စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကစားစရာ အိုးပုတ်၊ ချိုးရုပ်များ မြောက်ပြင်ရွာမှာ လုပ်သည်

Like This Page · 18 minutes ago



မည်သို့ပင် ခေတ်တွေ စနစ်တွေ ပြောင်း၍ ခေတ်မီ ဖွံ့ဖြိုး တိုးတက်လျက် ရှိစေကာမူ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာများ တိမ်ကော ပျောက်ကွယ် သွားခြင်း မရှိ ဆက်လက်တည်တံ့ ခိုင်မြဲ နေသည်မှာ ရွှံ့နှင့် လုပ်သည့် လက်မှုပညာ၊ မြန်မာ့ရိုးရာ မြေထည် လုပ်ငန်းဖြစ်သည်။ ကလေးများ ကစားစရာ ပလတ်စတစ် ပစ္စည်းများ၊ ဖိုက်ဘာ ပစ္စည်းများ၊ ကော်ပစ္စည်းများ၊ ရော်ဘာ ပစ္စည်းများ မည်သို့ပင် ခေတ်မီဆန်းပြား ထွန်းကားနေ စေကာမူ မြန်မာ့ရိုးရာ စစ်စစ် အိုးပုတ်၊ ချိုးရုပ် ကလေးများ ကစားစရာ အိုးခွက် ပဒေသာတို့သည် ကျယ်ပြန့်ဆဲ၊ နက်ရှိုင်းဆဲ၊ ထုတ်လုပ်ဆဲ၊ သုံးစွဲနေကြ ဆဲမို့ ဂုဏ်ယူ ဖွယ်ရာကောင်း လှပါသည်။

မကွေးတိုင်း ဒေသကြီး ရေစကြို မြို့နယ်တွင် မြန်မာ့ရိုးရာ မြေထည် လုပ်ငန်းများကို ရှေးယခင် ကတည်းက

ယနေ့တိုင် လုပ်ကိုင်၍ အသက်မွေးဝမ်း ကျောင်းမှုပြုနေသော ကျေးရွာများ အနက် ကလေး ကစားစရာ ပစ္စည်းများကို ထုတ်လုပ် နေသည်မှာ မြောက်ပြင်ရွာ တစ်ရွာတည်းသာ ရှိသည်။

မြောက်ပြင်ရွာ ကလေးသည် ပခုက္ကူ- မန္တလေး ကားလမ်းဘေးတွင် တည်ရှိပြီး ပခန်းကြီးမြို့ ဟောင်းနှင့် ကပ်လျက် အိမ် ခြေ ၇ဝ ခန့်ဖြင့် ဖွဲ့စည်းထားသော ရွာကလေး ဖြစ်သည်။

ထိုရွာကလေး၏ ထူးခြားချက်မှာ တစ်ရွာလုံးရှိ အိမ်တိုင်း အိမ်တိုင်း ကလေးကစားစရာ အိုးခွက် ပန်းကန်အစုံနှင့် အိုးပုတ်၊ ချိုးရုပ်တို့ အပြင် ဘုရားညောင်ရေအိုး အမျိုးမျိုး၊ စုဘူးအမျိုးမျိုး၊ ဟင်းချက်အိုး အမျိုးမျိုး၊ စလောင်းဖုံး အမျိုးမျိုး၊ ပရိတ်အိုး၊ နတ်အိုးတို့ကို ထုတ်လုပ်ကြခြင်း ပင်ဖြစ်ပါသည်။ ထိုသို့ ရွှံ့ဖြင့်ပြုလုပ်သော မြန်မာ့ရိုးရာ လက်မှုပညာနှင့် ပတ်သက်၍ လေ့လာ ခဲ့ရာတွင် အသက် ၆၂ နှစ်ရှိ ဒေါ်ဝက်မက ''ကျွန်မတို့ရဲ့ အဘိုးအဘွား မိဘများ လက်ထက် ကတည်းက လုပ်လာခဲ့ပြီး ရွှံ့နဲ့လုပ်တဲ့ လက်မှုပညာပါ။ ဘိုးဘွား မိဘများရဲ့ ယဉ်ကျေးမှု အမွေလို့လည်း ပြောလို့ ရတာပေါ့ရှင်။ အခု ကျွန်မနဲ့အတူ သားသမီး မြေးတွေပါ ဒီလုပ်ငန်းကိုပဲ ဆက်လက် လုပ်ကိုင် နေကြပါတယ်။ တစ်နေကုန် နားရတယ်လို့ မရှိပါဘူး။ အလုပ်ကတော့ အမြဲတမ်း ရှိနေပါတယ်။ ဆရာကြီးမြင်တဲ့ အတိုင်းပဲ  မြေစပ်ပြီး နင်းနယ် နေတဲ့သူ၊ ပုံလောင်းပြီး နေလှန်း နေတဲ့သူ၊  ပုံကြမ်းလောင်း တဲ့သူ၊ အိုးစိမ်း ကောက်တဲ့သူ၊ ဆောင်းတွေ ထဲထည့်ပြီး ရွာအပြင်က အိုးဖုတ်တွင်း ပို့တဲ့သူ၊ အိုးစီ နေတဲ့သူ အားလုံး တက်ညီ လက်ညီ လုပ်နေကြရပါတယ်'' ဟု ရှင်းပြသည်ကို ကြည့်ခြင်းအားဖြင့် မြောက်ပြင်ရွာက အိုးလုပ်ငန်းသည် လွန်ခဲ့သော နှစ် ၁ဝဝ ကျော်က မိရိုးဖ လာ မြန်မာ့ ရိုးရာလက်မှု ပညာလုပ်ငန်း ဖြစ်ကြောင်း ခန့်မှန်း သိရှိ နိုင်ပါသည်။
 
ဆက်လက်၍  ''သောက်ရေအိုး၊ ရေခပ်အိုး၊  ပန်းအိုးတို့ လိုအထည်ကြီး တွေကတော့ ရွှံ့စေးမြေကို ထောင်းထု ဆန်ခါချ လုပ်ရတာပေါ့။ အခုကျွန်မတို့ လုပ်တဲ့ပ စ္စည်းတွေကတော့ ထောင်းထု စရာမလိုဘူး။ မြေဝါ၊ မြေညို၊ သဲတို့ကို အချိုးကျ ရောစပ်ပြီး သမသွားအောင်နယ် ရတယ်။ ပြီးရင် အဝတ်ဖုံးပြီး ခေတ္တနှပ် ထားရတယ်၊  နှပ်သားရပြီ ဆိုတော့မှ စက်ပြင်ပေါ်မှာ ရွှံ့တုံးတင်ပြီး ကိုယ်လို ချင်တဲ့အိုးအရွယ် အစားပုံသဏ္ဌာန်ကို လိုက်ပြီးတော့ လက်နှစ်ဖက်နဲ့ ပုံဖော်ပြု လုပ်တာပါ''ဟု ပါးစပ်က ရှင်းပြနေသလို လက်ကလည်း ကလေး ကစားတဲ့အင် တုံသေးသေးလေး တွေရဲ့ နှုတ်ခမ်းကို လက်ညှိုးလက်မနဲ့ တွန်းလို့ တစ်မျိုးအစင်း ကလေးတွေ ဖြစ်အောင်လက်သည်းနှင့် ပုံဖော်၍တစ်နည်း၊ နှီးပြားကလေးနှင့်ခြစ် လို့တစ်ဖုံ အမျိုးမျိုး လုပ်ပြနေသည်မှာ ကြည့်၍ ကောင်း သလို လေးငါး မိနစ် အတွင်း ခွက်ဆယ့်လေး ငါးခွက်ပြီးနေ သည်ကို တွေ့မြင်ခဲ့ရပါသည်။

''အိုးလုပ်တဲ့ နေရာမှာ   အိုးဖုတ်တဲ့ အလုပ်က အဆင်းရဲ ဆုံးပါပဲ။ နေပူတဲ့ အချိန် နေ့ ၁ နာရီ၊ ၂ နာရီအချိန် မီးထိုး ပြီးဖုတ်မှ အိုးကောင်းရပါတယ်။ ကျွန်မ တို့ရွာက အိုးပုတ်၊ ချိုးရုပ် အိုးလုပ်ငန်းက တစ်နှစ်ပတ်လုံး လုပ်လို့ရတယ်။ အိုးဖုတ် တဲ့ကွင်းမှာ ကိုယ်ပိုင်နား နေတဲတွေထိုး ထားတယ်။ တစ်ရွာလုံးက ထုတ်လုပ်တဲ့အိုး ပုတ်၊ ချိုးရုပ်၊ ကလေးကစားစရာ ပစ္စည်း အစုံအလင်ကို မြင်းခြံ၊ မြစ်ခြေ၊ ပခုက္ကူ၊ ပုဂံ-ညောင်ဦး၊ မကွေး၊ မင်းဘူး၊ သထုံ၊ စလင်း၊ မုံရွာ၊ ဆားလင်းကြီး၊ မြိုင်၊ ပေါက်၊ ရေစကြိုစတဲ့မြို့တွေက ဘုရားပွဲ ဈေးတွေမှာလည်း လိုက်ရောင်းပါတယ်။ ရွာကိုလာပြီး ဝယ်တဲ့ဖောက် သည်တွေ လည်းအမြဲရှိတယ်။ ဒါကြောင့် ကျွန်မတို့ အလုပ်က တစ်နှစ်ပတ်လုံးလုပ်လို့ရပါ တယ်။ မြေကတော့ကြိုတင်စုဆောင်း ထားရတာပေါ့။ ဒီအလုပ်က တော အနေ၊ တောအဝတ်၊ တော အစားနဲ့ဆို ရင် စားဝတ်နေရေးအဆင်ပြေပါတယ်။ အရင်တုန်းက နေ့ရောညပါအလုပ်လုပ် ကြတာပါ၊ ခုတော့ရွာက လျှပ်စစ်မီးလည်း ရတော့ တီဗွီကြည့် အောက်စက်နဲ့ အခွေ ထိုးကြည့်နဲ့ ညဘက်အလုပ် နားကြတယ်။  တီဗွီကြည့်တော့ ဗဟုသုတ ရတာပေါ့။ ခေတ်နောက် မကျတော့ဘူး။ ကလေး တွေလည်း   ညဘက် စာကြည့် ရတာ အဆင်ပြေသွား တာပေါ့ရှင်။ ကျွန်မတို့ ကတော့ အခုလို ကလေးကစားစရာ အိုးပုတ်၊ ချိုးရုပ်တွေ လုပ်ရတာ ပျော်ပါတယ်။ စိတ်လည်း ချမ်းသာတယ်။ ဘိုး ဘွားမိဘ အမွေလည်းဖြစ်၊ ရိုးရာလက်မှု ပညာလည်းဖြစ်  အိုးမကွာ အိမ်မကွာ မိသားစု ငြိမ်းငြိမ်းနေ ရလို့ပါပဲ''ဟု ရှင်း လင်းပြောပြသည်ကို လေ့လာ မှတ်သား ခဲ့ရပါသည်။

ဤသို့အားဖြင့် ခေတ်စနစ်တွေ မည်သို့ ပင်ပြောင်းလဲတိုးတက် နေစေကာမူ မြန်မာပြည်တွင် စတင်ကာထား ရွှံ့လက်မှု ပညာများသည် ဘိုးဘွား ဘီဘင်အစဉ်အဆက် လက်ဆင့်ကမ်းခဲ့သော မြန် မာ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်မို့ မြေဖြင့် ပြုလုပ်သော အိုးပုတ်၊ ချိုးရုပ်မှအစ အသုံးအဆောင် ပစ္စည်းများနှင့် မကင်းနိုင်သော တိုင်းရင်းသား အားလုံးတို့က ဆက်လက် ထိန်းသိမ်းကြ လျက် မြတ်နိုးလေးစား တန်ဖိုးထားကြရ မည်သာဖြစ် ပါကြောင်း  မြောက်ပြင်ရွာ ကလေးကို မှတ်တမ်းပြု၍ ရေးသား အပ်ပါသည်။    ။


မူရင်း>> http://bit.ly/Z6CLm0

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...