စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူငယ်များယဉ်ကျေးမှုအခြေခံ မြဲစေဖို့



ရေးသားသူ- သတင်းအဖွဲ့

ကွန်ပျူတာများ အစီအရီ ထည့်ထားသော ရန်ကုန်မြို့လယ် ရပ်ကွက်တစ်ခုရှိ ၁၅ ပေ၊ ပေ ၂၀ အခန်းထဲတွင် အယုတ္တ အနတ္တ ဆဲဆိုသံများဖြင့် ဖုံးလွှမ်းနေသည်။ အုပ်စုဖွဲ့ကစားရသော ကွန်ပျူတာဂိမ်းတွင် တစ်ဖက်နှင့်တစ်ဖက် အပြိုင်အဆိုင် ဆဲဆိုနေကြသူများမှာ အဖြူ၊ အစိမ်း ၀တ်ဆင်ထားသော ဆယ်ကျော်သက်အရွယ် ကျောင်းသားများဖြစ်နေသည်။

ကွန်ပျူတာနှင့် တီဗီဂိမ်းဆိုင်များရှိ နံရံများတွင် ဆဲဆိုအော်ဟစ်၍ ကစားခြင်းမပြုရန်၊ တိတ်ဆိတ်ငြိမ်သက်စွာ ကစားရန် သတိပေးစာများ ကပ်ထားခြင်းဖြင့် လူငယ်၊ လူရွယ်များ၏ အမူအကျင့်ကို ဂိမ်းဆိုင်များက ပြန်လည်ထိန်းကွပ်နေရသည်။

ယနေ့လူငယ်များ လိမ္မာယဉ်ကျေးမှု ရှိနေစေရန်နှင့် ရိုးရာယဉ်ကျေးမှု အစဉ်အလာများ ထိန်းသိမ်းနိုင်ရေးသည် ၎င်းတို့နေထိုင် ရာ ပတ်ဝန်းကျင်၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍက အရေးကြီးလာကြောင်း မီးမောင်းထိုးပြနေသည်။

ခေတ်နှင့်အတူ ပြောင်းလဲလာသော လူနေမှုဘ၀များကြောင့် ကလေးလူငယ်များသည် မြေပြင်ကစားကွင်းများမှ ကွန်ပျူတာ၊ တီဗီဂိမ်းဆိုင်များသို့ ရောက်ရှိနေကြသည်။ ဆယ်ကျော်သက်အရွယ် လူငယ်များ အုပ်စုဖွဲ့ဂိမ်းကစားရာတွင် အော်ဟစ်ဆဲဆို သံများ ဆူညံနေခြင်းက အလေ့အထတစ်ခုဖြစ်လာပြီး ငယ်ရွယ်သူများအနေဖြင့် ရိုင်းစိုင်းကြမ်းတမ်းသော သွင်ပြင်လက္ခဏာများ ပြသလာခြင်း ဖြစ်သည်။

ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဖြစ်လာမည့် သူများအတွက် လိမ္မာယဉ်ကျေးမှုရှိနေစေရန်နှင့် ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းနိုင်စေရန် ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်၊ မိဘအုပ်ထိန်းသူများနှင့် စာသင်ခန်းများ၏ အခန်းကဏ္ဍက အရေးကြီးပါသည်။

“အရင်ကထက် ကမ္ဘာမှာ မီဒီယာတွေ အရမ်းဖွံ့ဖြိုးလာတယ်။ မီဒီယာတွေ ဖွံ့ဖြိုးလာတဲ့ထဲမှာ ရုပ်ရှင်၊ ဗီဒီယိုတွေ၊ ဂိမ်းတွေမှာလည်း အကြမ်းဖက်တာ၊ ဒေါသဖြစ်တာတွေပါလာတယ်။ နိုင်ငံတကာနဲ့ နီးစပ်လာတော့ သူများဆီက
ဝတ်ပုံ၊ စားပုံ၊ ပြောဆိုပုံတွေကို အတုခိုးလာကြတယ်။ မိဘတွေကလည်း စီးပွားရေးပဲလုံးပန်းနေတော့ သားသမီးအပေါ်မှာ အချိန်ပေးနိုင်မှု ရှားပါးလာတယ်” ဟု မော်လမြိုင်တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော် စိန်ကပြောသည်။

မြို့ပြယဉ်ကျေးမှု အပြောင်းအလဲနှင့် အခြေခံပညာသင်ကျောင်းများ၏ စာသင်ခန်းယဉ်ကျေးမှု အပြောင်းအလဲက ကလေးလူငယ်များ၏ အတွေးအခေါ်၊ ခံယူချက်၊ သဘောထားအမြင်နှင့် ယဉ်ကျေးမှုများအပေါ် သက်ရောက်မှုရှိနေပြီဖြစ်သည်။

“အရင်ခေတ်က အဘိုး၊ အဘွား၊ ဦးလေး၊ အဒေါ်တွေနဲ့ မိသားစုအကြီးကြီး ပေါင်းနေတာများတယ်။ အဲ့ဒီတော့ ကလေးတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ ဒီလို လူကြီးသူမတွေရဲ့ ဆိုဆုံးမမှုတွေ ရခဲ့တယ်။ အခုမြို့ပြယဉ်ကျေးမှု ပုံစံက ကလေးနဲ့ မိဘနဲ့နေတာ များသွားတယ်။ အခြေခံယဉ်ကျေးမှုလေးတွေကို အခြေခံမှာကတည်းက သင်ခဲ့ရမှာပါ။ မူလတန်း၊ အလယ်တန်း အဆင့်လောက်မှာ ဖိဖိစီးစီးမသင်တော့ ဒါတွေက အထက်တန်းတို့ တက္ကသိုလ်ထိ ပါလာတာပေါ့” ဟု ဒေါက်တာအောင်မြတ်ကျော်စိန်ကဆိုသည်။

ဆရာ၊ ဆရာမများနှင့် သင်ရိုးစာအုပ်များမှတစ်ဆင့် ကျောင်းသားလူငယ်များ အတွေးအခေါ်၊ ရင့်ကျက်မှု၊ အကောင်းအဆိုး၊ အကြောင်းအကျိုး ဝေဖန်သုံးသပ်ဆင်ခြင်မှု၊ စိတ်ကူးဉာဏ်ကွန့်မြုးမှု စသည့် အသိပညာများ ဖြစ်ပေါ်လာစေရန် စာသင်ခန်းများ၏ အခန်းကဏ္ဍက အသက်တမျှ အရေးကြီးနေသည်။

“ပြည်သူ့နီတိက မသင်တော့ဘူး။ အဲ့ဒါ လိုအပ်တယ်။ ကလေးတွေက ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို ခံရတာထက် လူတွေရဲ့ ဓလေ့စရိုက်ကို မူလတန်းမှာ သင်ကြားပေးနိုင်ဖို့ အရေးကြီးတယ်။ ဒါကြောင့် မူလတန်းကတည်းက လိမ္မာယဉ်ကျေးမှုရှိအောင် သင်ပေးထားသင့်တယ်။ ကလေးတွေ ယဉ်ကျေးမှု နည်းလာတာက ဆရာ၊ ဆရာမတွေကြောင့် မဟုတ်ပေမယ့် ပညာရေးစနစ်ကြောင့်လို့တော့ ထင်တယ်။ စာမေးပွဲအောင်ရင်ပြီးပြီဆိုတဲ့ စိတ်ဓာတ်တွေ ၀င်နေကြတယ်” ဟု မူလတန်း ကျောင်းသားတစ်ဦး၏ဖခင်က ပြောသည်။

အခြေခံပညာကျောင်းများတွင် ကျောင်းသားလူငယ်များအား ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ သင်ကြားနေသလို လိမ္မာယဉ်ကျေးမှုအတွက် ပြည်သူ့နီတိ ဘာသာရပ်ကို တိုးမြှင့်သင်ကြားပေးရန် ကျောင်းသားမိဘများက ဆန္ဒရှိနေသည်။

“စာသင်ချိန်နဲ့ဆို သင်ရိုးညွှန်းတမ်းတွေက မမျှဘူးဖြစ်နေတယ်။ ကျောင်းသားတွေ စဉ်းစားတွေးခေါ်ဖို့အတွက် အချိန်ပေးဖို့ ရှေးမရှုနိုင်ဘူးဖြစ်နေတယ်။ သင်ရိုးပြီးပြတ်ဖို့ကိုပဲ ဦးစားပေးနေရတယ်။ ကလေးတွေ စဉ်းစားတွေးခေါ်တတ်မယ်၊ ပြဿနာကို ဖြေရှင်းတတ်မယ်၊ ကလေးတွေအချင်းချင်း ပူးပေါင်းတိုင်ပင်ပြီး လုပ်တတ်မယ်၊ ယုံကြည်မှုတွေ ရှိလာမယ့် သင်ကြားမှုနဲ့ သင်ရိုးပြီးသွားရင် အရမ်းကောင်းတယ်။ အဲ့လိုမဟုတ်ရင် သင်သာသင်နေတယ်။ ကျောင်းသားတွေအတွက် ထိရောက်မှာမဟုတ်ဘူး” ဟု အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးအဖြစ် အငြိမ်းစားယူထားသူက ပြောသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်နေတာက သင်ရိုးတွေ အများကြီး ဖြစ်နေတယ်။ အဲ့ဒါကို လပိုင်းမာတိကာနဲ့ ပြီးအောင် သင်နေရတယ်။ ဆရာတွေအနေနဲ့လည်း သူတို့ကို လာရောက်ကြီးကြပ်တဲ့ အဖွဲ့တွေကို သင်ရိုးတွေပြီးကြောင်း အာမခံဖို့လိုတယ်။ အဲ့ဒီတော့ ဆရာတွေက ကျောင်းသားတွေ စဉ်းစားတွေးခေါ်ဖို့အတွက် အချိန်ပေးဖို့ ရှေးမရှုနိုင်ဘူး ဖြစ်နေတယ်။ သင်ရိုးပြီးပြတ်ဖို့ကိုပဲ ဦးစားပေးနေရတယ်။ ကလေးတွေ စဉ်းစားတွေးခေါ်တတ်မယ်၊ ပြဿနာကို ဖြေရှင်းတတ်မယ်၊ ကလေးတွေ အချင်းချင်း ပူးပေါင်းတိုင်ပင်ပြီး လုပ်တတ်မယ်၊ ယုံကြည်မှုတွေရှိလာမယ်၊ အဲ့ဒီလိုနဲ့ သင်ရိုးပြီးသွားရင် အရမ်းကောင်းတယ်။ အဲ့လိုမဟုတ်ရင် သင်တာသင်နေတယ်၊ ကျောင်းသားတွေအတွက် ထိရောက်မှာ မဟုတ်ဘူး” ဟု အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးအဖြစ် အငြိမ်းစားယူထားသူက ပြောသည်။

လက်ရှိ ဖြစ်တည်နေမှုတစ်ခုမှာ ကျေးလက်နှင့် မြို့ပြဒေသ အချို့ရှိ ဆရာ၊ ဆရာမများထက် ကျောင်းသားလူငယ်များက မီဒီယာများ၊ ကွန်ပျူတာ၊ အိုင်တီပစ္စည်းများနှင့် ပိုမိုထိတွေ့ခွင့် ရရှိနေကြခြင်း ဖြစ်သည်။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော ဆရာ၊ ဆရာမများသည် ခေတ်စနစ်နှင့် အလှမ်းကွာမှုကြီးမားနေသလို အခြားဆရာ၊ ဆရာမများသည်လည်း ကျောင်းလုပ်ငန်းတာဝန်များ၊ သင်ရိုးသင်ခန်းစာများနှင့် အချိန်ကုန်ဆုံးနေကြရသည်။

ထို့ပြင် ရုပ်သံလိုင်းများ၏ နိုင်ငံခြားဇာတ်လမ်းတွဲများက ကျောင်းသား၊ ကျောင်းသူများကို သိသိသာသာ လွှမ်းမိုးမှု ရှိနေပြီး ဆရာ၊ ဆရာမများ၏ ပြောဆို ဆုံးမသွန်သင်များကို နာခံလိုမှု လျော့ကျလာကြောင်း ဆရာ၊ ဆရာမအချို့က ဆိုသည်။

“ခုခေတ်က တီဗီတွေ၊ အင်တာနက်တွေလည်း ကြည့်ကြတော့ မြင်လွယ်၊ တတ်လွယ်လာကြတယ်။ ဆရာ၊ ဆရာမတွေရဲ့ ပြောဆိုဆုံးမမှုထက် လွတ်လွတ်လပ်လပ် တွေးခေါ်နေကြတယ်။ ဆရာမတို့ကတော့ ပြည်သူ့နီတိပိုင်းကို သင်ဖို့လည်း အချိန်မရပါဘူး။ စာမေးပွဲတွေကလည်း အမြဲစစ်နေရတော့ လိမ္မာရေးခြားရှိအောင် သင်ဖို့ အာရုံမစိုက်နိုင်ကြဘူး။ ခုဆို ကလေးတွေကြားထဲမှာ ကိုရီးယားယဉ်ကျေးမှုတွေ ပိုပြီး လွှမ်းမိုးလာတာ တွေ့ရတယ်” ဟု ဇီးကုန်းမြို့နယ်မှ အလယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရှိ အခြေခံပညာ သင်ရိုးညွှန်းတမ်းများသည် ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုတွင် အားနည်းမှုရှိနေပြီး စာသင်ခန်းတွင်း ကလေးငယ်များ၏ အသိပညာစွမ်းရည်နှင့် သဘောထားအမြင်များ ဖွံ့ဖြိုးလာအောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် လိုအပ်နေကြောင်း ပညာရှင်များက ထောက်ပြနေကြသည်။

“ပညာရေးစနစ် ဖြစ်တည်မှုအရ ကျောင်းသား၊ ကျောင်းသူများသည် အသိဉာဏ်ပညာ ဖွံ့ ဖြိုးရန်နှင့် လိမ္မာယဉ်ကျေးမှု ရှိလာစေရန် ပညာသင်ကြားခြင်းထက် အလွတ်ကျက်မှတ်၍ စာမေးပွဲရလဒ်ကောင်းမွန်ရန် ဦးစားပေးလာကြသည်။ ထို့ကြောင့် လူငယ်လူရွယ်များသည် စာသင်ကျောင်းနှင့် ကျူရှင်များတွင် အချိန်များကို အသုံးပြုနေရပြီး ပြင်ပ စာပေဖတ်ရှုမှုနှင့် ဗဟုသုတ ရှာဖွေမှုအတွက် အချိန်အသုံးပြုမှု သိသိသာသာ လျော့ကျနေခဲ့ပြီ ဖြစ်သည်။

“ကျောင်းသားတွေ အားလုံးရိုင်းတယ်လို့တော့ ပြောလို့မရပါဘူး။ တကယ်လို့ ရိုင်းနေရင်လည်း သူတို့ နေထိုင်ကြီးပြင်းတဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်ပါတယ်။ ကျောင်းသင်ရိုးညွှန်းတမ်းထဲမှာ ယဉ်ကျေးလိမ္မာဖို့တော့ အဓိကမပါပါဘူး။ ဒါပေမဲ့ ဆရာတွေက လိုအပ်တာရှိရင် ဆုံးမကြပါတယ်” ဟု လှိုင်သာယာမြို့နယ်မှ အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

ကလေးလူငယ်များ လိမ္မာယဉ်ကျေးမှုနှင့် အသိဉာဏ်ရင့်သန်လာစေရန် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရေးနှင့် စာသင်ခန်းများတွင် သင်ကြားသင်ယူမှု နည်းစနစ်နှင့် သင်ရိုးညွှန်းတမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအတွက် အစီအစဉ်များ လိုအပ်နေပြီ ဖြစ်သည်။

တစ်ချိန်တွင် လူအဖွဲ့အစည်းနှင့် လုပ်ငန်းခွင်ဘ၀သို့ ၀င်ရောက်ကြမည့် လူငယ်များအတွက် အပြန်အလှန်နားလည်မှု၊ မျှဝေသုံးစွဲမှုဆိုင်ရာ စံနှုန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေး ဆောင်ရွက်သွားရန် ပညာရှင်တစ်ဦးက ထောက်ပြအကြံပြုသည်။

“ဆရာတွေနဲ့ မိဘအုပ်ထိန်းသူတွေက ဘယ်လိုအရေးကြီးလည်းဆိုတော့ မျှဝေရမယ်ဆိုတဲ့ စံနှုန်းလေးတစ်ခု ကလေးတွေမှာ ဖွံ့ဖြိုးဖို့ တိုက်တွန်းမှုတွေ လိုအပ်တယ်။ ဒီအခြေခံရသွားရင် ကလေးတွေမှာ သူတို့သက်တူရွယ်တူတွေ အချင်းချင်း ဆက်သွယ်ဖို့၊ အတုံ့အလှည့်၊ ညှိနှိုင်းရင်း မျှတမှုစံကို တဖြည်းဖြည်း တည်ဆောက်သွားဖို့ပဲ။ ဒါတွေ အကြိမ်ကြိမ်လုပ်မှ သူတို့ အသက်တွေ ကြီးလာတာနဲ့အတူ မျှဝေမှုကို သိနားလည်လာမှာပါ” ဟု ရန်ကုန်တက္ကသိုလ်၊ စိတ်ပညာဌာနမှ ပါမောက္ခဒေါက်တာ နီလာဖြုက ဆိုသည်။

ဓာတ်ပုံ- ထက်ပိုင်ဖြိုး (ဇ၀န)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...