စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သုံးထပ်သားပါးပါးကြား ကျောတစ်ခင်းစာ


 
အဆောင်အခန်းထဲတွင် ကွန်ပျူတာသုံးနေသူတစ်ဦး (ဓာတ်ပုံ - ဥက္ကာကိုကို)
အလျားဆယ်ပေ၊ အနံငါးပေခန့်သာရှိသည့် အဆောင်အခန်းကျဉ်းလေးထဲမှာ ကိုအောင်မျိုးနိုင်တစ်ယောက် နိစ္စဓူဝနိုးထလာသည်။ အိပ်ရာဘေးတွင်ချထားသည့် ရေဘူးလေးကို ကောက်မော့လိုက်ပြီး အိပ်ရာခင်းနှင့် စောင်ကို ခေါက်ကာ ခေါင်းရင်းမှာ ခေါင်းအုံးနှင့်အတူ သပ်သပ်ရပ်ရပ်တင်ထားလိုက်သည်။
ညဘက်က ဖတ်ရင်းအိပ်ပျော်သွားသည့် ဖတ်လက်စစာအုပ်လေးကို ခေါင်းရင်းရှိ စာအုပ်ပုံအနီးက လက်ပ်တော့လေးပေါ် ပစ်တင်လိုက်သည်။

 ခြေရင်းရှိ နိုင်လွန်ကြိုးတန်းလေးပေါ်က မျက်နှာသုတ်ပ၀ါနှင့် အ၀တ်အစားသေတ္တာလေး နံဘေးချထားသည့် သွားပွတ်တံ၊ သွားတိုက်ဆေးဘူး၊ မျက်နှာသစ်ဆေး၊ ဆပ်ပြာတုံးတို့ စုထည့်ထားသော အိတ်ကလေးကို ကောက်ယူကာ ခနော်ခနဲ့ တံခါးချပ်လေးကိုဖွင့်၍ ရေမိုးချိုးရန် အိမ်အောက်ထပ်သို့ ဆင်းလိုက်သည်။

သူက အဆောင်ပိုင်ရှင်ထံမှာ မနက်စာထမင်းတစ်နပ်ကို ကပျာကယာစားသောက်ပြီး နံနက်ကိုးနာရီခွဲအမီ ရုံးတက်ရန် ဘတ်စ်ကားဂိတ်သို့ သုတ်ခြေတင်ရလိမ့်ဦးမည်။ ညနေအလုပ်ပြီးလျှင်တော့ လမ်းဘေးထမင်းဆိုင် တစ်ဆိုင်ဆိုင်က ဈေးပေါပေါထမင်း တစ်ပွဲဝယ်စား၍ အဆောင်ခန်းကျဉ်းကျဉ်းလေးထဲသို့ တစ်ညတာ အနားယူအိပ်စက်ရန် ပြန်လည်ရောက်ရှိလာရလိမ့်မည်။

ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ပေါများသည်ဆိုသော ရန်ကုန်မြို့တော်ကြီးသို့ ရောက်ရှိလာကြသည့် အနယ်နယ်အရပ်ရပ်မှ လူငယ်တို့အတွက် ပထမဆုံးကြုံတွေ့ရသည့် အခက်အခဲမှာ ကျောတစ်ခင်းစာခိုနားရာပင် ဖြစ်သည်။
အိမ်ခန်း၊ တိုက်ခန်းငှားရမ်းခဈေးနှုန်းများ အဆမတန်မြင့်မားလွန်းသည့် ရန်ကုန်မြို့တွင် တိုက်ခန်းငှားရမ်း၍သော်လည်းကောင်း၊ အိမ်ခန်းငှားရမ်း၍သော်လည်းကောင်း၊ နေထိုင်အသက်မွေးဝမ်းကျောင်းပြုရန် မလွယ်ကူသည့်အတွက် တစ်ကိုယ်စာ ညအိပ်နေရာအတွက် လူငယ်တို့မှာ အဆောင်များကိုပင် အားကိုးအားထားပြုနေကြရသည်။
အချို့သောလူငယ်တို့က မိမိလုပ်ကိုင်ရာလုပ်ငန်းခွင်မှ ဘ၀တူလူငယ်တို့နှင့် စုပေါင်းကာ တိုက်ခန်းငှားရမ်းနေထိုင်မှုမျိုး ရှိသော်လည်း အများစုမှာတော့ အဆောင်မှာပင် နေထိုင်ကာ ရုန်းကန်လှုပ်ရှားရစမြဲ။

တိုက်ခန်းငှားရမ်းခ တစ်လလျှင် ကျပ်တစ်သိန်းခွဲမျှဆိုပါက လူငယ်ခြောက်ဦးခန့်စု၍ တစ်ဦးလျှင် သုံးသောင်းကျပ်သာ ကျသင့်မည်ဖြစ်သော်လည်း ရန်ကုန်မြို့ရှိ တိုက်ခန်းများမှာ စပေါ်ငွေပေးရခြင်းဖြင့်လည်းကောင်း၊ အနည်းဆုံး ခြောက်လစာချုပ်ချုပ်ဆိုရခြင်းဖြင့်လည်းကောင်း ပေးချေနိုင်မှသာ နေထိုင်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် များများစားစား မတတ်နိုင်ကြသူတို့က ရပ်ကွက်ငယ်များအတွင်းမှ အဆောင်လောကဆီသို့သာ ခြေလှမ်းကြရသည်။

အသက်(၃၀)အရွယ် ကိုအောင်မျိုးနိုင်သည် ရန်ကုန်မြို့တွင် လာရောက်အလုပ်လုပ်ကိုင်ပြီး အဆောင်မှာပင် နေထိုင်ခဲ့သည်မှာ ၇ နှစ်ပင်ရှိပြီ ဖြစ်သည်။ သတင်းမီဒီယာအလုပ်လုပ်ကိုင်သည့် ကိုအောင်မျိုးနိုင်တစ်ယောက် နေ့လယ်ခင်းမှာ အလုပ်ခွင်ဝင်ရောက်ကာ ညဘက်တွင် ၅ ပေ×၁၀ပေ အဆောင်ခန်းလေးထဲတွင် နားစက်ခြင်း၊ စာရေးခြင်းဖြင့် ၇ နှစ်တာကို ဖြတ်သန်းခဲ့သည်။

‘‘အဆောင်စုငှားမယ်ဆိုရင် စပေါ်တင်ရမှာနဲ့ ခြောက်လစာ တစ်ခါတည်းပေးရမှာနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ ကိုယ်က ညဘက်အိပ်ဖို့ နေရာတစ်ခုပဲလိုတာ။ အဆောင်ကကျတော့ တစ်လချင်း ပဲပေးရတယ်လေ။ လကုန်လို့လခရရင် အဆောင်ခပေး၊ ထမင်းစရိတ်ပေးရုံပဲ။ ထမင်းကိုလည်း အဆောင်ပိုင်ရှင်ဆီမှာပဲ လပေးနဲ့စားတယ်’’ဟု သူကပြောပြသည်။ တစ်နယ်တစ်ကျေးမှ လာရောက်ပြီး ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်ရင်း၊ ပညာသင်ရင်း ကျင်လည်နေကြသည့် လူငယ်များကဲ့သို့ပင် ကိုအောင်မျိုးနိုင်မှာလည်း တိုက်ခန်းအိပ်မက်ရှိသည်။ လာမည့် ၂၀၁၅ ခုနှစ်၊ သီတင်းကျွတ်ကာလရောက်လျှင်တော့ အပိုင်မ၀ယ်နိုင်သော်လည်း တိုက်ခန်းလေးတစ်ခန်း ငှားရမ်းနေထိုင်နိုင်ရန် သူက စိတ်ကူးထားသည်။ အဆိုပါတိုက်ခန်းလေးတွင် ကိုအောင်မျိုးနိုင်က သူရွေးချယ်ထားသည့် ဘ၀ကြင်ဖော်နှင့်အတူ နေထိုင်ကြမည် ဖြစ်သည်။

‘‘လာမယ့် သီတင်းကျွတ်လောက်ကျရင်တော့ လက်မှတ်ထိုးကြမယ်လို့ ဆုံးဖြတ်ထားတယ်။ အဲဒီအခါကျရင် အဆောင်မှာနေလို့ မရတော့ဘူးလေ။ တိုက်ခန်းလေးတစ်ခန်းတော့ ငှားရမှာပဲ။ အဲဒီအတွက် အခုကတည်းက ပိုက်ဆံစုနေရပြီ’’ဟု သူကဆိုသည်။

ရန်ကုန်မြို့တွင် တိုက်ခန်းငှားရမ်း၍ မနေထိုင်နိုင်သည့် လူတန်းစားတစ်ခုထဲတွင် လူလွတ်လူငယ်များအပြင် အိမ်ထောင်ရှင်စုံတွဲအချို့လည်း ပါဝင်သည်။ လက်ထပ်ပြီးသား အိမ်ထောင်ရှင်များဖြစ်သော်လည်း ဈေးမြင့်မားလွန်းသည့် တိုက်ခန်းငှားရမ်းခကို မတတ်နိုင်သေးသဖြင့် လင်မယားနှစ်ဦးစလုံး အဆောင်တွင်နေထိုင်ကြရသည့် အခြေအနေမျိုးရှိဖူးသည်။ မြို့တွင်းခြောက်မြို့နယ်အတွင်းမှာတော့ ယခုနောက်ပိုင်းတွင် အိမ်ထောင်ရှင်စုံတွဲများကိုထားသည့် အဆောင်ငယ်အချို့ ပေါ်ပေါက်လာနေသည်ကို တွေ့ရသည်။

‘‘တိုက်ခန်းတွေက လက်ထဲမှာပိုက်ဆံရှိတိုင်း ငှားလို့မလွယ်ဘူး။ လက်ထဲမှာ ငွေမရှိတဲ့အချိန်ကျတော့ ရချင်ရနေတာ။ အဲဒီတုန်းက တိုက်ခန်းငှားဖို့ အဆင်မပြေလို့ မိန်းမက အမျိုးသမီးအဆောင်မှာနေတယ်။ ကျွန်တော်က ယောက်ျားလေးအဆောင်မှာ သွားနေတယ်။ ခြောက်လလောက်ကြာခဲ့တယ်။ သူ့အလုပ်နဲ့ ကိုယ့်အလုပ် မတူတော့ သိပ်မတွေ့ရဘူး။ လင်မယားဖြစ်ပေမယ့် တွေ့ချင်တဲ့အချိန်မတွေ့ရဘူး။ မိန်းကလေးအဆောင်ကလည်း ယောက်ျားလေးဧည့်သည် သိပ်လက်မခံဘူးလေ။ တော်တော်ဒုက္ခရောက်ခဲ့တယ်။ အလုပ်နားရက်တချို့ကျမှ တည်းခိုခန်းတစ်ခုခုသွားပြီး တွေ့ရတယ်’’ဟု တိုက်ခန်းငှားရမ်းနေထိုင်ရန် အခက်အခဲကြောင့် ဇနီးမောင်နှံနှစ်ဦးစလုံး အဆောင်ကိုယ်စီနေထိုင်ခဲ့ကြဖူးသည့် အသက်(၂၉)နှစ်အရွယ် အမျိုးသားတစ်ဦးက ပြန်ပြောပြသည်။

ရန်ကုန်တွင် လပေးစနစ်ဖြင့် နေထိုင်၍ရသည့် အဆောင်များကို ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်တို့မှာ အများဆုံးတွေ့နိုင်ပါသည်။ တက္ကသိုလ်နယ်မြေ၀န်းကျင်များ ဖြစ်ကြသော ကမာရွတ်မြို့နယ်၊ လှည်းတန်းတစ်ဝိုက်၊ လှိုင်မြို့နယ်တစ်ဝိုက်ရှိ ရပ်ကွက်များအတွင်း အမျိုးသားအဆောင်၊ အမျိုးသမီးအဆောင်များကို ပေါများစွာ တွေ့မြင်ရမည် ဖြစ်သည်။

ရပ်ကွက်နေသူတို့က မိမိတို့နေထိုင်သည့် နှစ်ထပ်သွပ်မိုးပျဉ်ကာ လုံးချင်းအိမ်များကို အပေါ်ထပ်ဖြစ်စေ၊ အောက်ထပ်ဖြစ်စေ အဆောင်အဖြစ် အသွင်ပြောင်းလဲကာ ငှားရမ်းလေ့ရှိကြသည်။ အိမ်ပိုင်ရှင်မိသားစုနှင့်အတူ နေထိုင်ရခြင်းဖြစ်ပြီး များသောအားဖြင့် သုံးထပ်သားကာရံကာ တစ်ယောက်အိပ်၊ နှစ်ယောက်အိပ်အခန်းငယ်များ ဖွဲ့စည်းပေးထားတတ်ကြသည်။
ထိုသို့ အဆောင်တစ်ခုတွင် လပေးစနစ်ဖြင့် ငှားရမ်းနေထိုင်မည်ဆိုပါက တစ်လလျှင် တစ်သောင်းခွဲကျပ်မှ သုံးသောင်းကျပ်အထိသာ ကျသင့်မည်ဖြစ်ပြီး အချို့အဆောင်ပိုင်ရှင်များက အဆောင်နေသူတို့၏ အ၀တ်အစားကို လျှော်ဖွပ်၊ မီးပူတိုက်ပေးခြင်း၊ ထမင်းတစ်နပ်ကျွေးမွေးခြင်းတို့ဖြင့် ၀င်ငွေကို ပိုမိုတိုးပွားစေရန် ကြံရွယ်လေ့ရှိကြသည်။

အဆောင်စည်းကမ်းများမှာ များသောအားဖြင့် မိန်းကလေးအဆောင်များမှာသာ တင်းကျပ်လေ့ရှိသော်လည်း ယောက်ျားလေးအဆောင်များမှာတော့ အတန်အသင့်လွတ်လပ်မှုရရှိကြသည်။
‘‘ယောက်ျားလေး၊ မိန်းကလေး ဧည့်သည်တွေလာရင် အောက်ထပ်က ဧည့်ခန်းမှာပဲ စကားပြော၊ လက်ဖက်ရည်ဆိုင်ထွက်ပြီး စကားပြောခိုင်းတယ်။ အပြင်ကလာတဲ့ ဧည့်သည်က အဆောင်ကပစ္စည်းတစ်ခုခု ယူသွားတာမျိုးဖြစ်မှာစိုးလို့။ ပြီးတော့ အရက်သေစာသောက်စားတာ ခွင့်မပြုဘူး။ အပြင်ကသောက်လာပြီး ရစ်တာ၊ စကားများတာလည်း လက်မခံဘူး။ အဆောင်ကိုပြန်မလာဖြစ်တဲ့နေ့ဆိုရင် ကြိုဖုန်းဆက်ပြီး အကြောင်းကြားခိုင်းရတာပေါ့’’ဟု လှိုင်မြို့နယ်၊ ဓမ္မာရုံ(၂)လမ်းတွင် ယောက်ျားလေးအဆောင်ဖွင့်လှစ်ထားသော ဒေါ်မြမြစန်းက စည်းကမ်းချက်အချို့ကို ပြောပြသည်။

အဆောင်နေသူတို့က အန်တီစန်းဟု ခေါ်ကြသော ဒေါ်မြမြစန်းက သူတို့မိသားစုနေထိုင်ရာ နေအိမ်၏ အပေါ်ထပ်ကို သုံးထပ်သားများဖြင့် အခန်းဖွဲ့ကာ ဆယ်ဦးစာနေထိုင်နိုင်သည့် အဆောင်အဖြစ် ဖွင့်လှစ်လာခဲ့သည်မှာ ရှစ်နှစ်တိုင်ခဲ့ပြီ။

အန်တီစန်း၏ အဆောင်တွင် နယ်မှတက်လာပြီး ရန်ကုန်၌ အလုပ်လာလုပ်သူ အသက်(၂၀) မှ (၃၀) ၀န်းကျင် အမျိုးသားများနေထိုင်ကြသည်။ အဆောင်နေသူတို့ မှာ တစ်နှစ်မှ ငါးနှစ်အထိ ကြာမြင့်နေသူလည်းရှိပြီး တစ်လဖြင့် ပြန်သွားသူအချို့လည်း ရှိကြသည်။

‘‘အိမ်ငှားတင်ထားမယ်ဆိုရင် အနည်းဆုံးခြောက်လစာချုပ်နဲ့ဆိုတော့ တကယ်လို့ ကိုယ်မကြိုက်ဘူးဆိုရင် ဖယ်ခိုင်းဖို့အတွက် စာချုပ်ပြည့်အောင်စောင့်ရတယ်။ အဆောင်ကျတော့ တစ်လချင်း ကြိုပေးရတာဆိုတော့ မကြိုက်ရင် ချက်ချင်းနှင်ထုတ်လို့ ရတယ်လေ။ အိမ်အတွက် အပိုဝင်ငွေလည်း ရအောင်လို့ပါ’’ဟု ဒေါ်မြမြစန်းက အဆောင်ဖွင့်ရသည့် ရည်ရွယ်ချက်ကို ရှင်းပြသည်။
အဆောင်သို့ လာရောက်နေထိုင်ကြသူများကို အလုပ်အကိုင်တစ်ခုခုရှိသောသူ၊ မှတ်ပုံတင်ရှိသောသူများကိုသာ ဦးစားပေးလက်ခံပြီး များသောအားဖြင့်တော့ အဆောင်တွင် ကြာမြင့်စွာနေထိုင်သူအချို့နှင့် ပတ်သက်သော သူငယ်ချင်း၊ မိတ်ဆွေအဆက်အသွယ်များကိုသာ လက်ခံလေ့ရှိသည်ဟု ဆိုသည်။

အသက်(၂၄)နှစ်အရွယ် လူငယ်အင်ဂျင်နီယာတစ်ဦးဖြစ်သည့် သက်ကိုသည် ကောလင်းမြို့မှနေ၍ ရန်ကုန်မြို့သို့ရောက်လာကာ လှိုင်မြို့နယ်ရပ်ကွက်တစ်ခုအတွင်းရှိ အဆောင်တွင်နေထိုင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ အလုပ်လုပ်ကိုင်နေခဲ့သည်မှာ တစ်နှစ်ခန့်သာရှိသေးသည်။

ရန်ကုန်သို့ရောက်ခါစက အသိမိတ်ဆွေများစု၍ တိုက်ခန်းတစ်ခန်း ငှားရမ်းနေထိုင်ကြရန် ကြံစည်ဖူးသော်လည်း လူမညီ၍မနေဖြစ်ခဲ့ပေ။ တိုက်ခန်းငှားရမ်းနေထိုင်ခြင်းက ခြောက်လစာချုပ်ဖြင့် ငှားရမ်းရခြင်းဖြစ်သည့်အတွက် ပထမခြောက်လအတွင်း စု၍ငှားရမ်းနေထိုင်ကြသူ ငါးဦးခန့်ထဲမှ နှစ်ဦးလောက်က ဆက်လက်မနေထိုင်တော့ပါက နောက်ထပ်ခြောက်လစာချုပ်အတွက် ငွေကြေးအဆင်မပြေဖြစ်ရတတ်သည်။
ထို့ကြောင့် အသိမိတ်ဆွေများ ငါးယောက်၊ ခြောက်ယောက်ခန့်စု၍ တိုက်ခန်းတစ်ခန်းငှားရမ်း နေထိုင်မည့် အမျိုးသားလူငယ်တို့က မိမိနှင့် စိတ်တူကိုယ်တူ ညီညွတ်နိုင်မည့်သူများကိုသာ ရှာဖွေရွေးချယ်ကြလေ့ရှိသည်။ လူမညီပါက နောက်ဆုံးတွင်တော့ အဆောင်တစ်ခုခုမှာပဲ တစ်လချင်းကြိုပေး၍ ဖြစ်သလို နေလိုက်ကြရတော့သည်။

‘‘မိဘအိမ်မှာ နေရတာနဲ့တော့ မတူဘူးပေါ့။ နေ့လယ်ဘက်၊ ညဘက်ဆို ပူအိုက်လွန်းတာတော့ ဒုက္ခရောက်တယ်။ အဆောင်ထဲမှာ ဂစ်တာမတီးရဘူး။ အခန်းထဲကို ရည်းစားမိန်းကလေးခေါ်လာလို့ မရဘူး။ ထမင်းကတော့ ကြုံရာစားတာပဲ။ အခု သင်တန်းတွေ တက်နေတယ်။ အလုပ်လည်း လုပ်တယ်။ အတွေ့အကြုံယူနေတာပါ။ အဓိကရည်မှန်းချက်ကတော့ နိုင်ငံခြားထွက်နိုင်ဖို့ ပိုက်ဆံစုနေတာပဲ’’ဟု သက်ကိုကပြောပြသည်။

သူက တစ်လလျှင် တစ်သောင်းရှစ်ထောင်ပေးရသည့် အဆောင်ခန်းလေးမှာ သူ့လိုပဲ ရန်ကုန်တက်၍ အလုပ်လာလုပ်သော ပြည်မြို့သားတစ်ဦးနှင့် အတူနေထိုင်ရသည်။
အ၀တ်အစားကို အဆောင်ပိုင်ရှင်ထံမှာပင် အင်္ကျီတစ်ထည်တစ်ရာကျပ်၊ ဘောင်းဘီတစ်ထည် နှစ်ရာကျပ်ခန့်ဖြင့် လျှော်ဖွပ်မီးပူတိုက်ရပြီး လကုန်မှပင် အဆောင်ခနှင့် တစ်ပါတည်းပေါင်းရှင်းခြင်းဖြင့် အဆင်ပြေစေသည်။

တိုက်ခန်းတစ်ခန်းတွင် နေထိုင်နိုင်ဖို့ကိုမူ သက်ကိုတစ်ယောက်လည်း အများနည်းတူ ရည်မှန်းထားတာ ဖြစ်သည်။ လတ်တလောမှာတော့ တိုက်ခန်းကို အတူငှားရမ်းနေထိုင်ရန်အတွက် စိတ်တူကိုယ်တူ မိတ်ဆွေနှစ်ဦးသာ ရသေးကြောင်း သူကပြောပြသည်။

လှည်းတန်း၊ သံလမ်း၊ ဘူတာရုံလမ်း၊ ဓမ္မာရုံလမ်း၊ စံရိပ်ငြိမ်၊ ဆင်ရေတွင်း၊ အုတ်ကျင်း၊ သမိုင်း စသည့် တက္ကသိုလ်နယ်မြေနှင့် အနီးတစ်ဝိုက် ရပ်ကွက်များအတွင်းရှိ အဆောင်များတွင် နယ်မှတက်လာပြီး ပညာသင်ယူနေသူ၊ သင်တန်းတက်ရောက်နေသူ လူငယ်များနှင့် လုပ်ငန်းခွင်ဝင်ရောက် အလုပ်လုပ်ကိုင်နေသူများ အဓိကနေထိုင်ကြသည်။

ထို့အပြင် လှိုင်သာယာမြို့နယ်နှင့် သန်လျင်မြို့နယ်ကဲ့သို့သော ရန်ကုန်မြို့ပြင်ရှိ မြို့နယ်ရပ်ကွက်များတွင်လည်း တစ်လချင်းကြိုပေးရသည့် အခန်းကျဉ်းအဆောင်ငယ်လေးများစွာရှိသည်။ ထိုအဆောင်ငယ်လေးများမှာတော့ နယ်မှတက်လာပြီး လှိုင်သာယာစက်မှုဇုန်ကဲ့သို့သော စက်ရုံအလုပ်ရုံနယ်မြေတွင် ၀င်ရောက်အလုပ်လုပ်ကိုင်သူ အများစုနေထိုင်ကြသည်။

စက်ရုံလုပ်သားများနေထိုင်သည့် အဆောင်များမှာ တက္ကသိုလ်နယ်မြေတစ်ဝိုက်ရှိ အဆောင်ခန်းလေးများထက်ပင် ပိုမိုကျဉ်းမြောင်းပြီး အဆောင်ခဈေးနှုန်းကလည်း ပိုသက်သာလေ့ရှိသည်။ ထိုမြန်မာ့စီးပွားရေးမြို့တော် ရန်ကုန်မြို့ကြီးတွင် အိမ်ခြံမြေနှင့် တိုက်ခန်းဈေးများ အဆမတန် ဖောင်းပွမြင့်တက်လာနေသည်။ ထိုသို့ အိမ်ခြံမြေဈေးကွက် မြင့် တက်လွန်းနေမှုက တိုက်ခန်းနှင့် အိမ်ပိုင်လိုသည့် အခြေခံလူတန်းစားတို့ကို မျှော်လင့်ချက်ကင်းမဲ့လာစေသည်။

အနည်းဆုံးတော့ တိုက်ခန်းတစ်ခန်း ငှားရမ်းနေထိုင်လိုသည့် မျှော်လင့်ချက်ကလေးများပင် လေထဲမှာ ပျောက်ကွယ်သွားရသူ များစွာရှိနေသည်။
ကုမ္ပဏီဝန်ထမ်းတစ်ဦးအတွက် တစ်လလျှင် လစာသုံးသိန်းကျပ်ရရှိပြီး နေထိုင်စားသောက်စရိတ်ဖယ်ကာ တစ်လတစ်သိန်းကျပ် စုဆောင်းမိသည်ဆိုလျှင်ပင် ကျပ်သိန်းနှစ်ရာဝန်းကျင်အထက် ရှိနေသည့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတစ်လုံး ပိုင်ဆိုင်နိုင်ရန်အတွက် လပေါင်း ၂၀၀ ကျော်၊ ၁၆ နှစ်ပြည့်အောင် စုဆောင်းသွားရပေလိမ့်မည်။

ထိုအတောအတွင်းမှာ မိမိဝင်ငွေက အထိုက်အလျောက်တိုးပွားလာနိုင်သော်လည်း မိမိစုဆောင်းငွေမပြည့်ခင် ကာလကြားမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာနေဦးမည့် အိမ်ခြံမြေတိုက်ခန်းဈေးကွက်ကြီးကြောင့် အငှားသံသရာမှာပင် ဆက်လက်လည်ပတ်နေရဖွယ်ရှိသည်။
ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်းမှာ အရှေ့တောင်အာရှတွင် ဈေးအမြင့်ဆုံးဖြစ်နေပြီး အမြဲပြောင်းလဲနေသည့် ဈေးနှုန်းများကို အစိုးရက ထိန်းချုပ်ရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုမှာ အမြင့်မားဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်အထိ ဈေးနှုန်းများ ပြန်လည်ကျဆင်းခြင်းမရှိဘဲ တရိပ်ရိပ်ထိုးတက်နေခဲ့သည်။ အိမ်ခြံမြေဈေးနှုန်းမြင့်မားမှုကြောင့် အိမ်ပိုင်ဝယ်ယူနိုင်ခြင်းမရှိဘဲ ငှားရမ်းမှုသာများလာပြီး အခန်းငှားခများမှာ ယခင်နှစ်များကထက် ၅၀ ရာခိုင်နှုန်းနီးပါး ပိုမိုဈေးမြင့်မားလာခဲ့သည်။
 
ကျောတစ်ခင်းစာ ပျောက်ဆုံးနေသည့် လူငယ်တို့အတွက် တစ်နိုင်တစ်ပိုင်ဖွင့်လှစ်ထားသော လမ်းကြိုလမ်းကြား၊ ရပ်ကွက်များအတွင်းပိုင်းက သုံးထပ်သားပါးပါးကာရံထားသည့် တစ်ယောက်စာ အခန်းကျဉ်းလေးများကပဲ အားထားစရာဖြစ်နေသည်။
‘‘နယ်ကတက်လာတဲ့လူတွေအတွက်က တည်းခိုခန်းခတွေ ဈေးကြီးတယ်။ ဆွေမျိုးအိမ်ရှိတဲ့ လူကျတော့လည်း နေရထိုင်ရတာ မလွတ်လပ်ဘူးလေ။ မိသားစုများတဲ့ အိမ်ဆိုရင် စိတ်ကျဉ်းကျပ်ရမှာပေါ့။ အဆောင်ခကတော့ တစ်နေ့မှ ခြောက်ရာကျပ်နှုန်းလောက်ပဲ ရှိတယ်’’ဟု အဆောင်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးထွန်းစိန်ကတွက်ပြသည်။

လတ်တလောမှာတော့ လူလွတ်တစ်ဦးဖြစ်သော ကိုအောင်မျိုးနိုင်က ကျောတစ်ခင်းစာအတွက် အဆောင်သံသရာထဲမှာ တစ်လတစ်ကြိမ်ကြိုပေးစနစ်ဖြင့် နစ်နေဆဲ။ မကြာမီမှာတော့ သူ လက်တွဲရမည့် ဘ၀ဖော်ချစ်သူနှင့်အတူ ခြောက်လတစ်ကြိမ်စာချုပ်ဖြင့် ငှားရမ်းရမည့် တိုက်ခန်းသံသရာထဲ ဆက်လက်နစ်မြုပ်ရဦးမည်ဖြစ်ရာ ကိုအောင်မျိုးနိုင်တစ်ယောက် သက်ပြင်းတစ်ချက်ကို ခပ်ဖင့်ဖင့်ချလိုက်ပါတော့သည်။

မှူုရင်း= http://www.7daydaily.com/story/18805#.U_dWJGPzuSp

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...