တနေ့တနေ့ စားသောက်နေရတဲ့ နိစ္စဓူဝ အစားအသောက်တွေကို ကြည့်လိုက်ရင် အသား ငါး အသီးအရွက်တွေ အားလုံးဟာ ကိုယ်စားနေကျအရာတွေထဲမှာပဲ တဝဲဝဲလည်နေတာကို ငြီးငွေ့ဖွယ် တွေ့ကြရပါလိမ့်မယ်။
ဒါပေမယ့်ဈေးထဲမှာ အသင့်ဝယ်ယူရရှိနိုင်တဲ့ အဲဒီ အသား ငါး အသီးအရွက်တွေကိုပဲ ချက်ပြုတ်ပြင်ဆင်ပုံကလေး ပြောင်းလဲလိုက်တာနဲ့ စိတ်ဝင်စားဖွယ် ဆွဲဆောင်မှုပြင်းတဲ့ ဟင်းလျာတွေ ဖြစ်သွားတတ်တာကလည်း ဟင်းချက်ပညာရဲ့ မှော်အစွမ်းလို့ ဆိုရမှာပါ။
ဒီတပတ်တော့ ကျမတို့ စားနေကျ ကြက်သားကိုပဲ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး ခံတွင်းအပြောင်းအလဲလေးလည်း ဖြစ်စေမယ့် ဟင်းလျာအဖြစ် အဓိက ချက်ပြုတ်ရောင်းချနေတဲ့ ဆိုင်တဆိုင်ကို မိတ်ဆက်ပေးချင်ပါတယ်။
ဒါကတော့ အလုံ၊ သိပ္ပံလမ်းထဲမှာရှိတဲ့ “ရွှေပြည်” ကြက်သောက်ဆမ်းနဲ့ ကြက်သားကာလသားချက်ဆိုင်ပါ။
သားကြီးငါးကြီးရှောင်သူတွေလည်း စားသုံးတတ်ကြတဲ့ ကြက်သားကို အဓိကဟင်းလျာနှစ်မျိုးအဖြစ် ချက်ပြုတ်ရောင်းချပြီး ငါးပိ၊ တို့စရာအပါအဝင် အရံဟင်း ၇ မျိုးကနေ ၁၀ မျိုးအထိ တည်ခင်းပေးတဲ့ အဝစားဘူဖေးပုံစံကို တဦးကို ကျပ် ၂,၅၀၀ သာ ကျသင့်တာမို့ ဈေးနှုန်းအနေနဲ့ သင့်တင့်သလို မြန်မာထမင်းဟင်းကိုသာ အားရပါးရ ဗိုက်ကားအောင်စားလိုသူတွေ အတွက်လည်း အဆင်ပြေလှပါတယ်။
ကြက်သောက်ဆမ်းလို့ လူပြောများ လူသိများခဲ့ရာဇာတိ ပြည်မြို့မှာ Happy Mark အမည်နဲ့ စာပေဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုကြည်စိုးက သူခင်မင်ရင်းနှီးတဲ့ စာပေနဲ့ ရုပ်ရှင်လောကက မိတ်ဆွေသူငယ်ချင်းတွေအတွက် စားအိမ်သောက်အိမ်လိုဖြစ်ခဲ့တဲ့ “ကိုကြည်စိုး၊ ကြက်သားကာလသားချက်” ဆိုင်ကို ၂၀၀၈ခုနှစ်မှာ ပြည်မြို့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့မှာတော့ လမ်းမတော် ၉ လမ်းမှာ ၂၀၁၃ ခုနှစ်က “ရွှေပြည်” အမည်နဲ့ ကြက်သောက်ဆမ်းဆိုင်ကို စတင် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
၉လမ်းမှာ ၁နှစ်ကြာခဲ့ပြီးချိန်မှာတော့ ကားရပ်ရပိုမိုလွယ်ကူတဲ့ အလုံ၊ သိပ္ပံလမ်းထဲက အခုနေရာဆီကို ဒီနှစ် ဇူလိုင်လမှာ စတင်ပြောင်းရွှေဖြစ်ခဲ့ပါတယ်တဲ့။
ရုပ်ရှင်နဲ့စာပေနယ်က မိတ်ဆွေသင်္ဂဟတွေများသူမို့ သူ့ဆိုင်က အချိန်တိုအတွင်းမှာ လူသိများတဲ့ဆိုင်တဆိုင် ဖြစ်ခဲ့ပါတယ်။

၁၉၅၀- ၆၀ ခုနှစ်လောက်ကပုံစံ လုံးချင်းတိုက်ကလေးကို ဆေးရောင်တောက်တောက်နဲ့ အမြင်ဆန်းဆန်းဖြစ်အောင် ပြင်ဆင်ခြယ်မွှန်းထားတဲ့ “ရွှေပြည်” ကို ကျမတို့ရောက်သွားခဲ့တဲ့ နေ့ခင်း ၁ နာရီ အချိန်မှာတော့ အလှူအိမ်တခုလို စည်ကားပြည့်နှက်နေတဲ့ ဧည့်ပရိသတ်ကိုတွေ့မြင်ရပါတယ်။ ကောင်တာမှာ ချွေးတလုံးလုံးနဲ့ ထိုင်နေတဲ့ ဆိုင်ရှင်ကိုကြည်စိုးက “ရွှေပြည်” ရဲ့ ရာဇဝင်ကို ကျမတို့ကို ရှင်းပြပါတယ်။
ဒီဆိုင်မှာ အဓိကရောင်းတဲ့ ကြက်သောက်ဆမ်းကတော့ နာမည်နဲ့လိုက်အောင် သောက်လည်းသောက် ဆမ်းလည်းဆမ်းပြီး ရှူးရှူးရှဲရှဲစားရတဲ့ ကြက်သားဟင်းတမျိုးပါ။ အခုလို မိုးရာသီအေးအေးမှာတော့ ရာသီဥတုနဲ့လိုက်ဖက်လှတာမို့ အကြိုက်တွေ့နိုင်ပါတယ်။ အဆီမများတဲ့ ဗမာကြက်ကို ဆင်ခရမ်းချဉ်သီး၊ မျှင်ငါးပိ၊ အာပူရွက်၊ ကြက်သွန်၊ ငရုတ်သီးတို့နဲ့ ဆီ၊ အချိုမှုန့်လုံးဝမပါဘဲ လုံးချက်ချက်ထားတာမို့ ရှူးရှဲချဉ်စပ်အရသာနဲ့ စားလို့ကောင်းလှပြီး ကျန်းမာရေးလိုက်စား သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။ ဒီဟင်းမှာပါတဲ့ ဆင်ခရမ်းချဉ်သီးနဲ့ အာပူရွက်လို အဆာပလာ ဟင်းခတ်ပစ္စည်းတွေကတော့ ရခိုင်ပြည်နယ်၊ တောင်ကုတ်ဘက်ကနေ မှာယူတာဖြစ်ပြီး မျှင်ငါးပိကတော့ ငပလီအနီး ငါပိ အကောင်းစားထွက်တဲ့ ဂေါ့ရွာကနေ မှာယူတယ်လို့ဆိုပါတယ်။
ငါးပိမပါဘဲ ငံပြာရည်လေးနည်းနည်းစွက်ထားတဲ့ ကြက်သားကာလသားချက်ကတော့ စပါးလင်နံ့သင်းသင်းနဲ့ ဘူသီးစိပ်အခပ်ကလေးတွေကြောင့် မွှေးမွှေးချိုချိုအရသာကို ပေးပါတယ်။ အစပ်ကြောက်သူတွေအတွက် ဒီဟင်းကလည်း သောက်ရဆမ်းရတာ အဆင်ပြေတာပါပဲ။

ငါးချဉ်သုပ်၊ အသည်းအမြစ်နဲ့ ငရုပ်ပွ၊ ကြက်ရိုးမျှစ်ချဉ်၊ ပြောင်းဖူးကြော်၊ ဘဲဥဟင်း၊ ပဲပြားခရမ်းချဉ်သီးချက်၊ ပဲသီးကြော်နဲ့ ငါးပိတို့စရာ စုံစုံလင်လင်ပါတဲ့ အရံဟင်းတွေအပါအဝင် အဓိက ကြက်သားဟင်းလျာနှစ်မျိုးကို လျော့တိုင်းထပ်ဖြည့်ပေးလို့ ကိုယ်တိုင်ထမယူရတဲ့ ဘူဖေးပုံစံ ထမင်းအဝစားဖြစ်ပါတယ်။
“ရွှေပြည်” မှာ မနက်အစောစာအဖြစ် ပြည်ထမင်းသုပ်နဲ့ ရွှေတောင်မုန့်ဟင်းခါးကိုလည်း မနက် ၇နာရီ ကတည်းက စတင်ရရှိနိုင်ပြီး နေ့လယ်စာ ထမင်းဟင်းကတော့ ၁၁နာရီမှစပြီး ရနိုင်တယ်လို့ဆိုပါတယ်။
ည ၉နာရီအထိ ဆိုင်ဖွင့်ပြီး တနလာင်္နေ့တွေမှာတော့ ဆိုင်ပိတ်ပါသတဲ့။
အလှူနဲ့ ဧည့်ခံပွဲတွေအတွက်မှာယူချင်တယ်ဆိုရင်လည်း ပန်းကန်ခွက်ယောက်မပါ ဝန်ဆောင်မှုပေးပါသေးတယ်။ ရှေ့အစီအစဉ်တခုအနေနဲ့လည်း ထမင်းဘူး ဝန်ဆောင်မှုအတွက် စဉ်းစားနေတယ်လို့ ဆိုင်ရှင် ကိုကြည်စိုးက ဆိုပါတယ်။
အချိုမှုန့်များများ အဆီများများဟင်းတွေကို ရှောင်ပြီး ကျန်းမာရေးနဲ့ရော ရာသီဥတုနဲ့ပါ ည်ီညွတ်လှတဲ့ ထမင်းဟင်းတွေကို ငွေ ၂,၅၀၀ နဲ့ အဝစားလိုရင်တော့ အလုံ၊ သိပ္ပံလမ်းထဲက “ရွှေပြည်” ကြက်သောက်ဆမ်း ဆိုင်မှာ သွားရောက် မြည်းစမ်းသင့်ပါတယ်။
သြဂုတ် ၁၇ ရက်နေ့ထုတ် The Irrawaddy ဂျာနယ်မှာ ဖော်ပြပြီးဖြစ်ပါတယ်။
No comments:
Post a Comment