စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒေါသပယ်နည်း

 
 ဒေါသရှိတဲ့သူတွေ ဒေါသကို ဘယ်လိုပယ်???
တစ်ခါတစ်လေ ဒေါသ ဖြစ်မိတဲ့အခါ ရင်ထဲက"ဒုတ်. ဒုတ်" ဒုတ် ဒုတ်"နဲ့ အိပ်မပျော်တော့ပါဘူး။
ဒေါသဖြစ်တာထက် အိပ်မပျော်တာက ပိုတောင် စိတ်ဆင်းရဲရပါတယ်။ အဲဒီ အိပ်မပျော်တာ တစ်ချက်နဲ့ တင် ဒေါသ မဖြစ်ချင်တာပါ။ မဖြစ်ချင်ပေမယ့် ဖြစ်နရတုန်းပါ။ အနာဂါမ် မဖြစ် သရွေ့တော့ဒေါသ ဖြစ်နေရဦးမှာပါ။ ဒါကြောင့် ဒေါသကို ဘယ်လို ပယ်ရမလဲ ဆိုတာကို သိပ်သိချင်တာပါ။
တကယ်လို့ ဒေါသမဖြစ်ဘဲ မနေနိုင်လို့ ဖြစ်မယ်ဆိုရင်လည်း မနောကံ အ ဆင့် လောက်မှာပဲ ဖြစ်နေပြိး ၀စီကံ၊ ကာယကံကို ကောင်းကောင်း စောင့်ထိန်းထားလိုက်နိုင်ရင် အခုလို အဖြစ်ဆိုးကြီးနဲ့ ကြုံရမှာ မဟုတ်ပါဘူး။ အနာဂါမ် မဖြစ်သရွေတော့ ဒေါသကရှိနေဦိးမှာပါ။

ဒါပေမယ့် ဖြစ်ဦးတော့ ...........
မနောကံအဆင့်မှာပဲ ထိန်းထားလိုက်နိုင်အောင် ကြိုးစားရပါမယ်။ မနောကံအဆင့်မှာပဲ ဖြစ်နေတာဆိုတော့သူတစ်ပါး မသိပါဘူး။ ဒီတော့ကိုယ့်ကိုလည်း သူတစ်ပါးက အထင်မသေးတော့ပါဘူး။ တကယ်လို့ ပက်ကနဲ ပြန်ပြောမိလိုက်ရင် ကိုယ်ဒေါသထွက်တာ လူသိသွားပါပြီ၊ ဒါဆိုကိုယ့်ကိုလည်း အထင်သေးသွားပါပြီ။

ဦးဇင်လေးနှစ်ပါးရဲ့ ဖြစ်စဉ်ကို အားလုံးကြားဖူးတဲ့ဇာတ်လမ်းလေးတစ်ပုဒ် နဲ့နှိုင်းယှဉ် ကြည့်ရအောင်ပါ။ ***တစ်ခါတုန်းက ရဟန်းတစ်ပါးဟာ ကျောင်းဆောက်ဖို့ သစ်ပင်ခုတ်ပါတယ်။ အဲဒီသစ်ပင်မှာ သားငယ်တစ်ဦိးနဲ့နေနေတဲ့နတ်သမီးက သူနေနေတဲ့ ဗိမာန်ကို မဖျက်ဆီးဖို့ တောင်းပန်ပါတယ်။ ဒါပေမယ့် မရပါဘူး။ ရဟန်းက စိတ်လက်မာန်ပါနဲ့ ခုတ်ချလိုက်တာနတ်သမီးရဲ့  သားငယ်လေးလက်ကို ထိခိုက်သွားပါတယ်။ ဒီတော့နတ်သမီးက ဒေါသအကြီးအကျယ်ထွက်ပြီး ရဟန်းကို သတ်ပစ်မလို့ ကြံလိုက်ပါတယ်။

ဒါပေမယ့်.... ဖြစ်နေတဲ့ဒေါသကို ထိန်းသိမ်းပြီး မြတ်စွာဘုရားရှင်ကို အကျိုးအကြောင်း သွားလျှောက်ပြပါတယ်။ ဒီတော့ မြတ်စွာဘုရားက "ချစ်သမီး..ကိုယ့်ရဲ့ ဒေါသကို သိမ်းဆည်းနိုင်ခဲ့တာ သိပ်ကောင်းတာပဲ။ တကယ်လို့ ချစ်သမီးက အဲဒီရဟန်းရဲ့ အသက်ကို အန္တာရယ်ပြုလိုက်ရင် ချစ်သမီးအတွက် အကုသိုလ်တွေ တိုးပွားသွားလိမ့်မယ်"လို့ အားပေးနှစ်သိမ့်စကား ပြောလိုက်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင် ကျောင်းအနီးမှာရှိတဲ့ သစ်ပင်တစ်ပင်မှာနေဖို့ ပေးလိုက်ပါတယ်။

ရဟန်းငယ်လေးကော၊ နတ်သမီးလေးကော ဒေါသတော့ ဖြစ်လိုက်ကြတာပါပဲ။ ဒါပေမဲ့ ရဟန်းငယ်လေးက ကာယကံနဲ့ ၀စီကံကို မထိန်းလိုက်နိုင်ပါဘူး။ နတ်သမီးလေးကကာယကံနဲ့ဝစီကံကို ထိန်းလိုက်နိုင်ပါတယ်။ ဒေါသဖြစ်တာချင်းအတူတူ ကာယကံနဲ့ ၀စီကံကို ထိန်းနိုင်ခြင်းနဲ့ မထိန်းနိုင်ခြင်း ကွာသွားပါတယ်။ ဖြစ်စဉ်လေးက စက္ကန့်ပိုင်း ၊ မိနစ်ပိုင်း အတွင်းလေးပါ။ ကိုယ်က ဒီစက္ကန့်ပိုင်း၊ မိနစ်ပိုင်း အတွင်းလေးကို ကောင်းကောင်းထိန်းလိုက်နိုင်ဖို့ပါ။ မထိန်းလိုက်နိုင်ရင် ကြီးမားတဲ့ အပြစ်ဆိုးကျိုးကြီးကို ရလိုက်တော့တာပါ။

ဒီနေရာမှာ နည်းယူဖို့ကောင်းတာက နတ်မီးသလေးရဲ့ အပြုအမူပါ။ နတ်သမီးလေးက ဖြစ်လာတဲ့ဒေါသက ထိန်းပြီး အားကိုးလေးစားရာ မြတ်စွာဘုရားကို သွားလျှောက်တာပါ ။ သွားလျှောက်တာ အမှားမဖြစ်တော့ပါဘူး။ ကိုယ်က ဒါလေးကိုနည်းယူပြီး ဒေါသဖြစ်လာတဲ့အခါ ကိုယ်လေးစားရတဲ့ တရားအသိ အတော်အတန်ရှိတဲ့ ဆရာသမား၊ မိဘ မိတ်ကောင်းဆွေကောင်း တစ်ဦးဦးဆီ ပြောပြလိုက်ဖို့ပါ။ ဆရာမိတ်ဆွေတွေရဲ့ တရားစကားလေး တစ်ခွန်းလောက် ကြားလိုက်ရရင် ဖြစ်နေတဲ့ ဒေါသက ပြေသွားတာများပါတယ်။ ဒါလည်း နည်းယူရမယ့် ဒေါသဖြေနည်းတစ်ခုပါ။

ဒေါသဖြစ်လာတဲ့အခါ ကိုယ်တိုင်မဆုံးဖြတ်ဘဲ ကိုယ့်ထက်အသိဉာဏ် အတွေ့အကြုံရှိတဲ့သူကို တိုင်ပင်ပြီးမှ လုပ်တာကအကောင်းဆုံးပါ။ ဒေါသဖြစ်နေတုန်း ကိုယ့်သဘောနဲ့ ကိုယ်ဆုံးဖြတ်ရင် မှားတာများပါတယ်။ ဒီတော့ ဒေါသဖြစ်လာပြိဆိုရင် ကိုယ်လေးစားရသူ တစ်ဦးဦးကို ရင်ဖွင့်ပြောပြလိုက်ပါ။
ရင်ဖွင့်လိုက်ရင် စိတ်ကပေါ့သွားတာ များပါတယ်။ တစ်ခု သတိထားရမှာက ကိုယ်တိုင်ပင် နည်းခံတဲ့သူက တရားအသိ အားနည်းပြီး
"ကိုယ့်ကိုဒီလို စော်ကားတာငြိမ်ခံမနေနဲ့၊ ပြန်သာဆော်ပစ်လိုက်ပါလား? ငါဘာကူညီရမလဲ?ဆိုပြီး မြှောက်ပေးတဲ့သူ မဖြစ်ဖိုတော့
လိုပါတယ်။ အဲဒီလို တရားအသိအားနည်းတဲ့ လူမျိုးများ သွားတိုင်ပင်မိရင် ကိုယ်က မကျူးလွန်ချင်ဦးတော့သူကြောင့် ကျူးလွန်ချင် စိတ်တောင် ဖြစ်သွားဦးမှာပါ။
လူသုံးမျိုးတွေ့ရပါတယ်။

ဒေါသမဖြစ်အောင်နေတဲ့သူရယ် ....
ဒေါသဖြစ်ပေမယ့် ကိုယ့်ဖြစ်တဲ့ ဒေါသကိုသိပြီး ရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်တဲ့သူရယ်...
ဒေါသဖြစ်ပေမယ့် ကိုယ်ဒေါသ ဖြစ်နေမှန်းမသိဘဲ ဆက်ကာဆက်ကာ ဖြစ်နေတဲ့သူရယ်ပါ။
တစ်ချို့က ဒေါသမဖြစ်အောင်ကို နေတာပါ။ သူ့ကို ကြည့်လိုက်ရင် ပြုံးပြုံးနဲ့ပါ။ မျက်နာကလည်း ကြည်လင်နေတာပါ။ ဒေါသမဖြစ်တော့ စိတ်ကကြည်နေ၊ စိတ်ကြည်နေတော့ ရုပ်ကပါ လိုက်ကြည်လင်နေတာပါ။

တစ်ချို့ကျတော့ အလိုမရှိတဲ့ အာရုံတစ်ခုခုကိုတွေ့ပြီး ဒေါသတော့ ဖြစ်လိုက်တာပါပဲ။ ဒါပေမယ့် ကိုယ်ဒေါသဖြစ်နေမှန်းကို ချက်ချင်း သိလိုက်ပါတယ်။ သိတာနဲ့ ပယ်လို့ရတဲ့ နည်းတစ်ခုခုနဲ့ ပယ်ပယ်ပစ်တာပါ။ ဒေါသဖြစ်ပေမယ့် ဖြစ်တဲ့ဒေါသက အကြာကြီး တည်မနေတော့ပါဘူး။
တချို့ကျတော့ ကိုယ်ဒေါသဖြစ်ပေမယ့် ဖြစ်မှန်းကို မသိတော့တာပါ။ ဒါကြောင့် ဒေါသကို ဆက်ကာဆက်ကာ ဖြစ်နေတော့တာပါ။ မနေနိုင်တော့တဲ့အဆုံး မပြောသင့်တဲ့စကားတွေ ပြောချလိုက်မိရော။ မလုပ်သင့်တာတွေ လုပ်ချလိုက်မိရော၊ နောက်ဆုံးတော့ ကြီးမားတဲ့ လောကပြစ်၊ ဓမ္မပြစ်ကြီးတွေပါ ကျူးလွန်မိသူ ဖြစ်သွားတော့တာပါ။ ဒီအခြေနေမျိုး ရောက်သွားရင် သိပ်ကြောက်ဖို့ ကောင်းတာပါ။

ကိုယ်က ပါရမီအားနည်းသေးလို့ ပထမ အမျိုးအစားမှာ မပါသေးရင်တောင် ဒုတိယအမျိုးအစားတော့ ပါအောင်ကြိုးစားရမှာပါ။ ဒေါသဖြစ်လာပြီဆိုရင် ကိုယ်ဒေါသဖြစ်နေတာကို သိလိုက်ဖို့ပါ။ ကိုယ်ရှေ့မှာရှိတဲ့ ခွက်ကလေးကို ထိုင်ကြည့်နေသလို ဖြစ်နေတဲ့ ဒေါသလေးကို စိတ်ကလေးနဲ့ ထိုင်ကြည့်နေဖို့ပါ။ တတ်နိုင်သရွေ့ဒေါသရဲ့ သဘောလေးကို မိနိုင်သမျှမိအောင် ကြည့်နေလိုက်ဖို့ပါ။ ဒေါသလေးက ဘယ်လိုလေးလဲ။ ဘယ်လိုလေးဖြစ်နေတာလဲဆိုပြီး ဒေါသရဲ့သဘောလေးကို သိနေလိုက်ဖို့ပါပဲ။
ဒီတော့ ဒေါသဖြစ်ဖြစ်လာပြီဆိုရင် နှုတ်ကလည်း ပြောလိုက်ပါဦး။

"ကိုင်း… ဒေါသရေ ကြိုက်သလောက်ဖြစ်စမ်း၊ ငါကတော့မင်းကိုစိုက် ကြည့်နေမှာပဲ" လို့ ပြောပြီး ဒေါသကို သေချာသာ စိုက်ကြည့်နေလိုက်ပါ။ မျက်စိနဲ့ကြည့်ရမှာတော့ မဟုတ်ပါဘူး။ စိတ်နဲ့ကြည့်နေရမှာပါ။ ရှေ့မှာချထားတဲ့ ကော်ဖီခွက်ကလေးကို သေချာစိုက်ကြည့်နေရင် ခွက်ကလေးရဲ့သဘောလေးကို သိရသလို ဖြစ်နေတဲ့ဒေါသလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုသဘောလေး ဖြစ်နေတာလဲဆိုတာသိအောင် ကြည့်ရမှာပါ။
သိစ ကြည့်စမှာတော့ ဒေါသကလေးက ပျောက်ဦးမှာ မဟုတ်သေးပါဘူး။ သိပါ၊ သိပါ၊ ကြည့်ပါ ကြည့်ပါများလာရင် ဒေါသလေးက လျော့လျော့သွားတာ များပါတယ်။ လိုရင်းကတော့ ဒေါသဖြစ်လာရင် ဒေါသကိုပြန်ကြည့်နေလိုက်ဖို့ပါ။ အဲဒီလို ဒေါသဖြစ်တာလေးကို သိလိုက်တာဟာ အဆင့်မြင့် ၀ိပဿနာနဲ့ ပယ်လိုက်တာပါပဲ။

မဟာသတိပဋ္ဌာန်သုတ်မှာ ဒေါသဖြစ်ရင် ဖြစ်တယ်လို့ သိလိုက်ပါတဲ့၊ မြတ်စွာ ဘုရားက ရိုးရိုးလေးပဲ ပြထားတာပါ။ ကျင့်စမှာတော့ ခက်နေမှာပါ။ ကျင့်ပါများသွားရင် အလေ့အကျင့်ဖြစ်ပြီး လွယ်သွားလိမ့်မယ်။ မခက်လှတဲ့ကျင့်စဉ်လေးကို လက်တွေ့ကျင့်သုံး ကြည့်သင့်ပါတယ်။
ကျင့်နေတဲ့အချိန်မှာ တစ်ဖက်ကလည်း "ငါ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်နေတယ်" လို့ နှလုံးသွင်းနေလိုက်ပါ။ မြတ်စွာဘုရားကို အကျင့်နဲ့ပူဇော်နေတာဆိုတော့ မြတ်စွာဘုရားရဲ့ မျက်နှာတော်လေးကို မြင်ယောင်ပြီး မြတ်စွာဘုရားကို အားနာသွားပြီး ဒေါသကိုဆက်ပြီး မဖြစ်ရက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မြတ်စွာဘုရားကို အနှို်င်းမဲ့ ကြည်ညိုထားလို့ပါ။

   "ဒေါသ ဖြစ်လိုက်တာနဲ့ သိလိုက်ပြီး မြတ်စွာဘုရားကို အကျင့်နဲ့ပူဇော်လိုက်"၊ "ဒေါသဖြစ်လိုက်တာနဲ့ သိလိုက်ပြိး မြတ်စွာဘုရားကို အကျင့်နဲံပူဇော်လိုက်" နဲ့ ကြာလောတော့ ဒုတိယအမျိုးအစားထဲမှာ ပါသွားပါလိမ့်မယ်။
ဆက်လက်ပြီး ကျင့်သွားမယ်ဆိုရင်တော့ ပထမအမျိုးအစားထဲမှာတောင် ပါသွားတော့မှာပါ။ အဲဒီလိုမှ မပျောက်ရင် "ငါဒေါသဖြစ်နေတယ်၊ ငါဒေါသဖြစ်နေတယ်"လို့ ထပ်ကာထပ်ကာ ဆိုနေလိုက်ပါ။
တကယ်လို့ ဒေါသက အင်အားသိပ်ကောင်းနေရင်လည်း "ငါဒေါသဖြစ်နေတယ်၊ ငါဒေါသဖြစ်နေတယ်"လို့ အသံကို မြှင့်ပြီး ခပ်ကျယ်ကျယ်လေးသာ အော်ဆိုနေလိုက်ပါ။ ရွတ်ဆိုရင်းနဲ့ အသိဉာဏ်ဝင်လာတဲ့အခါဒေါသက လျော့သွားတာများပါတယ်။ အဓိကကတော့ ဒေါသကို ပယ်ချင်တဲ့စိတ် ရှိဖို့ပါပဲ။ ပုထုဇဉ်အလျှောက် ဒေါသကိုမပယ်နိုင်သေးလို့ ဒေါသဖြစ်နေရသေးပေမယ့် ကိုယ်ကဒေါသကို ပယ်ချင်စိတ်ရှိဖို့ပါပဲ။ ပယ်ချင်စိတ်ကို အခြေခံပြီးရွတ်နေရင် လျော့လျောသွားတာများပါတယ်။
နောက်တစ်ခု သတိထားရမှာက ဒေါသဖြစ်နေတဲ့အချိန်မှာ ကိုယ်ဒေါသဖြစ်ရသူနဲ့ ဘာစကားမှမပြောမိအောင်ရယ် ဘာမှမလုပ်မိအောင်ရယ် အထူးသတိ ထားရပါမယ်။ ဒေါသထွက်နေတုန်းပြောလိုက် ပြုလိုက်ရင် မှားသွားတာများလို့ပါ။

စာထဲမှာ ဘာဖြစ်လို့ ဒေါသဖြစ်ရသလဲလိုတော့ အနိဋ္ဌာရုံနဲ့ အယောနိသော မနသိကာရကြောင့်ပါတဲ့။ အနိဋ္ဌာရုံဆိုတာ ကိုယ်မနှစ်သက်တဲ့အာရုံ၊ ကိုယ်အလိုမရှိအပ်တဲ့အာရုံပါ။ ကိုယ်မနှစ်သက်တဲ့ အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့အထိ ကိုယ်မနှစ်သက်တဲ့ အစားအစာ၊ ကိုယ်မနှစ်သက်တဲ့ပစ္စည်း၊ ကိုယ်မနှစ်သက်တဲ့လူ စသည် စသည်တွေကြောင့် ဒေါသဖြစ်ရပါတယ်။
နောက်တစ်ခုက အယောနိသောမနသိကာရ နှစ်လုံးသွင်းမှားမူကြောင့်လည်း ဖြစ်ရပါတယ်။ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကြောင့်လည်း ဒေါသဖြစ်ရတာဆိုတော့ အနိဋ္ဌာရုံတွေကိုမမြင်အောင် မကြားအောင် ကြိုရှောင်ထားလိုက်ရင်လည်း ဒေါသကို ကြိုတားပြီးသား ဖြစ်နေပါတယ်။
စာမှာတော့ ဒေါသဖြစ်ရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ အနိဋ္ဌာရုံနဲ့ အယော နိသောမနသိ ကာရ ကြောင့်လို့ဆိုပေမယ့် အယောနိသောမနသိကာရ အဓိက ကျပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မနှစ်သက်တဲ့အနိဋ္ဌာရုံနဲ့ တွေ့ ဦးတော့ ယောနသောမနသိကာရနဲ့ နှစ်လုံးသွင်းလိုက်၇င် ဒေါသမဖြစ်တော့ပါဘူးတဲ့။

ဒေါသကို ပယ်ချင်တဲ့သူက ဒီစာမှတ်ချက်ကလေးကို သေချာအာရုံပြုထား ရမှာပါ။ ကြုံလာတဲ့ အာရုံတိုင်းကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းထားလိုက်၇င် ဒေါသဖြစ်နိုင်စရာ မရှိတော့ပါဘူး။ စာထဲမှာ ထပ်ပြထားတာကတော့ အနိဋ္ဌာရုံကို တားလို့မရပါဘူးတဲ့။ ဟုတ်လည်း ဟုတ်ပါတယ်။
ပတ်ဝန်းကျင်နဲ့ နေရတာဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကတော့ အရှေ့အနောက်တောင်မြောက်၊ ၀ဲယာကနေ ပေါ်ချင်သလို ပေါ်ပေါ်နေမှာပါ။ ဘယ်လိုမှ တားလို့ ရမှာ မဟုတ်ပါဘူး။ ယောနသောမနသိကာရ ကို လက်ကိုင်ထားနိုင်မှ ကိုယ်မဖြစ်ချင်တဲ့ ဒေါသက မဖြစ်မှာပါ။
ဒီတော့ကိုယ်မနှစ်သက်တဲ့အာရုံကို ယောနိသောမနသိကာရနဲ့ နှလုံးသွင်းတဲ့အလေ့လေးကို ထပ်ကာထပ်ကာ လေ့ကျင့် ထုံထားနိုင်ရပါမယ်။ လေ့ကျင့်စမှာတော့ ရချင်မှရမှာပါ။ လေ့ကျင့်ပါ များလာရင်တော့ အတိုင်းအတာတစ်ခု အထိတော့ ရင့်ကျက်သွားတော့မှာပါ။

ဒါကြောင့် ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံတွေ့လိုက်တာနဲ့ "ငါ ယောနိသောမန သိကာရနဲ့ နေမယ်" "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" လို့ ငါးခါခြောက် ခါလောက် ဆင်ခြင်ပစ်လိုက်ပါ။ ဆင်ခြင်မှုကို လျှော့မတွက်ပါနဲ့။ ဆင်ခြင်ပါ များရင် အဲဒီဆင်ခြင်မှုကပဲ ယောနိသော မနသိကာရဖြစ်ဖို့အတွက် ကူညီသွားပါလိမ့်မယ်။
ဇာတ်ဝတ္ထုတွေထဲမှာ ဆင်ခြင်ရင်းနဲ့ သံဝေဂဖြစ်၊ အဲဒီသံဝေဂကိုပဲ အခြေခံပြီး ၀ိပဿနာဆက်ကူးသွားတာ တရားထူးတရားမြတ် ရဖို့အထိတောင် အထောက်အပံ့ ဖြစ်တာပါ။ ဒီတော့ ရတာ မရတာထား၊ ဆင်ခြင်စရာရှိတာ တင်းတင်းသာ ဆင်ခြင်နေလိုက်ပါ။ ဆင်ခြင်မှုရဲ့အကျိုးကိုတော့ ခံစားရပါလိမ့်မယ်။ ဒေါသပယ်နည်းတွေကတော့ စာထဲမှာအများကြီးပါပဲ။ ဒီတော့ ဆင်ခြင်နှလုံးသွင်းပြီး ပယ်တာရယ်၊ ၀ိပဿနာနဲ့ ပယ်တာရယ်ပဲ ရေးပြလိုက်ပါတယ်။

ကဲ… စာဖတ်သူ၊ ဒေါသဖြစ်လာတဲ့အခါ
"ကဲ… ဒေါသ ၊ မင်းကြိုက် သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကိုသေချာ ထိုင်ကြည့်နေမှာပဲ"
ဆိုပြီး ဖြစ်လာတဲ့ ဒေါသကလေးကို စိုက်ကြည့်နေလိုက်ပါ။ ကြည့်ပါ ကြည့်ပါ များလာရင်တစ်နေ့သောအခါမှာ ဒေါသနည်းသူ တစ်ယောက် ဖြစ်သွားပါလိမ့်မယ်။
အရှင်သုမနသာရ(ဖြူး)
~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~
Credit- နှလုံးသား၏ ဓမ္မသံစဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...