာမျိုးတွေ လုပ်ထားတယ်။ ကျွန်တော်တို့ကုမ္ပဏီနဲ့ပတ်သက်ပြီး အမေရိကန် BSR နဲ့ ဒီလွိုက်အဖွဲ့တွေကို စာရင်းစစ်ဖို့ ငှားထားတယ်။

မေး- လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။

ဖြေ- လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးက နှစ်ပိုင်းပေါ့။ အတွင်းနဲ့အပြင် စာရင်းစစ်တွေထားခြင်းပါပဲ။ ဘယ်လောက်ပဲ လာဘ်ပေးလာဘ်ယူကို လျှို့ဝှက်ပြီးလုပ်လုပ် စာရင်းစစ်ရင်ပေါ်တာပဲ။ အပြင်မှာ လာဘ်ပေးလာဘ်ယူမလုပ်ဖို့ တားထားသလို အတွင်းပိုင်းမှာလည်း ၀န်ထမ်းအားလုံးကို နားလည်ထားဖို့အတွက် ပြောပြထားတယ်။ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးမူဝါဒကို ၀က်ဘ်ဆိုက်ထဲမှာ ရေးထားသလို ၀န်ထမ်းတွေကိုလည်း ပေးထားတယ်။ အဲဒီလိုလုပ်တဲ့အတွက် ယုံကြည်မှုမှတ်တမ်းတွေလည်း တက်လာတယ်။

မေး- အမေရိကန်စာရင်းစစ်တဲ့ကုမ္ပဏီကို ဘာကြောင့် စစ်ခိုင်းတာလဲ။

ဖြေ- အဓိကကတော့ ကျွန်တော့်အနေနဲ့ပေါ့။ အမေရိကန်ပိတ်ဆို့အရေးယူမှုက ရှိနေတုန်းပါပဲ။ ဒါပေမဲ့လည်း သူတို့အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရမယ်ဆိုတဲ့အပေါ်မှာ သူတို့ကိုဖွင့်ပြတယ်။ Deloitte က အောဒစ်လုပ်တယ်ဆိုကတည်းက ကျွန်တော့်ကုမ္ပဏီငွေစာရင်းတွေကို ဖွင့်ပြထားပြီးသားပဲ။ ပိုင်ဆိုင်မှုတွေ၊ ရရှိတဲ့ငွေကြေး၊ အခွန်ဆောင်ထားတာတွေကို အကုန်ဖွင့်ပြထားတယ်။ မြေယာနဲ့ပတ်သက်ပြီး ပွင့်လင်းတယ်။ မူဝါဒတစ်ခုရှိတယ်။ မြေယာနဲ့ပတ်သက်ပြီး ကုမ္ပဏီက ကော်မတီတစ်ရပ်ဖွဲ့ပြီး လုပ်ခဲ့တယ်။ အရင်တုန်းက ဥပဒေနဲ့ လယ်တွေ၊ အုန်းပင်တွေကို လျော်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ဒီအခြေအနေ ရောက်နေပြီလေ။ သူတို့က အဆင်မပြေသူတွေဖြစ်တော့ မိသားစုဝင်တွေလိုပဲ တွေးတယ်။ နစ်နာတယ်ထင်တဲ့ ငွေဆောင်မှာဆို အားလုံးကို လျော်ပေးလိုက်တယ်။ ချောင်းသာမှာ ပုစွန်ကန်တွေ လုပ်ခဲ့တာရှိတယ်။ သူတို့က လိုချင်တယ်ဆိုလို့ ပြန်ပေးခဲ့တယ်။ သူတို့ အရမ်းဝမ်းသာတယ်။ ဘီးလင်းမှာဆိုလည်း ရော်ဘာစိုက်ဖို့ ဧကသုံးထောင်ကျော်ကို ပြန်လျော်ပေးခဲ့တယ်။

မေး- ကုမ္ပဏီက အရင်အစိုးရလက်ထက်မှာ စီမံကိန်းတွေ အများကြီးလုပ်ခဲ့ပေမယ့် ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ တော်တော်လေးနည်းသွားတယ်။ ဘာကြောင့်ပါလဲ။

ဖြေ- အဓိကကတော့ ၀န်ဆောင်မှုလုပ်ငန်းတွေကို ၀င်သွားတာမျိုး၊ နောက် ဘဏ်လုပ်ငန်းထဲ ၀င်သွားတာမျိုးတွေ လုပ်နေတယ်။ အစ်ကို့အနေနဲ့ကတော့ ပုဂ္ဂလိကကဏ္ဍကို တအားကြီးစေချင်တယ်။ ပုဂ္ဂလိကကဏ္ဍကြီးမှ အလုပ်အကိုင်ဖန်တီးမှုနဲ့ လူတစ်ဦးချင်း ၀င်ငွေတက်လာမယ်။ Industry တွေ အများကြီးပေါ်လာရင် sector လိုက်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးပေါ်လာမယ်။ အစ်ကိုလုပ်နေတာလည်း အပြည်ပြည်ဆိုင်ရာကော်ပိုရိတ်အဆင့်ရှိ ကုမ္ပဏီတစ်ခုလို သွားချင်လို့ပါ။ ဘဏ်ဆိုရင် အခု ၀န်ထမ်းသုံးထောင့်ခြောက်ရာ နေရာပေးထားပြီ။ ဘဏ်ခွဲလည်း ဒီလ တစ်ရာပြည့်ပြီဆိုတော့ ဒီလေးနှစ်အတွင်းမှာ ဒါမျိုးတွေ လုပ်ထားတာပေါ့။ ဒီအလုပ်တွေပဲ အာရုံစူးစိုက်သွားနေလေတော့ အစ်ကို့အနေနဲ့ အရင်တုန်းကလုပ်တဲ့ ကန်ထရိုက်အလုပ်တွေကို လုံးလုံးမလုပ်တော့တာမဟုတ်ဘူး။ တကယ်လို့ နိုင်ငံတကာတင်ဒါလိုဟာမျိုးနဲ့ခေါ်မယ်။

ကိုယ့်ကုမ္ပဏီကလူတွေကလည်း အလုပ်အကိုင်တွေ လိုအပ်မယ်။ ကိုယ်ကလည်း ၀င်ပြိုင်ရမယ်ဆိုတာမျိုးကို လုပ်မယ်။ လုပ်ငန်းအတွေ့အကြုံလည်း ရနိုင်တယ်။ ငွေကြေးအကျိုးအမြတ်လည်း ရနိုင်တယ်၊ အလုပ်ကိုင်အခွင့်အလမ်းလည်း ဖန်တီးနိုင်မယ်ဆိုရင် သူများနိုင်ငံယှဉ်ပြီးလုပ်နိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်အောင် သွားချင်တယ်။ အဲဒါမျိုးမဟုတ်တဲ့ဟာမျိုးတွေတော့ ကျွန်တော်တို့ ၀င်လုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့သွားချင်တဲ့ မူဝါဒအတိုင်းပဲသွားတယ်။ ဘဏ်ကြီးက စီးပွားရေးကဏ္ဍတစ်ခုလုံးကို အထောက်အပံ့ပေးနိုင်တယ်။ ဘယ်လိုထောက်ပံ့မှုမျိုး လုပ်လို့ရလဲ။ ဘဏ်သည် ငွေမှအပ ငွေတွေလက်ခံပြီး ချေးတာတစ်ခုတည်းကို စဉ်းစားနေတာမျိုးမဟုတ်ဘဲ ဒီထက်ပိုလုပ်ဖို့မြင်တယ်။ တတ်နိုင်သမျှ ဗဟိုဘဏ်အောက်ကနေ သွားနေတယ်။ တကယ်လုပ်ရမယ်ဆိုရင် အများကြီးပဲ။ ကျွန်တော့်မှာ ရှိတဲ့အချိန်နဲ့ မလုံလောက်ဘူး။

ရှိနေပြီးသားအလုပ်ကို မပြောင်းလဲနိုင်ဘဲနဲ့ နောက်လုပ်ငန်းတွေ ထပ်ထပ်လုပ်နေမယ်ဆိုရင် လုပ်ငန်းက ကျဆုံးနိုင်တယ်။ နေ့တိုင်းမှာ အကန့်အသတ်ရှိတယ်။ အစိုးရကန်ထရိုက်နဲ့ ပတ်သက်တာက လုံးလုံးမလုပ်တာမဟုတ်ဘူး။ တကယ်တင်ဒါခေါ်တယ်။ လုပ်ငန်းပိုင်းမှာ အတွေ့အကြုံ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးဖန်တီးပေးနိုင်မယ့် လုပ်ငန်းဆိုလုပ်မယ်။ သူတို့ပြောတဲ့ ဘတ်ဂျက်နဲ့ သူတို့လိုတဲ့အရည်အသွေးမမီနိုင်တဲ့ လုပ်ငန်းမျိုးဆို အစ်ကိုတို့မတင်ဘူး။ ဘာအလုပ်မှမဟုတ်ဘူး။ အဓိကလုပ်ချင်တာက ရှိပြီးသား ငွေကြေးလုပ်ငန်းဖြစ်တဲ့ ဘဏ်လုပ်ငန်းရယ်၊ စွမ်းအင်လို လုပ်ငန်းမျိုးရယ်၊ လမ်းလုပ်ငန်း ရှိပြီးသားတွေရယ် လုပ်တဲ့အလုပ်တွေရှိတယ်။

အခြေခံအဆောက်အအုံဆောက်တဲ့ လုပ်ငန်းတွေလုပ်နေတယ်။ စနစ်တစ်ခုကနေ တစ်ခုပြောင်းတဲ့အခါ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့အတွက် နောက်အလုပ်တစ်ခုကို ပြောင်းလိုက်ရင် ကိုယ်မအောင်မြင်နိုင်ဘူး။ ရှေ့အလုပ်လည်း ကျဆုံးမယ်။ နောက်အလုပ်လည်း ကျဆုံးမယ်။ ဒါကြောင့် နိုင်ငံတော်ပရောဂျက်နဲ့ ပတ်သက်ပြီး လုပ်တာလေးတွေ တော်တော်နည်းလာတယ်။

မေး- မက်စ်ကုမ္ပဏီက ထားဝယ်အထူးစီးပွားရေးဇုန်မှာ ပထမပါပေမယ့် နောက်တော့ ဒီမှာရင်းနှီးမြှုပ်နှံထားမှုတွေ ပြန်ရုပ်သိမ်းခဲ့တာ ဘာကြောင့်ပါလဲ။

ဖြေ- ကျွန်တော်က အဓိကတော့ အလုပ်တစ်ခုလုပ်ရင် ဖြစ်မြောက်အောင်မြင်အောင်လုပ်ချင်တာ။ ကျွန်တော့်အနေနဲ့ စီးပွားရေးလုပ်တဲ့အခါ အခု ကျွန်တော်ဆီဆိုင်လုပ်တယ်။ ကျွန်တော်လုပ်တဲ့အလုပ်မပြီးဘဲ ထားခဲ့တာ တစ်ခုမှမရှိဘူး။ လူတိုင်းမှာ အချိန်က အကန့်အသတ်ရှိတယ်။ ထားဝယ်မှာ ကျွန်တော် ရှယ်ယာပါတာက အနည်းစုပဲ။ အများစုမဟုတ်ဘူး။ ကျွန်တော့်အနေနဲ့ ဘာမှမဆုံးဖြတ်နိုင်ဘူး။ ဒါကြီးက ချက်ချင်းဖြစ်ဖို့လည်း ခက်ခဲတယ်။ ရှိနေတဲ့ လက်ရှိအလုပ်တွေကိုပဲ အောင်မြင်အောင် လုပ်မယ်ဆိုပြီး လွှတ်ချလိုက်တာပါ။

မေး- ဖားကန့်က ကျောက်တွင်းကိုလည်း မလုပ်တော့ဘူးကြားတယ်။

ဖြေ- ကျောက်တွင်းကလည်း ဒီလိုပဲ။ လူတစ်ယောက်က လုပ်ငန်းတွေ အများကြီး လုပ်နေမယ်ဆိုရင် လုပ်နိုင်ရင်တောင် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ယူဆတယ်။ အလုပ်တစ်ခုလုပ်ရင် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ၀န်ထမ်းများ စီမံခန့်ခွဲမှုအပိုင်းက အရေးကြီးတယ်။ တစ်ခါတလေ ရည်ရွယ်ချက်နဲ့ စီးပွားရေးလုပ်၊ ရှုံးတဲ့သူတွေလည်း အများကြီးပဲ။ ကျွန်တော့်မှာရှိတဲ့ စွမ်းရည်နဲ့ အလုပ်တိုင်းကို မလုပ်နိုင်ရင် တချို့အလုပ်တွေကို လျှော့တယ်။ တချို့အလုပ်ကို အောင်မြင်အောင်သွားရမှာ။ အဲဒါတွေနဲ့ နှိုင်းယှဉ်ပြီး ဒီလုပ်ငန်းတွေကို လက်လွှတ်လိုက်တာပါ။

မေး- ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတာဝန်ကို ၂၀၀၅ ကတည်းက တာဝန်ယူထားတယ်။ ဥက္ကဋ္ဌတာဝန်အပြောင်းအလဲ ဘယ်တော့ဖြစ်မလဲ။

ဖြေ- ကျွန်တော့်အနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ကြိုက်နှစ်သက်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အောက်မှာရှိတဲ့ ဘောလုံးအဖွဲ့ချုပ်ကလည်း ဒီမိုကရေစီကျတဲ့ ရွေးကောက်မှုမျိုးမလုပ်ဘဲ ဆက်ရှင်သန်လို့မရပါဘူး။ ကျွန်တော်တို့အနေနဲ့ ဖေဖော်ဝါရီလလောက်မှာ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတယ်။ ကျွန်တော်တို့လုပ်တဲ့ ရွေးကောက်ပွဲသည် ဖီဖာရဲ့အစီအစဉ်အတိုင်းပဲ ဖြစ်မယ်။ ဖီဖာရဲ့ သတ်မှတ်ချက်အတိုင်းလုပ်မယ်။ ကျွန်တော့်အနေနဲ့ ကြိုဆိုပါတယ်။ ဥက္ကဋ္ဌနေရာတင်မဟုတ်ဘူး။ အမှုဆောင်တွေနေရာမှာလည်း သူ့ရဲ့သတ်မှတ်ချက်နဲ့ ကိုက်ညီရင် ၀င်လာလို့ရပါတယ်။

အုပ်ချုပ်ရေးအဖွဲ့မှာ ၀ါသနာပါရင်လည်း ပါစေချင်တယ်။ အဖွဲ့အစည်းတစ်ခု တကယ်ကို ပြည့်စုံအောင် တည်ဆောက်ပေးဖို့ ကျွန်တော့်မှာ စိတ်ကူးရှိတယ်။ ဒီရွေးကောက်ပွဲပြီးရင် နောက်ရွေးသူနိုင်ရင် အကုန်လုံးလုပ်လို့ရအောင် စီစဉ်ပေးခဲ့ချင်တယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာပြည်မှာ ပရော်ဖက်ရှင်နယ်လိဂ် အများကြီးလိုသေးတယ်။ ပရော်ဖက်ရှင်နယ်လိဂ်မှာ ကလပ်လိုင်စင်ရတာ နှစ်သင်းပဲရှိတယ်။ ဒီအချိန်မှာ ကလပ်လိုင်စင်မရှိဘဲ အာရှပြိုင်ပွဲမ၀င်နိုင်ဘူး။ ကျွန်တော်တို့အနေနဲ့ သူများနိုင်ငံလိုဖြစ်စေချင်တယ်။ ကျောင်းတွေ၊ အားကစားပြိုင်ပွဲတွေ ပြန်ဖြစ်စေချင်တယ်။ အခြေခံနေရာမှာ လေ့ကျင့်ရေးကွင်းတွေ ရှိနေသင့်တယ်။

 အများကြီးလိုတယ်။ သူများနိုင်ငံမှာ အိုဆာကာတစ်ခုတည်းမှာပဲ အကယ်ဒမီ ၁၂ ခုလောက်ရှိတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အကယ်ဒမီတစ်ခုပဲရှိတယ်။ သူများနိုင်ငံနဲ့နှိုင်းယှဉ်ရင် ငွေကြေး၊ ကလေးတွေရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုစတဲ့ လိုအပ်ချက်တွေ အများကြီးရှိတယ်။ ငွေလိုတယ်။ ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပံ့ပိုးပေးထားတာ တစ်နှစ်ကို အမေရိကန်ဒေါ်လာနှစ်သိန်းခွဲရှိတယ်။ နိုင်ငံတကာထောက်ပံ့ငွေက နှစ်သိန်းရှိတယ်။ ပြိုင်ပွဲတို့လုပ်ရင် နောက်ထပ် နှစ်သိန်းလောက် ထပ်ရတယ်။ တစ်နှစ်မှာ ကျွန်တော်တို့ ၀င်ငွေက ဒေါ်လာရှစ်သိန်း၊ တစ်သန်းလောက်ရှိတယ်။ ကျွန်တော့်အနေနဲ့ ရုန်းကန်နေတယ်။ ရွေးကောက်ပွဲကို စနစ်တကျလုပ်ပေးမယ်။ နိုင်ငံအတွက် လုပ်ချင်တယ်၊ စိတ်ဝင်စားရင် ကျွန်တော့်အနေနဲ့ ဒီရာထူးကို လွှဲပေးမယ်။ ပြီးရင် လုပ်ငန်းတွေကို စနစ်တကျလွှဲပေးလို့ရအောင် အကုန်စီစဉ်ပေးမယ်။ ကျွန်တော့်အနေနဲ့ အမြဲတမ်းအဆင်သင့်ပါပဲ။ တိုင်းပြည်ချစ်ပြီး တကယ်လုပ်နိုင်သူပေါ်လာရင်၊ စည်းကမ်းဘောင်ထဲက လုပ်နိုင်ရင် နွေးထွေးစွာ ကြိုဆိုပါတယ်။

မေး- ကိုယ့်အိတ်ထဲက စိုက်ထုတ်သုံးစွဲခဲ့ရတာရှိပါလား။

ဖြေ- ကျွန်တော့်အနေနဲ့ပြောရရင် ၂၀၀၅ နဲ့ ၂၀၀၇ ကြားမှာ စာရင်းသိပ်မရှိဘူး။ သိန်းထောင်ဂဏန်းပဲ ရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းနှစ်မှာ ပိုများတယ်။ ၁၀ နှစ်မှာ အကုန်သုံးစွဲခဲ့တာ အဖွဲ့ချုပ်တစ်ခုတည်းကို သုံးစွဲထားတာ အမေရိကန်ဒေါ်လာ ၂၇ သန်းရှိတယ်။ ဒါက လေ့ကျင့်စရိတ်၊ နိုင်ငံခြားသွားတဲ့စရိတ်၊ ကွင်းပြင်တဲ့စရိတ်တွေ၊ ၀န်ထမ်းလစာတွေ၊ နည်းပြလစာတွေ၊ ၀န်ထမ်းလစာတွေ၊ အိမ်ရှင်လုပ်တဲ့စရိတ်တွေ ကုန်ခဲ့တယ်။ ကျွန်တော်တို့ ပြန်ရတာက ၁၀ သန်းကျော်ရတယ်။ တကယ်စိုက်ထုတ်သုံးစွဲထားတာက ဒီနေ့ဆို အမေရိကန်ဒေါ်လာ ၁၅ သန်းလောက်ရှိတယ်။

မေး- စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို ဘယ်လိုသုံးသပ်မိလဲ။

ဖြေ- အဓိကကတော့ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ လူတစ်ဦးချင်းစီရဲ့ဘ၀ကို ကြည့်မယ်ဆိုရင် အများကြီး နိမ့်နေသေးတယ်။ သူများနိုင်ငံနဲ့ တန်းတူဖြစ်အောင် အများကြီးလုပ်ရဦးမယ်။ ဒီမိုကရေစီသွားနေတဲ့လမ်းက အောင်မြင်မှပဲ အနာဂတ်လည်းလှပမှာ။ ကျွန်တော့်အနေနဲ့ကတော့ အားလုံးပေါင်းစည်းလုပ်တဲ့ အင်အားကို ပိုဖြစ်ချင်ပါတယ်။ သန်း ၅၀ ကျော် ဘ၀အနာဂတ်လှဖို့ အားလုံးကဏ္ဍပေါင်းစုံက လူများပေါင်းပြီး ကြိုးစားရင် ကျွန်တော်ထင်ပါတယ် ကျွန်တော်တို့မှာ အဖြေရှိပါတယ်။

မေး- ဘာများထပ်မံဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ- အဓိကကတော့ စီးပွားရေးနဲ့ ပတ်သက်လို့ပေါ့နော်။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့စနစ်နဲ့ ဒီကလုပ်ငန်းရှင်တွေ အများကြီးကို ကျွန်တော်တို့အနေနဲ့ မှန်မှန်ကန်ကန်လုပ်ပြီး တာဝန်သိတတ်တဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်ဖို့ အားပေးပါတယ်။ မြန်မာလူငယ်လုပ်ငန်းရှင်တွေအများကြီး ပေါ်လာစေချင်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆရာဝန်အင်ဂျင်နီယာတွေလိုသလို စီးပွားရေးသမားလူငယ်တွေလည်း အများကြီးလိုတယ်။
ကျေးဇူးတင်ပါတယ်။      ။

 http://www.7daydaily.com/story/27170

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...