စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အနှိုင်းမဲ့မီး


 
 လောကမှာရှိရှိသမျှမီးအားလုံးထဲမှာရာဂမီး(သို့မဟုတ်) အချစ်မီးဟာအနှိုင်းမဲ့မီးဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ရာဂမီး၊အချစ်မီးထက်ပိုပြီး ကိုယ်စိတ်နှစ်ပါးကို ပူလောင်စေပါတယ်။
လောင်မြိုက်စေပါတယ်လို့ နှိုင်းယှဉ်စရာ၊အစားထိုးစရာ ထပ်တူပြုစရာ တခြားမီးမရှိတော့လို့ပါပဲ။
ရာဂမီး ၊အချစ်မီးနဲ့လဲလှယ်သင့်၊လဲလှယ်ထိုက်တဲ့ တခြားမီးလောကမှာမရှိတဲ့အတွက
ရာဂမီး၊အချစ်မီးဟာ “အနှိုင်းမဲ့မီး” ဖြစ်ရပါတယ်။

မီးဆိုတာ သူ့ကိုထိတွေ့လာတဲ့သက်ရှိ၊သက်မဲ့အရာမှန်သမျှကို ပူလောင်စေတတ်တဲ့သဘော ရှိပါတယ်။
မီးကိုကိုင်တွယ်တဲ့သူတိုင်း ပူလောင်တဲ့ဒုက္ခဝေဒနာကိုမလွဲမသွေခံစားကြရပါတယ်။
မီးနဲ့ထိတွေ့လို့အေးမြသွားတယ်၊ငြိမ်းချမ်းသွားတယ်ဆိုတာမရှိပါဘူး။

မိမိနဲ့ထိတွေ့ပက်သက်လာသူတိုင်းကိုပူလောင်စေတတ်တဲ့မီးအားလုံးထဲမှာ
ရာဂမီး၊အချစ်မီးဟာ “အဆိုးဝါးဆုံးမီး” ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ရာဂမီး၊အချစ်မီးဟာတစ်ခြားမီးတွေလို
ကိုယ်ကိုတိုက်ရိုက်လောင်တဲ့မီးမဟုတ်ဘဲ၊“စိတ်”ကိုတိုက်ရိုက်လောင်တဲ့မီးဖြစ်နေလို့ပါဘဲ။

သက်ရှိလောကအနေနဲ့ပြောရရင်တခြားမီးတွေဟာ ကိုယ်ကိုဘဲတိုက်ရိုက်လောင်ပါတယ်။
ကိုယ်ကိုအရင်လောင်ကျွမ်းပြီးမှစိတ်ကိုနာကျင်မှုတွေ၊မကျေနပ်မှုတွေပေးပြီးနှိပ်စက် လောင်ကျွမ်းပါတယ်။

ဒါတောင်မှ ကိုယ့်စိတ်ကိုနာကျင်မှုတွေ၊မကျေနပ်မှုတွေလုံးဝမဖြစ်တော့အောင်
ဆောက်တည်ထားတဲ့ပုဂ္ဂိုလ်တွေကိုတော့ကိုယ်ကိုတိုက်ရိုက်လောင်တဲ့အဲဒီပြင်ပမီးတွေကစိတ်ကို
လောင်မြိုက်အောင်ဘာမှမတတ်နိုင်ကြပါဘူး။

ရာဂမီး၊အချစ်မီးကတော့ ရာဂမကင်းသေးတဲ့သက်ရှိသတ္တ၀ါတိုင်းရဲ့စိတ်ကိုတိုက်ရိုက်လောင်ကျွမ်းပါတယ်။
စိတ်ကိုအရင်လောင်ကျွမ်းပြီးမှစိတ်ကြောင့်ဖြစ်တဲ့စိတ်နဲ့ဆက်စပ်နေတဲ့ ကိုယ်ကိုညှိုးနွမ်းမှုတွေ၊
ဖောက်ပြန်မှုတွေပေးပြီးနှိပ်စက်လောင်ကျွမ်းပါတယ်။

ကိုယ်ကိုလောင်တဲ့တခြားမီးတွေကလောင်ကျွမ်းရာ ကိုယ်တိုင်းကို
ပူလောင်စေနိုင်ပေမယ့် စိတ်တိုင်းကိုမပူလောင်စေနိုင်ပါဘူး။
ကိုယ်ပူတိုင်းစိတ်မပူပါဘူး။စိတ်ကိုလောင်တဲ့ရာဂမီး၊အချစ်မီးကတော့လောင်ကျွမ်းရာစိတ်တိုင်းကို ပူလောင်စေနိုင်သလိုအဲဒီစိတ်ပိုင်ရှင်ရဲ့ကိုယ်တိုင်းကိုလဲပူလောင်စေနိုင်ပါတယ် ။
စိတ်ပူတိုင်းကိုယ်ပူပါတယ်။

စိတ်ပူသလိုကိုယ်ပူတယ်ဆိုတာကသူ့အသားအရေကိုသွားစမ်းကြည့်ရင်ပူတာကိုသာ
ဆိုလိုတာမဟုတ်ပါဘူး။ရုပ်လက္ခဏာ ညှိုးနွမ်းနေတာ၊
တနည်းနည်းတစ်ဖုံဖုံအားဖြင့် ရုပ်ခန္ဓာဖောက်ပြန်နေတာကိုဆိုလိုတာပါ။
စိတ်ကိုလည်းအပူနဲ့နှိပ်စက်၊ကိုယ်ကိုလည်းအပူနဲ့နှိပ်စက်တဲ့ အတွက်ရာဂမီး၊အချစ်မီးဟာအနှိုင်းမဲ့မီးဖြစ်ရပါတယ်။

အပြင်မှာလောင်တဲ့မီး၊အပြင်မီးတွေကမီးခိုးတွေလည်းမြင်တွေ့ရ ၊
မီးတောက်တွေလည်း၊မြင်တွေ့ရ၊မီးခဲလည်းမြင်တွေ့ရတဲ့အတွက်ကြောင့်
ကိုယ့်ကိုမလောင်ကျွမ်းအောင်ရှောင်တိမ်းလို့ရပါတယ်။အတွင်းမှာလောင်တဲ့မီး၊အတွင်းမီးဖြစ်တဲ့
ရာဂမီး၊အချစ်မီးကတော့ မီးခိုးလည်းမမြင်တွေ့ရတဲ့အတွက်ကြောင့်
ကိုယ့်ကိုမလောင်ကျွမ်းအောင်ရှောင်တိမ်းလို့မရပါဘူး။

မြင်ကတည်းက ရင်ထဲမှာချစ်သွားတော့မယ်ဆိုတာသိလိုက်လို့မချစ်မိအောင်အမျိုးမျိုးရှောင်တိမ်းပေမယ့်
ဘယ်လိုမှရှောင်တိမ်းလို့မရဘဲမချစ်ချစ်ဖြစ်အောင် ချစ်မိသွားတာဟာ
“ရာဂမီး၊အချစ်မီးရဲ့ကိုယ်ပိုင်လျှို့ဝှက်စွမ်းအင်”ပါပဲ

မီးခိုး၊မီးတောက်၊မီးခဲတွေမမြင်ရပေမယ့်လုံးသားတွေတစ်စစီကြေမွပြီးပြာကျသွားလောက်အောင်
လောင်မြိုက်နိုင်စွမ်းရှိတဲ့ ရာဂဆိုတဲ့အတွင်းမီး၊အချစ်ဆိုတဲ့အတွင်းမီးဟာရှေုာင်တိမ်းဖို့
အင်မတန်ခက်ခဲလွန်းတဲ့အတွက်ကြောင့်လည်း“အနှိုင်းမဲ့မီး” ဖြစ်ပါတယ်။

အပြင်မီးတွေကမလောင်ကျွမ်းအောင်၊လောင်ကျွမ်းနေရင်လည်းမကူးစက်အောင်
လောင်စာတွေကိုဖယ်ရှားရှင်းလင်းပစ်ဖို့လွယ်ကူပါတယ်။ရာဂဆိုတဲ့အတွင်းမီး၊အချစ်ဆိုတဲ့အတွင်းမီးကတော့
မလောင်ကျွမ်းမကူးစက်အောင်လောင်စာတွေကိုဖယ်ရှားရှင်း လင်းပစ်ဖို့မလွယ်ကူပါဘူး။
ဘာလို့လဲဆိုတော့ ရာဂမီး၊အချစ်မီးရဲ့လောင်စာက“စိတ်”ဖြစ်နေလို့ပါဘဲ။

အသက်ထင်ရှားရှိနေသမျှစိတ်ကလည်းထင်ရှားရှိနေမှာမို့ အချိန်မရွေးလောင်စာရနေတဲ့၊
အမြဲတမ်းလောင်စာရနေတဲ့ရာဂမီး၊အချစ်မီးအနှိုင်းမဲ့မီးဖစ်ရပါတယ်။ဒီတစ်ဘ၀မှာသာလောင်စာအမြဲရနေတာမဟုတ်ပါဘူး။သံသရာခရီးမဆုံးမချင်းလောင်စာအမြဲရနေတာပါ။

●“ရာဂ”ဆိုတာစွဲတဲ့သဘောကိုခေါ်တာပါ။အ၀တ်ဖြူလေးတစ်ခုပေါ်မှာဆေးရောင်တစ်ခုဆိုးလိုက်မယ်
ဆိုရင်ဆိုးလိုက်တဲ့ဆေးရောင်လေးအဲ့ဒီအ၀တ်ဖြူပေါ်မှာစွဲကျန်ရစ်ခဲ့ပါတယ်။
အ၀ါရောင်ဆိုးရရင် အ၀ါရောင်စွဲကျန်ရစ်မယ်။အနီရောင်ဆိုးရင် အနီရောင်စွဲကျန်ရစ်မယ်။
အဲဒီလိုစွန်းထင်းပေကျံပြီး စွဲကျန်ရစ်တဲ့သဘောကိုရာဂလို့ခေါ်ပါတယ်။

●တစ်စုံတစ်ယောက် တစ်စုံတစ်ခု၊ဒါမှမဟုတ် တစ်စုံတစ်ယောက် တစ်စုံတစ်ခုထက်များတဲ့
သက်ရှိပုဂ္ဂိုလ် သက်မဲ့အရာဝတ္ထုတွေရဲ့အပေါ်မှာမိမိရဲ့စိတ်ကလေးစွန်းထင်းစွဲကပ်နေတဲ့သဘော
ကို “ရာဂ”လို့ခေါ်ပါတ ယ်။ဒါကိုဘဲလွယ်ကူအောင်စွဲလမ်းခြင်း၊တပ်မက်ခြင်း၊
ငြိကပ်ခြင်းလို့ သုံးနှုန်းကြပါတယ်။

●အလွယ်ကူဆုံးပြောရရင်အာရုံပေါ်မှာစိတ်စွဲနေခြင်းသဘော၊စိတ်ပေါ်မှာအာရုံစွဲနေခြင်းသဘောကို “ရာဂ” လို့ခေါ်ပါတယ်။ရာဂဆိုတာအ၀တ်ဖြူပေါ်ဆိုးတဲ့ဆေးရာင်နဲ့တူတယ်လို့သာ
မှတ်ထားလိုက်ပါရင် သဘောပေါက်ဖို့မခက်ပါဘူး။

“သံယောဇဉ်တို့၊အနှောင်အဖွဲ့”တို့ဆိုတာကိုလည်း ရာဂစာရင်းထဲမှာဘဲထည့်သွင်းရပါတယ်။
ဘာလို့လဲဆိုတော့ သံယောဇဉ်ကြီးရင်ကြီးသလောက်၊
အနှောင်အဖွဲ့တင်းရင်တင်းသလောက် ပူလောင်လို့ပါပဲ။

ရာဂဆိုတာဖိုမကိစ္စဆောင်ရွက်တဲ့အခိုက်မှာဖြစ်နေတဲ့သဘောတစ်မျိုးတည်းကိုသာဆိုလိုတာမဟုတ်ပါဘူး။
အာရုံရဲ့အရသာခံစားမှုကိုသာယာငြိကပ်တဲ့စိတ်နဲ့ချစ်ခင်နေတာမှန်သမျှ၊စွဲလမ်းနေတာမှန်သမျှ၊
သံယောဇဉ်မှန်သမျှ၊အနှောင်အဖွဲ့မှန်သမျှကိုရာဂလို့ဆိုလိုပါတယ်။

အတိုချုပ်ကတော့ ချစ်စရာလို့မိမိထင်မြင်ယူဆနေတဲ့သက်ရှိသက်မဲ့အရာမှန်သမျှကိုချစ်နေတဲ့သဘော
အားလုံးဟာ “ရာဂ” ပါဘဲ။သူ့အကျိုးလိုလားတဲ့ မေတ္တာစစ် နဲ့မဟုတ်ဘဲ
ကိုယ့်အကျိုးလိုလားတဲ့ တဏှာချစ်နဲ့ချစ်တာမှန်သမျှ ရာဂတွေချည်းပါဘဲ။
လောကမှာလက်ရှိအထင်အရှားသုံးနှုန်းနေတဲ့စကား(လောကဝေါဟာရစကား၊အထင်ရုဠီစကား)
နဲ့ပြောရရင်တော့ရာဂဆိုတာအချစ်ပါ၊ရာဂမီးဆိုတာအချစ်မီးပါ။

“အချစ်ဟာ…မီးလား” လို့ရပ်ကွက်ထဲမှာကလေးတွေအော်ဆိုနေတဲ့အသံကြားဖူးပါတယ်။
သံသယအတွေးနဲ့ဘာမှစဉ်းစားမနေပါနဲ့။အချစ်ဟာမီးပါ။မီးတောင်မှ ရိုးရိုးသာမာန်မီးမဟုတ်ပါဘူး။
တစ်လောကလုံးရှိရှိသမျှမီးအားလုံးထဲမှာအပူဆုံးမီး၊အနှိုင်းမဲ့မီးပါ။
အချစ်ထက်ပူတဲ့မီးလောကမှာမရှိတော့ပါဘူး။

တစ်စုံတစ်ယောက်၊သို့မဟုတ် တစ်စုံတစ်ခုအပေါ်မှာ စွဲစွဲလမ်းလမ်းချစ်နေပြီ၊
စွဲစွဲလမ်းလမ်းငြိကပ်တပ်မက်နေပြီဆိုရင်မရခင်မှာလည်းမျှော်လင့်တမ်းတခြင်းတွေနဲ့ပူလောင်ရပါတယ်။
ရနေဆဲအချိန်တွေမှာလည်းမျှော်လင့်တမ်းတခြင်းတွေနဲ့
ပူလောင်ရပါတယ်။ရပြီးလို့ပျောက်ကွယ်ပျက်စီးသွားတဲ့အခါမှာလည်း
ဆွေးမြေ့ကြေကွဲခြင်းတွေနဲ့ပူလောင်ရပါတယ်။အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်၊ကာလ သုံးပါးလုံးမှာ
လောင်တဲ့မီးဟာ ရာဂမီးပါပဲ။

အချစ်ဆိုတာရာဂ၊ရာဂဆိုတာကိလေသာ၊ကိလေသာဆိုတာအကုသိုလ်၊
အကုသိုလ်ဆိုတာဆိုးကျိုးကိုဖန်တီးပေးတဲ့အရာ၊ဒီတော့အချစ်ကြောင့်ကံကောင်းခြင်းလက်ဆောင်တွေ
ရလိမ့်မယ်လို့ ဘယ်လိုနည်းနဲ့မှမမျှော်လင့်ပါနဲ့။အချစ်ကြောင့်ပူလောင်ခြင်းလက်ဆောင်တွေသာ
တစ်ပွေ့တစ်ပိုက်ကြီးရနိုင်တယ်ဆိုတာ သစ္စာတရားတစ်ခုအဖြစ်အရိုးစွဲအောင်မှတ်သားထားကြပါတော့။

“ပီယတော ဇာယတီ သောကော၊ ပီယတော ဇာယ တီဘယံ”“အချစ်ကြောင့် ပူလောင်သောကဖြစ်၏။
အချစ်ကြောင့်ဘေးရန်ဒုက္ခဖြစ်၏” ဆိုတာမြတ်စွာဘုရားရဲ့ အမှန်ကန်ဆုံးအချစ်ဒဿနပါဘဲ။
မီးခိုးလည်းမမြင်ရ၊မီးတောက်လည်းမမြင်ရ၊မီးခဲလည်းမမြင်ရဘဲနဲ့ပြာကျလောက်အောင်လောင်တဲ့မီး
ဟာရာဂမီးပါ၊အချစ်မီးပါ။

အချစ်ဆိုတာအပူလောင်ဆုံးအနှိုင်းမဲ့မီးလို့ဘယ်လိုပဲပြောပြော ၊ပုထုဇဉ်နယ်ပယ်မှာတော့ အချစ်ဟာဟင်းတိုင်းမှာပါတဲ့ဆားလိုမရှိမဖြစ်ဖြစ်နေပါတယ်
ငရုပ်သီးထဲကပိုးဟာ အပူကိုလုံးဝမကြောက်တော့သလိုအပူကြိုက်လွန်းလို့ အပူပြီးနေတဲ့ပုထုဇဉ်အများစုဟာလည်းအချစ်ကိုပူလောင်တယ်လို့တောင်မထင်ကြတော့ပါဘူး။
ပိုးဖလံမျိုးမီးကိုတိုးနေတာပါလို့ ဆင်ခြေပေးနေပြန်တော့လည်းဘာများတတ်နိုင်ဦးမှာတဲ့လဲ။

“မရှိမဖြစ်ဆား” ဆိုပေမယ့် သွေးတိုးရောဂါရှိသူကတော့ဆားကိုမရှောင်မဖြစ်ရှောင်ဖို့လိုအပ်သလို
အဆင့်အတန်းမြင့်တဲ့ သမထ၊၀ိပဿနာ၊တရားချမ်းသာကိုခံစားချင်တဲ့သူဟာလည်းအချစ်ကို
ဝေးဝေးရှောင်ဖို့လိုအပ်ပါတယ်။တရားအလုပ်ခွင်မှာတော့အချစ်ကို
“ကာမစ္ဆန္ဒနီဝရဏ” လို့ခေါ်ပါတယ်။သူကတိုးပွားအောင်လုပ်ရမယ့်အရာမဟုတ်ပါဘူး။
ချုပ်ငြိမ်းအောင်ပယ်ရမယ့်အရာပါ။

■မဖြစ်ပေါ်သေးတဲ့အချစ်စိတ်တွေဖြစ်ပေါ်လာစေနိုင်တဲ့၊ဖြစ်ပေါ်ပြီးသားအချစ်စိတ်တွေတိုးပွားလာစေနိုင်တဲ့
အကြောင်းတရားနှစ်ပါးရှိပါတယ်။“သုဘနိမိတ် နဲ့ အယောနိသောမာသိကာရ”တို့ပါဘဲ။

●သုဘနိမိတ်ဆိုတာမြင်ကြားတွေ့သိရတဲ့အာရုံကိုတင့်တယ်တယ်၊ကောင်းတယ်၊ချစ်စရာလေးလို့
ထင်မြင်ယူဆ မှတ်သားမှုပါပဲ။ချစ်စရာလို့ထင်နေမှတော့“ချစ်စရာမို့ချစ်ပါတယ်”
ဆိုပြီးချစ်သွားတော့မှာပဲပေါ့။

●အယောနိသောမနသိကာရဆိုတာကတောမြင်ကြားတွေ့သိရတဲ့အာရုံကို မှားမှားယွင်းယွင်း
နှလုံးသွင်းမှုပါဘဲ။“ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊သူတစ်ပါး၊ယောက်ျား၊မိန်းမ”လို့
နှလုံးသွင်းတာ၊“မြဲတယ်၊ကောင်းတယ်၊ပိုင်တယ်”လို့နလုံးသွင်းတာဟာ မှားယွင်းတဲ့နှလုံးသွင်းမှုပါပဲ။

■အချစ်မီးတောက်လောင်ခြင်းရဲ့အကျိုးကိုသိပြီဆိုရင်အချစ်မီးငြိမ်းအေးခြင်းရဲ့အကြောင်းကလဲသိလောက်ပါပြီ။အသုဘနိမိတ် နဲ့ ယောနိသောမနသိကာရဟာ
မဖြစ်ပေါ်သေးတဲ့အချစ်မီးမဖြစ်ပေါ်ဖို့၊ဖြစ်ပေါ်ပြီးသား အချစ်မီးငြိမ်းအေးဖို့အတွက်
အကြောင်းတရားနှစ်ပါးပါပဲ။

မြင်ကြားတွေ့သိရတဲ့အာရုံရဲ့ မတင့်တယ်တဲ့သဘော(အသုဘသဘော)ကို ထွင်းဖောက်ဆင်ခြင်နိုင်မယ်
ဆိုရင်အချစ်မီးရဲ့လောင်မြိုက်မှု ကိုခံရမှာမဟုတ်တော့ပါဘူး။အသုဘဆိုတဲ့အပြစ်မြင်နိုင်ရင်အချစ်မ၀င်နိုင်တော့ပါဘူး။အပြစ်မမြင်လို့ အချစ်ဝင်တာပါ၊
အပြစ်မြင်ရင် အချစ်မ၀င်နိုင်တော့ပါဘူး။

မြင်ကြားတွေ့သိရတဲ့အာရုံရဲ့တစ်ကယ့်အရှိသဘောကိုမှန်မှန်ကန် ကန်နှလုံးသွင်းခြင်းဆိုတဲ့
ယောနိသောမနသိကာရ ဖြစ်ဖို့အတွက်ကတော့ သတိပဋ္ဌာန်တရားပွားများအားထုတ်ရမှာပါ။

အချစ်မီးဆိုတာ ထိုင်ချိန်မှာသာတောက်လောင်နေတာမဟုတ်တဲ့အတွက်အချစ်စိတ်ဖြစ်ပေါ်လာတဲ့
အချိန်တိုင်းဘယ်နေရာဘဲရောက်ရောက်၊ဘာပဲလုပ်နေလုပ်နေ တောက်လောင်တဲ့အချစ်မီးကို
သတိပဋ္ဌာန်ရေစင်နဲ့သွန်းဖျန်းငြှိမ်းသတ်ရပါမယ်။

သတိပဋ္ဌာန်ရေစင် သွန်းဖျန်းခံရတဲ့အာရုံစိတ်မှာရာဂမီး၊အချစ်မီးတောက်လောင်နိုင်စရာ
အကြောင်းမရှိတော့ပါဘူး။

ပူလောင်တဲ့မီးကိုကြားခံစက်ခလုတ်ရဲ့အကူအညီနဲ့အအေးဓာတ်ဖန်တီးပြီး ရေခဲသေတ္တာတို့၊
လေအေးပေးစက်တို့ပြုလုပ်ကြသလို၊ ပူလောင်တဲ့ရာဂမီးအချစ်မီးကိုလည်း
သမထ၊၀ိပဿနာဆိုတဲ့ကြားခံဘာဝနာခလုတ်အကူအညီနဲ့ဝိပဿနာဉာဏ်ဓာတ် ဖန်တီးပြီး
မဂ်ဖိုလ်တို့၊နိဗ္ဗာန် တို့ရယူနိုင်ပါတယ်။

ရာဂအချစ်အပူဓာတ်ကို ဓမ္မအနှစ် အအေးဓာတ်အဖြစ်အသွင်ပြောင်းထုတ်လုပ်နိုင်တာဟာ
“သတိပဋ္ဌာန် စက်ခလုတ်”ပါပဲ။

“သစ်ပင်မှာအမြစ်၊လူမှာအချစ်” လို့ပြောလေ့ရှိကြပါတယ်။သစ်ပင်တစ်ပင်ဟာအမြစ်ရှင်သန်ခိုင်မြဲနေသရွေ့
မြေကြီးထဲကရုန်းထွက်လို့မရသလိုလူဟာလည်း အချစ်ရှင်သန်ခိုင်မြဲနေသမျှ
မီးဟုန်းဟုန်းတောက်နေတဲ့ သံသရာထဲကဘယ်တော့မှရုန်းထွက်လွတ်မြောက်ခွင့်ရမှာမဟုတ်ပါဘူး။

တစ်လောကလုံးရဲ့အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့မြတ်စွာဘုရားရှင်ကရာဂမီး၊အချစ်မီးဟာအနှိုင်းမဲ့မီးဖြစ်တယ်လို့
“နတ္ထိရာဂသမော အဂ္ဂိ” ဆိုတဲ့စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်းလူသားတိုင်း
ရာဂမီး ၊အချစ်မီးဆိုတဲ့အနှိုင်းမဲ့မီးကိုအကြွင်းမဲ့ငြိမ်းအေးအောင်ငြှိမ်းသတ်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】-【“အနှိုင်းမဲ့ချမ်းသာ” နှာ ၂၄ -၃၉ မှ ကောက်နှုတ်ပူဇော်မျှဝေပါသည်။】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
 

မွေတော် ကက္ကူဘုရား မှ လက်မူပုံရိပ်များ

>>  Tuesday, July 9, 2013









ဓါတ်ပုံ-ကိုမောင်ငယ်
- See more at: http://myanmarpage.blogspot.ru/2013/07/blog-post_7389.html#more

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...