စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ချစ်ခြင်းအားဖြင့်(ထူးအိမ်သင်ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် ဖျော်ဖြေပွဲ)


 
ထူးအိမ်သင်ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် ဖျော်ဖြေပွဲမြင်ကွင်း (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ဝေဖန်ငြင်းခုံမှုတွေ ပွက်လောရိုက်ခဲ့တဲ့ ထူးအိမ်သင်အမှတ်တရရှိုးပွဲဟာ တချို့ပရိသတ်တွေကို အံ့အားသင့်စေလောက်အောင်ဖြစ်ခဲ့တယ်လို့ ပြောရမယ်။ 
 
ပွဲမတိုင်ခင်ဂီတလောကနဲ့ပရိသတ်တွေကြားနားလည်မှုလွဲမှားတာတွေ၊ တိုက်ခိုက်ပြောဆိုမှုတွေရှိခဲ့ပေမယ့် ထူးအိမ်သင်အမှတ်တရပွဲဟာ တကယ်ပဲ ခမ်းခမ်းနားနားဖြစ်ခဲ့ပါတယ်။

ပွဲမစခင် နာရီဝက်လောက်အလို ဖျော်ဖြေမယ့်ကွင်းထဲရောက်တော့ Selfie ယဉ်ကျေးမှုနဲ့ ယဉ်ပါးနေတဲ့လူတွေ ကွင်းထဲမှာ ဓာတ်ပုံတွေ တဖျပ်ဖျပ်။ အမှတ်တရပွဲကို တခုတ်တရနဲ့လာတဲ့ တချို့ပရိသတ်တွေက ထူးအိမ်သင်ရဲ့ sketch ပုံကြမ်းလေးတွေပါတဲ့ Tshit ဆင်တူတွေနဲ့။ ငါးနာရီခွဲလောက်မှာ ဖျော်ဖြေရေးစင်ဘက်က ဒရမ်တွေ၊ဂစ်တာသံတွေစမ်းတဲ့ အသံအုပ်အုပ်ထွက်လာတော့ ပရိသတ်တော်တော်များများဝင်ပေါက်မှာ စီတန်းပြီးသားဖြစ်သွားတယ်။

အဲဒီအချိန်မှာပဲ ပရိသတ်ရင်းနှီးတဲ့ ဂစ်တာသံစဉ်တစ်ခု  စင်ပေါ်ကနေလွင့်လာတယ်။အမေ့ရဲ့ဒုက္ခအိုးလေးနဲ့ ဂစ်တာစမ်းနေတာက အိုင်စီကဆရာချစ်။  ဆရာချစ်ကိုတွေ့တာနဲ့ ကွင်းထဲကလူတွေ တဟေးဟေးနဲ့။ အိုင်စီက ဘိုးတော်တွေ စတိုင်တော့ အပြည့်ပဲ တစ်ဝိုင်းလုံးနီးပါးဦးထုပ်ကိုယ်စီနဲ့။
ဝုန်းဒိုင်းဝုန်းဒိုင်းနဲ့ကောက်တီးပြီး စင်ရှေ့ပြေးထွက်လာတာက မျိုးကြီး။ မှော်ဆရာအိပ်မက်ထဲက သွားကွယ်ဆိုတဲ့ Rock သီချင်းကို အိုင်စီလက်နဲ့ပြန်ဆန်းသစ်ပြီး  မျိုးကြီးရဲ့ပြင်းရှရှ vocal နဲ့ဆိုတော့မိုက်နေရော။ ပရိသတ်တွေအုန်းအုန်းထပေါ့။ မျိုးကြီးပြီးသွားတော့ Slash ဦးထုပ်နဲ့ လေးဖြူကြီးရောက်ချလာတယ်။ မင်္ဂလာပါဘာညာနှုတ်ဆက်ပြီးတော့ ကိုငှက်ရဲ့ ရော့ခ်အင်ရိုးအပျိုမကိုဆိုတယ်။ဒီလိုသီချင်းကို လေးဖြူဆိုမှတော့ပြောစရာ မလိုလောက်အောင်ပါပဲ။ စင်ပေါ်မှာ မိုက်စတန်းကြီးကိုင်ပြီး ဟိုဘက်လျှောက်၊ ဒီဘက်လျှောက်နဲ့ ဆရာသမားတော်တော် Feel၀င်နေတဲ့ပုံပဲ။ တော်တော်မိုက်ပါတယ်။ 

အဲဒီနောက် အိုင်စီနဲ့အတူ  ၀ိုင်ဝိုင်းတက်လာတယ်။ လူတွေကြားထဲ သိပ်ရေပန်းစားတဲ့ မေ့လိုက်တော့ဆိုတဲ့သီချင်း။ သီချင်းကြားတော့ ငယ်ငယ်ကဂစ်တာဝိုင်းမှာ အစ်ကိုတွေနဲ့ တူတူအော်တဲ့ အမှတ်တရလေးတွေ ပြန်လွမ်းရတယ်။ သိပ်ပေါက်တဲ့ သီချင်းတွေ။တစ်ခါတလေ စာသားကပြောင်းကပြန်ဖြစ်တတ်သလိုပဲ ၀ိုင်ဝိုင်းစာသားတွေ ခလုတ်တိုက်ဆိုတော့ အောက်က ပရိသတ်တချို့ ၀ူးဝူးဝါးဝါးအသံတွေ ထွက်လာတယ်။လုံးဝကို အမှားမခံကြတာ။ ပြီးတော့ အငဲ။

ကိုငှက်ရဲ့မုဒ်သိပ်ကောင်းတဲ့ အိပ်မက်။ ဒီသီချင်းက တစ်ပုဒ်လုံးမှာတော်တော်ခက်တဲ့ဆိုပေါက်တွေဖြစ်ပေမယ့် အငဲနဲ့ တော်တော်လိုက်ပါတယ်။ Chorus ကစာသားတွေ တစ်ကွင်းလုံးလိုက်အော်ကြတယ်။ ဒါပြီးတော့ လေးဖြူက အဆိုတော်တစ်ယောက်ကို ပရိသတ်နဲ့ မိတ်ဆက်ပြီးတင်ပေးလိုက်တယ်။ ဒေးဗစ်ခွန်နောင်။ ဒေးဗစ်ခွန်နောင်အကြောင်းသိတဲ့ပရိသတ်တွေလက်ခုပ်တီးပြီးကြိုကြတယ်။ နာရီသံတွေဆူညံလွန်းတယ်..ရင်ခုန်သံတွေမြန်တယ်အချစ်ရေဆိုတဲ့ နာရီပေါ်ကမျက်ရည်စက်များ အင်ထရိုစာသားကြားတာနဲ့ ပရိသတ်တွေ တပျော်တပါးပဲ။ သူ့အသံက လည်း ထူးအိမ်သင်စင်ပေါ်ရောက်နေသလားပဲ။ ကိုငှက်သီချင်းကို တစ်ပုံစံတည်းနားထောင်ချင်တဲ့ ပရိသတ်တွေအားရတဲ့ သီချင်းပေါ့။ အိုင်စီအလှည့် ခဏလေးနဲ့ပြီးသွားသလိုပဲ။

သူတို့အလှည့်ပြီးသွားတော့ ပွဲထိန်းဆရာ ကိုမောင်မောင်အေးထွက်လာတယ်။ ကိုငှက်ရဲ့အမှတ်တရတွေ ဂုဏ်ပြုချီးကျူးစကားကိုပြောပြီး မျှော်လင့်မထားတဲ့အစီစဉ်လေးတစ်ခုလုပ်တယ်။ ပရိသတ်တွေ ချစ်ကြလေးစားကြတဲ့ ကိုငှက်အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ တစ်မိနစ်ငြိမ်သက်ရအောင်ပါဆိုပြီး ခေါင်းလေးငိုက်စိုက်ချပြီး စင်ပေါ်ရပ်နေတယ်။ အောက်ကပရိသတ်တွေလဲ ကျွက်စီကျွက်စီဖြစ်နေရာက အသံတွေတိုးတိတ်။ အားလုံးငြိမ်သက်။ ဒါပြီးတော့  The tree အဖွဲ့သားတွေနဲ့ရေဗက္ကာဝင်း မေ့မရပြီစိတ်မှာစွဲဆိုတဲ့ မင်းမရှိတဲ့နောက်။ပြီးတော့ နောက်တစ်ပုဒ်။ပြီးတော့ စည်သူလွင် မြို့ပြညများနဲ့ မျှော်လင့်ချက်သာမထားခဲ့ရင်။နောက် နီနီခင်ဇော်။

 နွေဦးကံ့ကော် ။ ဒီအပိုင်းထိဆိုတဲ့ လူတွေအားလုံးအိုကေ။ပုံမှန်ဆိုတီးလောက်ပဲ အမှားအယွင်းမရှိ။သီချင်းပျက်တာမျိုးမရှိတာကလွဲလို့ သိပ်အားရစရာကြီးတော့မဟုတ်ဘူး။ အဲ့ဒီသီချင်းတွေတိုင်းမှာ ကိုငှက်ရဲ့အရိပ်တွေမမေ့နိုင်တဲ့ပရိသတ်တွေ အတွက်တော့ အဆင်ပြေနိုင်လောက်တာမျိုးမဟုတ်ဘူး ။ဒါပေမဲ့တစ်ခုသတိထားမိတာက အဆိုတော်တွေ သီချင်းတွေကိုဂရုတစိုက်တော့ရှိကြတာတွေ့ရတယ်။

ပြဿနာက ကိုငှက်လိုမုဒ်မျိုးနဲ့ နားမထောင်ရတာပဲ။ စာသားအလုံးတိုင်းမှာ သူ့လို ဂရုတစိုက်စိတ်နှစ်ပြီးဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။
သူတို့ပြီးတော့ ဘန်နီဖြိုး။ သိကြတဲ့အတိုင်းပဲ ပွဲမတိုင်ခင်ကတည်းက ဝေဖန်ခံထားရတဲ့ ဘန်နီဖြိုးစင်ပေါ်ရောက်တာနဲ့ တစ်ယောက်စနှစ်ယောက်စ လှမ်းအော်တာကြားရတယ်။ ဘန်နီဖြိုးက ကလေးရယ်ဆိုတဲ့ သီချင်းဆိုတယ်။ chorusရောက်တဲ့အထိ လက်ခုပ်သံဘာညာသိပ်မကြားရဘူး။ သူဘယ်နားမှားမလဲစောင့်နေကြပုံပဲ ။ သီချင်းဆုံးသွားတော့ မှ လက်ခုပ်သံတွေထွက်လာတယ်။
ပရိသတ်တွေလက်ခံနိုင်လောက်အောင်ဆိုပြသွားတယ်။ဒီသီချင်းက ဘန်နီဖြိုးနဲ့ အံ့သြလောက်အောင်လိုက်သွားတယ် ပြောရမယ်။ သီချင်းဆုံးသွားတော့ အနောက်ကနေကြည့်နေတဲ့ ပရိသတ်တစ်ယောက် အသံထွက်လာတယ်။ မထင်ရဘူးဟတဲ့။

အဲ့ဒီနောက်တော့ ချမ်းချမ်းက ရှေ့မှာ ဒေးဗစ်ခွန်နောင်ဆိုတဲ့ ‘နာရီပေါ်က မျက်ရည်စက်များ’ထပ်ဆိုတယ်။ အာဇာနည်က ကွာတားဘောင်းဘီနဲ့ ဂစ်တာတစ်လက်လွယ်ပြီး ခွင့်မပြုရယ် ရှေ့မှာ ၀ိုင်ဝိုင်းဆိုတဲ့ မေ့လိုက်တော့ရယ်ထပ်ဆိုတယ်။ အဆိုတော် တွေ သီချင်းတိုက်နေ၊ ထပ်နေတာတွေက ဘာကြောင့်လဲတော့မသိဘူး။

ပြီးတော့ ဂျေမောင်မောင်က ရွှေဆိုတဲ့ သီချင်းဆိုတယ်။ ကီးတော်တော်ချထားတယ်။ ဦးဂျေကြီးလည်းတာဝန်ကျေအောင် ဆိုတယ်။ ပွဲ Tempo က အိုင်စီရှေ့ဆုံးက၀င်သွားပြီး ရော့ခ်တွေအမြူးတွေချည်း ဆိုသွားတာကြောင့် လားမသိဘူး နောက်ပိုင်းတွေ တော်တော်လေးလာသလိုခံစားရတယ်။ တစ်ယောက်ပြီး တစ် ယောက် ဘာထူးထူးခြားခြားလုပ်မလဲမျှော်လင့်ပေမယ့် ပုံမှန်လေး ဂရုတစ်စိုက်ဆိုသွားကြတာပဲရှိတယ်။အဆိုတော်တိုင်းလိုလို စကားတွေဘာတွေ  စင်ပေါ်မှာအများကြီးပြောကြတာမရှိဘူး ။

ပြီးတော့ ထူးအိမ်သင်ရဲ့ညီဒီမွန်ကညီလေးရေသီချင်းနှစ်ပုဒ်တစ်ဆက်တည်းဆိုတယ်။
ဒီမွန်ကဒေးဗစ်ခွန်နောင်လောက်ကောင်းတာတော့မရှိဘူး။ ဒါပေမဲ့ ထူးအိမ်သင်ဆိုပေါက်တွေနဲ့အတတ်နိုင်ဆုံး တူအောင်ဆိုတယ်။ သူနဲ့အောက်ကပရိသတ်တွေ အဲဒီသီချင်းတွေ အတူတူဆိုကြတယ်။  သူ့အလှည့်ပြီးတော့ ထူးအိမ်သင်ရဲ့သမီးလေးမိကွန်ထောလေးကို မောင်မောင်အေးကစင်ပေါ်ခေါ်လိုက်တယ်။ ဂါဝန်အဖြူလေးနဲ့ကလေးလေးလိုချစ်စရာကောင်း တဲ့ မိကွန်ထောလေးက   နှလုံးသားကျမ်းစာနဲ့ နှစ်ပုဒ်ဆိုသွားတယ်။ မိကွန်ထောလေးနဲ့အောက်က ပရိသတ်တွေတူတူဆိုကြတယ်။ မိကွန်ထောလေးက ကိုငှက်ရဲ့  အသံပါရမီအမွေကိုတော့ မရရှာဘူး။သူဆိုပြီးတော့ မောင်မောင်အေးက စင်ပေါ်ကမဆင်းသေးပဲ ကိုငှက်ရှိစဉ်က အမှတ်တရလုပ်ထားတဲ့ ကွန်ကရစ်ပြားလက်ရာပုံစံချပ်လေးစင်ပေါ်တင်လာတယ်။ အဲ့ဒီ ကိုငှက်လက်ရာ ဘယ်၊ညာနှစ်ဖက်ပေါ်မှာ မိကွန်ထောလေးရဲ့လက်ကလေးနှစ်ဖက်နဲ့ထိတွေ့ပေးတယ်။ အဲ့ဒီအခိုက်အတန့်က မိကွန်ထောရောပရိသတ်တွေ စိတ်ထဲ ဘယ်လိုရှိမယ်ဆိုတာပြောစရာတောင် လိုမယ်မထင်ဘူး။

ပြီးတော့ မောင်မောင်အေးက ပရိသတ်သတ်ထဲ ဘောလုံးလေးတွေပစ်ပေးပြီး ဘောလုံးရတဲ့လူစင်ပေါ်တင် ကိုငှက်လက်နဲ့ပေးထိ။
ဒီနောက်ပိုင်း Bandတွေပြောင်းလိုက် အဆိုတော်တွေပြောင်းလိုက်။လက်ခုပ်တွေတီးလိုက်၊ သီချင်းတွေလိုက်ဆိုလိုက်ကြနဲ့တဖြည်းဖြည်းတခြားပြန်ဆိုတေးပွဲတွေနဲ့မခြား ခံစားလာရတယ်။ဒီနောက်မှာတော့တကယ်ထူးထူးခြားခြား ပရိသတ်သတိထားမိလောက်အောင်ဆိုသွားတဲ့အဆိုတော်တချို့ကိုပဲ ရွေးထုတ်ပြောပြချင်ပါတယ်။
အိုင်းရင်းဇင်မာမြင့်၊ ကောင်းကောင်း ပုံမှန်ပါပဲ ။ သူတို့နောက်မှာတော့ ဖြူဖြူကျော်သိန်း။ လေးဇီးကလပ်က ကီးဘုတ်ဆရာနဲ့ KB onlyနဲ့အခါလွန်မိုး။ တီးထားတာလေး တော်တော်မိုက်ပါတယ်။ တကယ်ငြိမ့်တယ်။ တစ်ခုတော့ရှိတယ် အခါလွန်မိုးကိုဖြူဖြူကျော်သိန်းဆိုတော့ ကိုငှက်မုဒ်ကိုတမ်းတမ်းစွဲဖြစ်တဲ့ ပရိသတ်တွေအတွက်တော့ ပြဿနာရှိပါတယ်။ 

အာလုပ်သံသြသြနဲ့ ဖြူဖြူကျော်သိန်းရဲ့အခါလွန်မိုးတော့ ဖြစ်သွားတယ်။ ပရိသတ်တွေ သူ့ပုံစံကိုပဲအားပေးကြတာတွေ့ရပါတယ်။တစ်ကွင်းလုံးရဲ့လိုက်ဆိုတဲ့ အသံက ပွဲထဲမှာ ဟိန်းနေတယ်။
အဲ့ဒီနောက်မှာ ပရိသတ်တွေရဲ့လက်ခုပ်သံတွေသိမ်းကျုံးယူသွားတဲ့ အဆိုတော်တစ်ယောက်က သျှီ။စင်ပေါ်တက်လာတာနဲ့ ကိုငှက်ပွဲကို ပရိသတ်တချို့ပြောကြတာတွေနဲ့ ပတ်သတ်ပြီးစကားနည်းနည်းပြောတယ်။ပြီးတော့ ဗင်းဆင့်ဗန်ဂိုးတမ်းချင်း သီချင်းဆိုတဲ့အချိန်မှာရှေ့က ဆိုသွားတဲ့ အဆိုတော်တွေနဲ့သူဆိုတာ ဘာကွာလဲတွေ့ရပါတယ်။

တစ်ပွဲလုံးမှာ နှစ်နှစ်ကာကာခံစားပြီးဆိုသွားတာ သျှီတစ်ယောက်ပဲ သိသိသာသာရှိပါတယ်။ စာသားတိုင်း၊ စကားလုံးတိုင်း အလေးအနက်ဆိုထားတဲ့ ကိုငှက်ရဲ့သီချင်းကို သူ့ပုံစံနဲ့သူ အလေးအနက်ထားဆိုသွားတာ တော်တော်မိုက်ပါတယ်။ ဟော်လိုတစ်လုံးထဲနဲ့တွဲဆိုတဲ့ ဒီသီချင်းအဆုံးမှာ ပရိသတ်တွေလက်ခုပ်သံတော်တော်နဲ့မတိတ်ဘူး။ပြီးတော့မောင်မောင်အေး။ မောင်မောင်အေး ဘယ်လိုဆိုမလဲဆိုတဲ့ သံသယတွေ ကင်းသွားအောင် ဆိုသွားတယ်။

သူ့နောက်မှာတော့ SIR က Big Bag။သူတို့လည်း သိပ်စကားအများကြီး မပြောဘူး။သက်ငြိမ်ကို သုံးယောက်တည်းတီးဆိုတယ်။ ကျားပေါက်ဒီသီချင်းကိုတော့ အမြင်မတူတဲ့လူတွေရှိလိမ့်မယ်။ ဒါပေမဲ့ ကျားပေါက်တို့  ဖျော်ဖြေတဲ့ပုံစံအသစ်တော့ဖြစ်သွားတယ်။

အဲ့ဒီနောက် Idoits က ရေမွန်။ ရေမွန်က ဦးငှက်ပရိသတ်တွေတော့ ကျွန်တော်တို့ကို သိမှာမဟုတ်ဘူး။ကျွန်တော်တို့ ဦးငှက်သီချင်းကိုဖျက်မှာ မဟုတ်ပါဘူးတဲ့။ ကိုင်တဲ့သီချင်းက ထူးအိမ်သင်ဖန်တီးတဲ့အထဲမှာ မှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ မဟာဝီရ အိုဗုဒ္ဒ။ သူတို့ Band က ပုံမှန် player တွေအပြင် အိန္ဒိယဗုံ၊ Tabla နဲ့ ဂစ်တာသမားတစ်ယောက်ထပ်ဖြည့်ပြီး ဖျော်ဖြေတယ်။ပြန်ပြီး Arrange လုပ်ထားတာရောတီးတာတွေ တော်တော်ကြွပါတယ်။ တော်တော်လေးလည်းကောင်းကောင်းတီးနိုင်ကြတယ်။ ဒါပေမယ့် Instrument  တွေကြောင့်လား၊ ဆိုပုံဆိုပေါက်ကြောင့်လားမသိဘူး။ Vocal သံတော်တော်အာရုံစိုက်နားထောင်ရတယ်။ တချို့နေရာတွေ စာသားတွေလုံးနေတယ်။Idiots ကို လက်ခုပ်သံတွေပေးကြတယ်။

အဲ့ဒီနောက် ဇော်ဝင်းထွဋ် Rock တစ်ပုဒ် ဂစ်တာကဖီး။ အင်ပါရာနဲ့ ဦးညီထွဋ်။ ဒီသီချင်းနဲ့ ၀ုန်းတာတော့ တော်တော်မိုက်တယ်။ အဲ့ဒီနောက်မှာ ROS နဲ့ဘိုဖြူ။ ကိုအောင်။ ဒီပွဲမှာနောက်ထပ် အသိအမှတ်ပြုလောက် အောင်ကောင်းတဲ့သူက ကိုအောင်။ အခုထိ အရင်အသံအတိုင်း။ အဲ့ဒီအပြင် ကိုငှက်
အသံကာလာနဲ့ တော်တော်တူတဲ့ကိုအောင်နဲ့ ဒီသီချင်းတွေနဲ့လုံးဝအစပ်အဟပ်တည့်ပါတယ်။ပြီး တော့ ဆုန်သင်းပါရ်။ ဒီပွဲထဲမိုက်တဲ့သူထဲမှာပါတယ်။ အဝေးဆုံးဝေးသွားလဲ။ နောက်ဆုံးနားလေး အမြင့်ဆုံးကီးနဲ့အော်တဲ့နေရာ အရောက်မှာ ပရိသတ်ဆီက လက်ခုပ်သံတွေ ဝေါခနဲထွက်လာတယ်။
ပြီးတော့ ဇော်ပိုင်နဲ့တွဲပြီး ရင်ခုန်ရင်အချစ်။ သူတို့နောက်မှာ ဂျီလတ်။ ငါပြန်ခဲ့ပါပြီ ငါလေပြန်ခဲ့ပြီ ရင်မှာနားလည်ရင်း ငါလေပြန်ခဲ့ပြီ။ ဒီသီချင်းတော့ နားထောင်ရတာတစ်မျိုးပါပဲ။

ပရိသတ်တွေလိုက်ဆိုကြတယ်။ နောက်က တီဗီမှာတော့ ကိုငှက်ရှားရှားပါးပါး ပဲများထားတဲ့ MTV နောက်ခံနဲ့ ဖွင့်ပေးထားတယ်။ ပြီးတော့ ဂျီလတ်က စိုင်းစိုင်းခမ်းလှိုင်ကို ခေါ်လိုက်တယ်။ဂျီလတ်နဲ့ကိုငှက် တွဲဆိုထားဖူးတဲ့ ‘ငါတရားစီရင်တော်မူခန်း’။ဒီသီချင်းကို အားမနာပ ပြောရရင်တော့ တစ်ပွဲလုံးအဆိုးဆုံးထဲမှာပါပါတယ်။ကိုငှက်နေရာက ဂျီလတ် အဆင်မပြေပါဘူး။ဂျီလတ်နေရာမှာ Rapping ၀င်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်လည်း သိပ်အပေါက်အလမ်းမတည့်ပါဘူး။ ပုံစံအသစ်လည်းဖြစ်မသွားပါဘူး။

သူတို့ပြီးသွားတဲ့အချိန်မှာ ကိုမောင်မောင်အေးက ကြေညာမထားတဲ့ အဆိုတော်တစ်ယောက်ကို စင်ပေါ်ခေါ်လိုက်တယ်။နောက်က တီဗီကြီးမှာ ကိုငှက် ရှိုးပွဲတစ်ခုမှာဆိုထားတဲ့ သီချင်းနှစ်ပုဒ်သုံးပုဒ်လောက်လွှင့်ပေးတယ်။ ဒီအခိုက်အတန့်ကတော့ ကိုငှက် ပရိသတ်တွေအတွက် တကယ်ထိတဲ့အစီအစဉ်လေးဖြစ်သွားတယ်။နောက်ဆုံးပိတ်အနေနဲ့ ကိုငှက်ရဲ့ဂီတညီအစ်ကိုမောင်နှမတွေ စင်ပေါ်စုပြီး ဧရာဝတီအပိတ် သီချင်းနဲ့ပရိသတ်ကိုနှုတ်ဆက်လိုက်ကြပါတယ်။

ဆဲသံဆိုသံဝေဖန်သံတွေညံစီခဲ့တဲ့ကိုငှက်ရဲ့(၁၀)နှစ်ပြည့်ပွဲကအေးအေးချမ်းချမ်းပဲပြီးသွားခဲ့ပါတယ်။
အဆိုတော်တိုင်းလိုလိုလည်း ဒီပွဲမှာ ခါတိုင်းပွဲတွေထက် pressure ရှိနေသလို။အမှားအယွင်းမဖြစ်အောင် တော်တော်ဂရုစိုက်ကြတာတွေ့ရတယ်။တချို့တွေ ထင်ကြသလို ကိုငှက်သီချင်းတွေ ရုပ်ဆိုးလောက်အောင်ပျက်စီးမယ်ဆိုတဲ့အခြေအနေမျိုးလည်းမရှိခဲ့ပါဘူး။ပွဲအစအဆုံးပရိသတ်သောင်းချီပြီး ကွင်းလုံးပြည့်ရှိခဲ့ပြီးအေးချမ်းရာမှာရှိနေမယ့် ကိုငှက်ကတော့ ဒီပွဲကိုကျေနပ်လောက်လိမ့်မယ် ထင်ပါတယ်။
ကိုငှက်တစ်ယောက် သူ့ကိုချစ်တဲ့ ပရိသတ်တွေရဲ့မေတ္တာတွေနဲ့ အေးချမ်းနိုင်ပါစေ။

မူရင်း= http://www.7daydaily.com/story/19120#.U_yfYGOM-Sp

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...